Jul 26, 2007

မိုးပုံပြင် (၂)


မိုးရေတွေ စိုပြီးပြန်လာတဲ့ ကျွန်တော့်ကို ဒေါ်လေးက ဆီးကြိုပြီးမေးပါတယ်။ ပထမဦးဆုံးနေ့မှာဘဲ ဒေါ်လေးကို စပြီးမုသားသုံးမိ တယ်။ ဆရာမ ကိုငှားလိုက်လို့ လို့ …



ကျွန်တော့်ဒေါ်ကြီးဆိုတာက အဖေ့ရဲ့ အစ်မပါ။ အရင်ကတော့ အထက်တန်းပြဆရာမ တစ်ဦး ပါ။ ဆရာမ ဒေါ်ခင်စန်းဝင်းဆိုရင် ကျောင်းသားဟောင်းတွေ တော်တော်များများ သိကြပါတယ်။ အခုတော့ ဆေးပင်စင်ယူလိုက်ပြီး အိမ်မှာပဲ တရားစာအုပ်လေးဖတ်၊ ပုတီးလေးစိတ်နဲ့ပေါ့။ သားသမီးလည်း မရှိတော့ တူ၊ တူမတွေဖြစ်တဲ့ ကျွန်တော်တို့တစ်တွေကို အရမ်းချစ်ပါတယ်။ ကျွန်တော် န၀မတန်းလည်း အောင်ရော ဒီနှစ် ၁၀တန်း ငါ့တူလေးကို တာဝန်ယူပြီးမြို့မှာ ကျောင်းထားပေးမယ်လို့ ခွင့်တောင်းတော့ သားသမီး မရှိတဲ့ဒေါ်ကြီးကို စာနာပြီး ခွင့်ပြုလိုက်ပါတယ်။ ကျောင်းတက်ပြန်တော့လည်း ကျွန်တော့်ကို သူများတွေ လို ကျူရှင်တွေ၊ ၀ိုင်းတွေ မတက်ရဘူး။ ဒီစာတွေလောက်တော့ ငါ ကိုယ်တိုင်သင်နိုင်တယ် ဆိုပြီး အိမ်မှာပဲ စာပြပေးပါတယ်။
ဒီနေ့လည်း ဒေါ်ကြီး ဘာတွေသင်လို့ သင်သွားမှန်း မသိပါဘူး။ ကျွန်တော့် အတွေးထဲမှာတော့ ညနေက သူ ကျွန်တော့်ဆီက ထီးလေးယူပြီး လှည့်ထွက်သွားတဲ့ မျက်နှာလေးရယ်၊ ကျေးဇူးပဲ ဆိုတဲ့စကားသံချိုချိုလေးတွေကိုပဲ မြင်ယောင်ကြားယောင်နေ မိတယ်။ သူ့နာမည် ဘယ်သူလဲ၊ ဘယ်အတန်းကလည်း ဆိုတာတွေကို အရမ်းသိချင်လာပါတယ်။ တကယ့်ကို စွဲထင်ကျန်ရစ်နေခဲ့တဲ့ အသံလေးနဲ့ မျက်နှာလေးပါပဲ။ အိပ်ရေးမပျက်ပေမယ့် အိပ်မက်ထဲမှာ အဲဒီအမည်မသိတဲ့ မချောလေးနဲ့ ဆုံတွေ့ရတာတော့ ရင်ခုန်စ ရာကောင်းလွန်းလှပါတယ်။ အိပ်မက်သည်စိတ်၏ ခြေရာတဲ့။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ကျွန်တော့်စိတ်ထဲမှာ အဲဒီ ကောင်မလေးက အဲဒီလောက်နေရာယူသွားပြီးလားဆိုတာ ကိုယ်တိုင်တောင် မသိလိုက်တော့ပါဘူး။ ဒါပေမယ့် အဲဒီအိပ်မက်ကို ကျွန်တော်ကျေနပ်တယ်။ အချစ်ဆိုတာ ဒီလိုပဲ စတင်တတ်သလား အာဒမ်ရယ်။ ဖြေစမ်းပါဦး။
နောက်နေ့ ကျွန်တော် ကျောင်းကိုရောက်တော့ ကျောင်းတက်နေပြီ။ အခန်းထဲကို ၀င်ဖို့အတွက် ဆရာမကိုခွင့်တောင်းပြီး ကိုယ့်နေ ရာမှာထိုင်လိုက်တယ်။ ကျွန်တော်ရောက်တော့ ဆရာမက အတန်းတက်နာမည်တွေ စခေါ်နေပါပြီ။ ယောကျာ်းလေးတွေ နာမည်ခေါ် ပြီး မိန်းကလေးတွေနာမည်တွေ ခေါ်ပါတယ်။ ကျွန်တော်လည်း သင်ရမယ့်စာအုပ်ကိုထုတ်ဖို့အတွက် လွယ်အိတ်ကိုဖွင့်နေတဲ့အချိန်
"နန်းရွှေစင်ထွန်း"
"လာပါတယ်ဆရာမ "
အခိုက်အတန့်လေးမှ တကယ့်ကို အခိုက်အတန့်ခဏလေးပါပဲ။ အင်္ဂလိပ်စာအုပ်တွေကို လွယ်အိတ်ထဲကထုတ်ရင်း ရင်းနှီးနေတဲ့ အသံလေးရဲ့ ပိုင်ရှင်ကို ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ သွေးလည်ပတ်မှုတွေ ခေတ္တခဏ ရပ်ဆိုင်းသွားခဲ့ရတာပေါ့။ ကြည့်စမ်းပါဦး။ ဘယ်လောက်များ ထူးဆန်းလှပလိုက်တဲ့ ကံကြမ္မာရဲ့ ကျီစယ်မှုပါလဲ။ လမ်းပေါ်မှာထွက်ရပ်ပြီး ကမ္ဘာကြီးက ဘယ်နေ ရာမှာလဲလို့ မေးနေတဲ့လူတစ်ယောက်လို ပါပဲ။ ကျွန်တော့် အိပ်မက်တွေအားလုံးကို စိုးမိုးထားခဲ့တဲ့ သူမ ဟာ ကျွန်တော့်ရှေ့က ထိုင်ခုံ မှာထိုင်တဲ့ အလှဧကရီလေးဖြစ်နေတာကိုး။ နာမည်လေးလည်းလှ၊ လူကလည်း ချစ်စရာကောင်းတဲ့ နန်းရွှေစင်ထွန်း ဆိုတဲ့ ကောင်မလေးရယ်။ ပြီးတာနဲ့ ဆရာမက ရင်ဘတ်တံဆိပ် မပါသူတွေကို မတ်တတ်ရပ်ခိုင်းပါတယ်။ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကို သ တိရမိပါတယ်။ ဟာ…သွားပြီ ချည်တံဆိပ် မကပ်ရသေးဘူး။ ကျွန်တော်လည်း ခပ်တည်တည်ပဲ။ အိတ်ကပ်ထဲက ချည်တံဆိပ်လေး ထုတ်ပြီး ရင်ဘတ်ပေါ် အသာလေး တင်ထားလိုက်တယ်။ ကျွန်တော့် အပြုအမူကို တွေ့သွားတဲ့ နန်းရွှေစင်ထွန်း ကမတ်တပ်ရပ်ပြီး
ဆရာမ သူတံဆိပ်ပါ မလာဘူး
ရုတ်တရက် ကျွန်တော်ကြောင်သွားတယ်။ ချက်ခြင်းပဲ ဆရာမ က တံဆိပ်မပါပဲနဲ့ ဘာလို့ မတ်တပ်မရပ်တာလဲ … ကျွန်တော်လက် ကလေးပိုက်ပြီး ဆရာမရှေ့ကို သွားရပ်မိတယ်။ နောက်နေ့အပ်ချည်နဲ့သေချာချုပ်ပြီး တပ်လာခဲ့ကြားလားဆိုပြီး လက်ထဲကကြိမ်လုံးနဲ့ ကျွန်တော့်ခေါင်းကို တစ်ချက်ခေါက်ပြီး ပြန်ထိုင်ခိုင်းတယ်။ ကျွန်တော်ဆရာမ ရှေ့ကပြန်လာပြီး သူ့ကို ကြည့်လိုက်တော့ ခေါင်းလေးငုံ့ ပြီး ရယ်နေတဲ့ သူ့မျက်နှာလေးကို တွေ့လိုက်ရတယ်။ အရမ်းလှတယ် သူရယ်။ နေ့လည်ထမင်းစားဆင်းတော့ ထမင်းဗူးလေးယူပြီး လက်ဘက်ရည်ဆိုင်ကို သွားမလို့ လုပ်တုန်း သူက နောက်ကိုလှည့်ပြီး ကျွန်တော့်ကိုပြောတယ်။
" မိုးစက်ဝင်း၊ မနေ့က နင့်ထီးကို ငါ ကျူရှင်မှာ မေ့ကျန်ခဲ့တယ်။ အားနာလိုက်တာဟာ။ အဲဒါနောက်နေ့မှ ငါ ပြန်ဝယ်ပေးမယ်နော် ရတယ် မဟုတ်လား"
"ရပါတယ် ပျောက်သွားရင်လည်း ၀ယ်ပေးမနေပါနဲ့တော့၊ အမှတ်တရပေါ့ဟာ၊ ကိစ္စမရှိပါဘူး "
"ဘယ်ဟုတ်မလဲ ငါပြန်ဝယ်ပေးပါ့မယ်"
ကျွန်တော် ဘာမှပြန်မပြောဘဲ ထမင်းဘူးလေးကိုင်ပြီး အခန်းထဲက ထွက်လာခဲ့တယ်။ တန်ဘိုးက ဘယ်လောက်မှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့သူ့ အကြားမှာ အမှတ်တရလေး တစ်ခုဖြစ်သွားတာပေါ့။ နောက်ရက်တွေ နောက်ရက်တွေတိုင်း ကျွန်တော့်မှာ အလုပ်တစ်ခုပိုလာတယ်။ ဘာလဲဆိုတော့ သူ့မျက်နှာလေးကို ဘေးတိုက်အနေအထားနဲ့ စာသင်နေတဲ့ အချိန်မှာ ခိုး ခိုးကြည့်ရလို့ ပေါ့။ အဲဒီလိုလေး သူ့မျက်နှာလေးကို ခိုးကြည့်နေတဲ့ အချိန်မှာ ကျွန်တော်ရင်တွေခုန်တယ်။ စိတ်တွေ ကြည်နူးမိတယ်။ အမှတ်တမဲ့ သူ နောက်ကို လှည့်ကြည့်နေတဲ့ အချိန်တွေ နဲ့ တိုက်ဆိုင်လို့ အကြည့်ခြင်းဆုံသွားခဲ့ရင် ကျွန်တော်ပိုပြီး ရင်တွေခုန်ခဲ့ရတယ်။ သူ့ကို စပြီး စိတ်ဝင်စားမိတဲ့ အချိန်ကစလို့ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တွေ၊ ရင်ခုန်မှုတွေ အားလုံး ကျွန်တော့်မှာ ဖြစ်တည်ခဲ့တယ်။ တစ်ရက်ပြီးတစ်ရက် အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ သူ့အနားမှာ နေရတဲ့ကျောင်းချိန်ကာလလေးကို ကျွန်တော်မက်မောလာ တယ်။ ဒေါ်ကြီး စာသင်ပြီးလို့ အခန်းထဲမှာ တစ်ယောက်တည်း စာကြည့်နေတဲ့အချိန်တွေမှာ ခဏ ခဏ သူ့အကြောင်းတွေက အတွေးတွေထဲ ၀င် ၀င်လာတယ်။ ဘယ်လောက်ထိ သူက စိုးမိုးထားသလဲဆိုရင် ကဗျာဆိုတာဘာလဲ၊ ကာရံလိုက်အောင်ဘယ်လို ရေးဖွဲ့ ရလဲဆိုတာ မသိခဲ့တဲ့ ကျွန်တော်ဟာ သူ နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုတော့ ကဗျာလိုလို၊ စာလိုလို ချရေးတတ်နေပြီ။ အဲဒီ ဖြစ်တည်မှုတွေကိုသာ အချစ်လို့ ခေါင်းစဉ်တပ်မယ်ဆိုရင် သူ့ကို ကျွန်တော် ချစ်တယ်လို့ ၀န်ခံရတော့မှာဘဲ။
တစ်ရက် ထမင်းစားဆင်းလို့ ထုံးစံအတိုင်း မျိုးဝင်း၊ မင်းလှိုင်တို့နဲ့အတူ လက်ဘက်ရည်ဆိုင်မှာ ထမင်းစားနေတုန်း ကျွန်တော့်ရင်ထဲ မှာရှိတဲ့ ခံစားချက်တွေအားလုံးကို အိတ်သွန်ဖာမှောက် သူငယ်ချင်းတွေကို ပြောပြမိတယ်။ တစ်ယောက်တည်း စိတ်ထဲမှာ ခံစားနေ တာထက်စာရင် ရင်ဖွင့်ပြောပြလိုက်ရရင် ပေါ့သွားမှာပါဆိုတဲ့ ရည်ရွယ်ချက်လည်း ပါ ပါတယ်။ မျိုးဝင်းက စကားတစ်လုံးမှ မဆိုပဲ လက်ညှိုးညွှန်ပြနေလို့ လိုက်ကြည့်မိပါတယ်။
"ဟေ့ကောင် မင်းက ဘာလဲကွ။ ငါကဘာကို ကြည့်ရမှာလဲ"
"ဟိုမှာလေ ရွှေစင် တည်ခိုးခန်း ဆိုတာကိုတွေ့လား"
" အေးတွေ့သားပဲ၊ အဲဒါဘာဖြစ်လဲ"
"ဟာ …မင်းကလဲ ဘာဖြစ်ရမှာလဲကွ၊ အဲဒါ ရွှေစင်တို့တည်းခိုးခန်းလေကွာ။ ရွှေစင့် မိဘတွေပိုင်တယ်"
"ဟာ ဟုတ်ရဲ့လားကွာ" ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံချမ်းသာတဲ့ ကျောင်းသူတွေလို ကြွားဝါ ခြင်း၊ တန်ဖိုးကြီးအလှပြင် ပစ္စည်းတွေကိုသုံးပြီး အဆမတန် ပြင်ဆင်လွန်းခြင်းမရှိ။ အမြဲတမ်း ကြည့်လိုက်တိုင်း သနပ်ခါးလေးနဲ့ ရိုးရိုး ယဉ်ယဉ် ပုံစံလေးနဲ့ပဲ မြင်နေရလို့ပါ။ မင်းလှိုင်ကတော့ မှတ်ချက်ချပြီး ဆက်ပြောပါတယ်။
"ငါ ထင်တော့ ထင်သားပဲ။ အတန်းထဲမှာ မင်း ရွှေစင် ကို ခိုးခိုးကြည့်နေတာကို ငါရိပ်မိတယ်။ ဘာဖြစ်လဲကွာ ယောက်ျားလေးက မိန်းကလေးကို ချစ်တာပဲ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုပြောချင်တာက ရွှေစင်က အိနြေ္ဒကြီးတယ်ကွ။ သူများတွေလို စကားလိုက်ပြောတာတို့ ဘာတို့ လုပ်ရင်တော့ သူမင်းကို အထင်သေးသွားလိမ့်မယ်။
"ဟာကွာ၊ အဲဒီလိုလဲ ငါ မလုပ်ရဲပါဘူး"
" ဒါပေမယ့် မင်း ချစ်နေတယ် ဆိုတာတော့ သူသိအောင် တစ်နည်းနည်းနဲ့ ပြဖို့ အရေးကြီးတယ်ကွ"
"ငါ ပါးစပ်ကနေတော့ ဖွင့်မပြောချင်သေးဘူးကွာ။ ပြောလည်းမပြောရဲဘူး။ အခုချိန်မှာ ပြောလည်း သူ စိတ်ဝင်စားမှာ မဟုတ်ဘူးကွ"
" အေး အဲဒါတော့ ဟုတ်တယ်၊ မင်းစိတ်အေးအေး ထားပါကွာ အချိန်တွေ အများကြီး ရှိပါသေးတယ်"
" ငါ့ ခံစားချက်တွေကို နားလည်ပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးအများကြီး တင်ပါတယ်ကွာ"
ဆရာ၊ ဆရာမတွေနဲ့ အတူ ဒေါ်ကြီးရဲ့ သင်ကြားပြသမှု ကောင်းတာတွေကြောင့် အတန်းထဲက စာတော်တဲ့သူတွေထဲမှာ ကျွန်တော် ပါလာတယ်။ မန္တလေးမြို့ရဲ့ အခြေခံပညာအထက်တန်းကျောင်းတစ်ခုမှာ စာတွေလေ့လာ သင်ယူရင်း တဖြည်းဖြည်းနဲ့ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေ ရောက်လာတယ်။ ကျောင်းပိတ်ရက်တွေ ရောက်လာတော့ ဒေါ်ကြီး နဲ့ ဦးကြီးက ကျွန်တော့်ကို မန္တလေးမြို့ရဲ့ အထင်ကရ နေရာတွေလိုက်ပို့ပေးတယ်။ သူ့ကို သတိရမှုတွေဟာ နေ့ခင်းဘက်တွေမှာ သွားလာလည်ပတ်ရင်း မသိသာပေမယ့် ညပိုင်းအခန်းထဲမှာ တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေမှာ ပိုပြီး သိသာလာတယ်။ အခန်းထဲက ပြတင်းပေါက်ဘောင်လေးမှာ ထိုင် ကောင်းကင်ကြီးကို မော့ကြည့်ပြီး တစ်ယောက်တည်း ချစ်သူကို သတိရနေမိတယ်။ လွမ်းတယ် ရွှေစင်ရယ်။ ဖတ်ဖူးတဲ့ ကဗျာ တစ်ပုဒ်ကို ဖွဖွပြန်ရွတ်နေမိတယ်။ ကိုဥာဏ် (ပန်းလောင်မြေ) ရဲ့ကဗျာတစ်ပုဒ်ပါ။ လက်တွေ့ ကျွန်တော်ခံစားနေရတဲ့ ဝေဒနာလေး တွေနဲ့လည်း ထပ်တူကျနေလို့ပါ။ ရွတ်နေရင်းလည်း စာဆိုရှင်လည်း ငါ့လိုခံစားချက်တွေရှိခဲ့လို့နဲ့ တူပါရဲ့ဆိုပြီး စာနာမိပြန်ပါတယ်။ ကဗျာနာမည်က "ပြည့်စုံတဲ့ဘ၀" တဲ့ …

ဘ၀ရဲ့ ပြည့် စုံခြင်းဆိုတာ
ငွေတွေ …
ဂုဏ်တွေ …
ကားတွေ …
အပေါ်ယံပကာသနတွေတဲ့လား။

ငါ့အတွက်ပြည့်စုံခြင်းကတော့ …
ညအခါ လသာသာမှာ …
ချစ်သူကိုထွေး
ပါးကိုမွှေးပြီး
ကြယ်လေးတွေအကြောင်း ပြောပြနေရခြင်းပါ…။

ဟုတ်တယ် ရွှေစင်ရယ်။ ဂုဏ်တွေ၊ ငွေတွေကို ကိုယ်မမက်မောပါဘူးကွယ်။ ရွှေစင်နဲ့အတူ ကြယ်လေးတွေကို အတူရေကြည့်ချင် တယ်။ ချစ်နေရသူအကြောင်း တွေးနေရင်း ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချမိတယ်။ ဘာလဲဆိုတော့ ဒီတစ်ခေါက် ကျောင်းတွေ ပြန်ဖွင့်ရင် ကျွန်တော် ချစ်နေတာကို သူသိအောင် တစ်နည်းနည်းနဲ့ ဖော်ပြမယ်ဆိုတာပေါ့။ ကြယ်ရောင်စုံတွေနဲ့ လင်းလက်တောက် ပနေတဲ့ ကောင်းကင်ပြင်ကြီးကိုကြည့်ပြီး တစ်ယောက်တည်း စိတ်ကူးရေယာဉ်ကြောထဲမှာ မျောနေရင်းနဲ့ ရင်ထဲမှာ ကြည်နူးလာမိပါ တယ်။ ရှိတဲ့ ခံစားချက်လေးတွေကို ကျွန်တော်တတ်သလို ကဗျာလေး တစ်ပုဒ်အဖြစ် ချရေးမိတယ်။

အဆင့်ခြင်းရယ် မတူ
အမြင့်လူကိုမှ
ကြင်နာခဲ့ရ
ကို့ဘ၀ ရင်မောရရပါလား …

ချစ်နေတာကို မဖွင့်ဟ
ခံစားချက်ကို မဖော်ပြရဲ
သူငယ်ချင်းဆိုတဲ့
အဖြူရောင်စည်းနားမှာ
ရပ်နေမိတာ ကြာပါပြီ …

အခုတော့ …
နှလုံးသားရဲ့ စေခိုင်းမှု
ရင်ခုန်သံတွေရဲ့
တောင်းဆိုမှုအရ
ကမ္ဘာကြီးကို သက်သေထားပြီး
ချစ်တယ်လို့ပြောပါရစေ …

ကျောင်းပြန်ဖွင့်တဲ့ ပထမဆုံးနေ့မှာပဲ ကျွန်တော် ကျောင်းကို အစောကြီး ရောက်နေခဲ့တယ်။ သူ့ကို တွေ့ချင်တဲ့ စိတ်ကဘယ်လောက် တောင်စိုးမိုးနေသလဲ မသိပါဘူး။ အခန်းထဲရောက်တော့ ဘယ်သူမှ မတွေ့ရဘူး။ ကျွန်တော် ထိုင်ခုံနားမှာ ထိုင်ပြီး နာရီ လက်တံတွေ ကိုပဲ ငေးကြည့်နေမိတယ်။ တိုက်ဆိုင်လိုက်တာဗျာ … အဲဒီအချိန်မှာဘဲ ရွှေစင် ဘုရားပန်းအိုးလေးကိုင်ပြီး အခန်းထဲကိုဝင်လာတယ်။ ကျွန်တော်ထင်တာက အခန်းထဲကို ပထမဦးဆုံးရောက်တဲ့သူက ကျွန်တော်ဘဲလို့ ထင်ထားခဲ့တာ။ အခုတော့ သူက ကျွန်တော့်ထက် အရင်ဆုံးရောက်နှင့်နေတာပေါ့။ လွယ်အိတ်ကို စာသင်ခုံထဲ ထည့်ထားတော့ ကျွန်တော် သတိမထားမိခဲ့တာပါ။
"မိုးစက်ဝင်း အစောကြီး ရောက်နေပါလား"
"ဟုတ်တယ်ဟာ ဒီနေ့ဘယ်လိုဖြစ်နေမှန်း မသိဘူး ကျောင်းကို အစောကြီး လာချင်နေတာနဲ့ တစ်ယောက်တည်း ထွက်လာခဲ့တာဘဲ"
"ငါ နင့်ကို ပေးစရာ ရှိတယ်ဟ"
ပြောပြောဆိုဆိုနဲဘဲ့  စာသင်ခုံကို ဖွင့်လွယ်အိတ်ထဲကနေပြီး ပစ္စည်းလေးတစ်ခုထုတ်ပေးတယ်။ ဘာပစ္စည်းလည်းဆိုတာ ခင်ဗျားတို့ သိနေမှာပါ ။ ဟုတ်ပါတယ်။ သိပ်လှပတဲ့ ထီးလေးတစ်ချောင်းပါ။
"နင့်ကို ပေးမယ် ပေးမယ် နဲ့ ပြန်မပေးဖြစ်ဘူး ဘာလို့လဲဆိုတော့ ငါ့မုန့်ဖိုးထဲကနေ စုပြီး ပြန်ဝယ်ပေးချင်တာနဲ့ နည်းနည်း အချိန်ကြာ သွားတာပါ"
"ရပါတယ်ဟာ ငါက မေ့တောင် မေ့နေပြီ"
သူ ကျွန်တော့်ကို အလှပဆုံး ပြုံးပြပြီး စကားတစ်ခွန်းဆိုတယ်
"နင်နဲ့ငါ အတွက် အမှတ်တရ ပေါ့တဲ့။ တကယ်လည်း အမှတ်တရပါပဲ ရွှေစင်ရယ်"

တစ်ယောက်အကြောင်း တစ်ယောက်ပြောကြရင်း သူရဲ့လှပတဲ့ အပြုံးတွေ၊ ချိုလွင်တဲ့ စကားသံတွေထဲမှာ နစ်မျောရင်းတိုတောင်းတဲ့ အချိန်ကာလလေးကို ရင်ခုန်လှုပ်ရှားစွာ ပျော်ဝင်နေမိခဲ့တယ်။ ဒီဇင်ဘာလရဲ့အေးချမ်းတဲ့ ဒဏ်ကိုခံနိုင်ဖို့ အဖြူရောင်ဆွယ်တာလေး ၀တ်ဆင်ထားတဲ့သူမ ဟာ ကျွန်တော့်မျက်ဝန်းထဲမှာတော့ တကယ့်နတ်သမီးလေး တစ်ပါးပါပဲ။ သြော်…ပြောဖို့တစ်ခုမေ့ကျန်ခဲ့တယ်။
ဘာလဲဆိုတော့ အဖြူရောင်ဆွယ်တာလေးရဲ့ ဘယ်ဘက်မှာ အနီရောင်ချည်စလေးတွေနဲ့ ရေးထားတဲ့ စာတန်းလေး တစ်ခုရှိတယ်။ Sweet Heart တဲ့။

နေ့လည် ထမင်းစားဆင်းတော့ မနက်က သူနဲ့ကျွန်တော် အကြောင်းကို မျိုးဝင်းနဲ့ မင်းလှိုင်ကို ပြောပြဖြစ်တယ်။ မျိုးဝင်းက ဘာပြော လဲဆိုတော့ မင်းချစ်နေတယ်ဆိုတာကို သူသိအောင်လုပ်တော့တဲ့ …
"အေး ငါလဲ အဲဒါကို စဉ်းစားနေတာကွ ပါးစပ်နဲ့တော့ ဖွင့်မပြောရဲဘူးကွာ။ စာလဲ လိုက်မပေးရဲဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး"
"အေး အဲဒါဆို ငါပြောပြမယ် မင်း သေချာနားထောင်"
မျိုးဝင်း က ကျွန်တော့်ကို အကြံဥာဏ်တစ်ခုပေးတယ်။ အဲဒီအတိုင်းစွန့်စားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ သတ်မှတ်ရက်က တနင်္လာနေ့။

ဆက်ရန် ...

မိုးစက်
26.7.2007 (AM 10:28)


1 comment:

ကိုဉာဏ် said...

တစ်နေ့ကလိုပဲ ပြန်မြင်နေမိတယ်။ နှစ်ခေါက်ဖတ်မိတဲ့အခါ နောက်ထပ် ရသတစ်မျိုး ခံစားရတယ်။ အခုရေးနေတဲ့ဟာတွေထက် ဒါလေးကို ပိုကြိုက်တယ်။ လက်နည်းနည်းကျသွားတယ်။ နောက်ပိုင်းဟာတွေမှာ စက်ရုပ်ဆန်နေတယ်။ ခံစားရမှ ရေးပါ။ ဖြစ်အောင်မရေးပါနဲ့။ စာဖတ်သူဆိုတာ စာရေးသူရဲ့ နှလုံးသားကို ဖတ်နေတဲ့ သူတွေပါ။ ဒါလေးကို ပြန်လွမ်းလို့ ပြန်ဖတ်တာ။ အခုရေးထားတာတွေထက် ပိုကောင်းတယ်။