Jul 21, 2007

ဖွင့်ဟ ၀န်ခံခြင်း (၁)

ဘလောဒ့်ရေးတာ အထီးကျန်မှုတွေကိုပြေပျောက်စေတယ်တဲ့။ အထီးကျန်သူတွေအတွက် ဘလောဒ့် က အကောင်းဆုံးထွက်ပေါ်က်တစ်ခုပဲလို့ ဘယ်ဘလောဒ့်မှာလည်း မမှတ်မိတော့ဘူး ကျွန်တော်ဖတ်လိုက် ရတယ်။ အထီးကျန်မှုတွေကို ၀ါသနာအပေါ်အရင်းတည်ပြီး ဘလောဒ့်ရေးခြင်းနဲ့ ထွက်ပေါက်ပေးလိုက်တယ်လို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုတော့ ငါစာတွေတော်တော်ရေးနေမိပြီပဲလို့ထင်နေမိတာ။ ကျွန်တော့်ဘလောဒ့် စ ရေးတော့ အစ်ကိုတစ်ယောက်က သူလည်းအားပေးမယ် ဘလောဒ့်နာမည်ကိုပြော၊ ဘာတွေရေးတာလဲ၊ ရသလား၊ သုတလားတဲ့။ ကျွန်တော်ဘာဖြေလို့ ဖြေရမှန်းမသိဘူး ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုတော့ စာတွေ ရေးနေတာ ပဲ။ ဘယ်လိုအမျိုးအစားတွေရေးနေသလဲ ဆိုတာ ကိုယ့်ကိုယ်ကို မသိဘူးဖြစ်နေတယ်။ စာရေးတာ ၀ါသနာ တော့ပါတယ်။ သေချာပြန်စဉ်းစားကြည့်တော့မှ ကိုယ်ရေးတဲ့စာတွေက ဘယ်အမျိုးအစားထဲမှ မပါပဲ ဖရိုဖရဲ ဖြစ်နေသလိုပဲ။ မဖြစ်သေးပါဘူး သေချာပြန်လုပ်ကြည့် ဦးမှပဲဆိုပြီး အတွေးကလေးတော့ ၀င်လာ မိတယ်။ ကျွန်တော့်ကိုစာတွေရေးတတ်လာအောင်၊ စာတွေရေးဖြစ်အောင် အားပေးခဲ့၊ လမ်းပြပေးခဲ့တဲ့သူက တော့ ကိုဥာဏ်(ပန်းလောင်မြေ) ပါ။ သူနဲ့စကားတွေပြောဖြစ်ရင်း စာတွေရေးဖို့တိုက်တွန်းပေးခဲ့သူပေါ့။ ပထမဦး ဆုံး ၀ထ္တုတိုလေးတစ်ပုဒ် စရေးဖြစ်တယ်။ ရေးပြီးပြီးခြင်း သူ့ကိုပြကြည့်တယ်။ လိုအပ်တာလေးတွေဖြည့်စွက်ပြီး၊ အင်တာနက်ဂျာနယ်တစ်ခုကိုပေးပို့ဖြစ်တယ်။ သိပ်မကြာပါဘူး အဲဒီလထုတ် ဂျာနယ်ရဲ့ဝထ္တုတိုအခန်းကဏ္ဍလေး မှာ ကျွန်တော့်ရေးထားတာလေးတွေကို ဖော်ပြခြင်းခံခဲ့ရတယ်။ ဂျာနယ်ရဲ့ PDF ဖိုင်လေးထဲက ကျွန်တော့်ရဲ့ ၀ထ္တု တိုလေးကို အကြိမ်ကြိမ်ပြန်ဖတ်ကြည့်ရင်း ပျော်ရွှင်ပီတိတွေဝေခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကအကြောင်းအရာလေးတွေကို ရေးဖြစ်တယ်။ ရေးဖြစ်တဲ့အကြောင်းအရာတွေကို ပြန်ကြည့်ရင် အထက်တန်းကျောင်းသားဘ၀က နေ့ရက်တွေများပါတယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်က ကျဉ်းများနေလို့လား၊ ဒါမှမဟုတ် ကိုယ်ကပဲအရာရာကိုစူးစမ်းချင်စိတ် နည်းလို့လားတော့မသိဘူး။ ရေးချင်တဲ့ အကြောင်းအရာနဲ့၊ ကိုယ်ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့က နည်းနည်းလေးကွဲခြားနေတယ်လို့ စိတ်ကထင်နေ မိတယ်။ လူငယ်ဆိုတော့ နှလုံးသားထဲက ရင်ခုန်သံတွေရေးကြည့်ချင်တယ်။ ကိုယ်ကျင်လည်ခဲ့ဘူးတာက အထက်တန်းကျောင်းသားဘ၀လေးလောက်ပဲ ရှိတာဆိုတော့ ရေးချင်တဲ့အကြောင်းအရာနဲ့ ရေးသင့်တဲ့အချိန် က ကွဲပြားခြားနားမှုလေးတွေ ရှိနေတယ်လေ။ တက္ကသိုလ်ဆိုတဲ့ပတ်ဝန်းကျင်ကို ရောက်ခဲ့ဘူးတယ်။ ဒါပေမယ့် မကျင်လည်ခဲ့ဘူးတော့ ရေးရမှာကိုယ်နဲ့မဆိုင်သလိုကြီးခံစားနေရတယ်။ ရေးချင်တဲ့စိတ်ရှိရင်တောင် ရေးဖို့ ရှက်နေမိတယ်။ ကိုယ်မရောက်ဘူးတဲ့နေရာတစ်ခုကို ရောက်ခဲ့ဘူးသလိုလို စိတ်မျိုး၊ အတွေးမျိုးနဲ့ရေးရမှာ စိတ်ထဲလည်း မလုံတာနဲ့မရေးဖြစ်တော့တဲ့ခံစားချက်တွေ အများကြီးရှိခဲ့ပါတယ်။ ဒီခံစားချက်တွေကို ကိုဥာဏ် (ပန်းလောင်မြေ) ကိုပြောပြတော့ အဲဒီလိုလည်း ပြောလို့မရဘူးပေါ့ကွာ၊ မင်းရေးချင်တဲ့အကြောင်းအရာကို မင်း ကျင်လည်ခဲ့ဘူးတဲ့ ပတ်ဝန်းကျင်နဲ့ကိုက်ညီအောင်ဆွဲသွင်းကြည့်လိုက်ပေါ့။ အကိုက်ညီဆုံးဖြစ်မယ်ထင်တာလေး တွေရေးကြည့်ပေါ့ကွာ လို့သူကအားပေးစကားတွေပြောပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကိုက ကျွန်တော်ရေး ထားတာကို အချိန်ကုန်ခံပြီးလာဖတ်တဲ့ ညီ၊ အစ်ကိုမောင်နှမတွေကို ကျွန်တော်ကျင်လည်ခဲ့ဘူးတဲ့ ပတ်ဝန်း ကျင်ကအကြောင်းအရာ၊ ခံစားချက်အစစ်အမှန်တွေကိုပဲ ဖတ်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဘလောဒ့် လေးမှာ ရေးထားတဲ့အကြောင်းအရာတွေက ကျွန်တော်ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင် သေးသေးလေးက အကြောင်းအရာလေးတွေကို၊ စိတ်ထဲက ခံစားချက်ဖြစ်ပေါ်လာတဲ့အတိုင်းလေး ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ သုတ လား၊ ရသ လား၊ စသဖြင့် ကျွန်တော်ကိုယ်တိုင်လည်း မခွဲခြားတတ်ပါဘူး။ ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို စိတ်ထဲက ခံစားချက်တွေအတိုင်း၊ မှန်ကန်စွာရေးသားထားခြင်းဖြစ်ပြီး၊ ဘလောဒ့်ကို လာရောက်လည်ပတ်တဲ့ ညီအစ်ကိုမောင်နှမတွေ အနေနဲ့ တခုခုသော ရသ တစ်မျိုးမျိုးကိုရရှိခံစားနိုင်လိမ့်မယ် လို့မျှော်လင့်မိပါတယ်။
မိုးစက်
21.7.2007 ( PM 6:41 )

No comments: