ရေခြား၊ မြေခြားဆိုတဲ့အဓိပ္ပာယ်ကို ကျွန်တော်ကောင်းကောင်းမသိဘူး။ အဲဒီစကားစုကိုလည်း စာရေးတဲ့အခါမှာရော၊ စကားပြောတဲ့အခါမှာရော တစ်ခါမှမသုံးဘူး ဘူး။ ဗွီဒီယိုကားတွေထဲမှာတော့ မင်းသားက အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံခြားကိုသွားတော့မယ် ဆိုရင် မင်းသမီးကိုနှုတ်ဆက်တဲ့ အခါတွေမှာ ကို… ရေခြားမြေခြားကိုသွားတော့မယ် ဆိုပြီးပြောနေတာ ကိုတော့ကြားဘူးတယ်။ ကိုယ် ကိုယ်တိုင်အဲဒီစကားမျိုး ပြောရလိမ့်မယ်လိုတော့ မထင်မိဘူး။
လေဆိပ်အပြင်ကို အကြာကြီးငေးကြည့်နေမိတယ်။ မိုးလေးဖွဲဖွဲကြနေတယ်။ တစ်ခါ တစ်ခါ လျှပ်စီးလက်နေတာကိုလည်း တွေ့ရတယ်။ သူ မလာဘူးဆိုတာသိနေရက်နဲ့လည်းလူသွားစင်္ကြန် ဘက်ကို ခဏ၊ ခဏကြည့်နေမိတယ်။ ဦးလေးက ပက်စ်ပို့၊ ဗီဇာနဲ့ လေယာဉ်လက်မှတ်အားလုံးကို ကျွန်တော့်လက်ထဲလာပေးပြီး ပြန်ထွက်သွားတယ်။ သား သူ့ကိုနှုတ်ဆက်ချင်ရင် ဖုန်းဆက်လိုက်လေ လို့ အဖေကပြောတယ်။ အချိန်အတန်ကြာဝေးရာကိုသွားရမယ့် လူတစ်ယောက်ကို နှစ်သိမ့်တဲ့စကား ဆိုတာ ကျွန်တော့်စိတ်ထဲက သိလိုက်ပါတယ်။ ကျွန်တော်ဖုန်းဆက်ရင်ကော သူက စကားပြန်ပြောမှာ လားအဖေလို့ စိတ်ထဲကနေပြန်ပြောလိုက်မိတယ်။ အတတ်နိုင်ဆုံးပြုံးရင်းနဲ့ ရပါတယ်အဖေ မဆက် တော့ပါဘူး။ ပစ္စည်းတွေအားလုံး Check up လုပ်ပြီးတဲ့အချိန်မှာတော့ အားလုံးကိုနှုတ်ဆက်ပြီး ပြင်ပထွက်ခွာဆိုတဲ့ ဆိုင်းဘုတ်အနားထိ မိသားစုအားလုံးလိုက်ပို့ကြတယ်။ သားအောင်မြင်မှု တွေနဲ့ပြန်လာတာကို အဖေတို့အားလုံးစောင့်ကြိုနေမယ်တဲ့။ လေယာဉ်ပေါ်က မှန်ပြတင်းကနေ အချိန် အတော်ကြာခွဲခွာရတော့မယ့် မြင်ကွင်းတွေကိုလိုက်ကြည့်မိတယ်။ လေယာဉ်ဘီးတွေ မြေပြင်နဲ့ခွာပြီး ကောင်းကင်ယံကိုပြန်တက်သွားတဲ့အချိန်မှ မျက်လုံးကိုအသာကလေးမှိတ်လိုက်တယ်။ မရပါဘူး ဘယ်လိုမှမရဘူး။ မျက်လုံအိမ်ထဲမှာ သူ့ကိုမြင်နေတယ်။ သူ့အပြုံးတွေ၊ သူ့ပုံရိပ်တွေမြင်နေရတယ်။
တိုးတက်ဖွံ့ဖြိုးနေတဲ့ ဒီနိုင်ငံကိုရောက်ပြီးတဲ့အချိန်ကစပြီး ကျွန်တော့်စိတ်တွေအားလုံးကို အရင်ကနေမတူအောင်နေထိုင်ဖြစ်ခဲ့တယ်။ အတတ်နိုင်ဆုံး ကျောင်းစာတွေထဲမှာပဲနစ်မြုပ်ထား မိတယ်။ ဆရာတစ်ယောက်က ပြောဘူးတယ်။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ချမ်းသာတယ်ဆိုတာ သိချင်ရင်၊ အဲဒီနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူ၊ ပြည်သားတွေ တစ်နေ့ကို Energy (စွမ်းအင်) ဘယ်လောက်သုံးနိုင်သလဲဆိုတဲ့ အပေါ်မှာမူတည်တယ်တဲ့။ ကျွန်တော် နားမလည်သလိုဖြစ်သွား တယ်။ ဆရာက ဆက်ပြောပါတယ်။ မင်းမှာပိုက်ဆံရှိရင် တီဗွီ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် စသဖြင့်ဝယ်နိုင်တယ်။ ဒါပေမယ့်လျှပ်စစ်မရှိရင် အဲဒီပစ္စည်းတွေ မင်းအသုံးပြုလို့ရမလား။ လျှပ်စစ်ဆို တဲ့ Energy ရှိမှ မင်းအဲဒီပစ္စည်းတွေသုံးနိုင်မယ်။ အဲဒါကြောင့် နိုင်ငံတစ်နိုင်ငံ ချမ်းသာတယ်၊ ဆင်းရဲ တယ်ဆိုတာကို Energy ဘယ်လောက်သုံးနိုင်သလဲဆိုတာတွေနဲ့တိုင်းတာတယ်တဲ့။ ပိုင်ဆိုင်တဲ့အရာ ၀ထ္တုတွေထဲမှာ စိတ်ကိုအကောင်းဆုံးထွက်ပေါက်ပေးနိုင်တဲ့အရာကတော့ ကျွန်တော့်အတွက် ကွန်ပြူတာပါပဲ။ အရင်တုန်းကတော့ သူမကိုသတိရလွမ်းဆွတ်မှုတွေကို အဖြူရောင်စာရွက်တွေပေါ်မှာ ရေးချတတ်တဲ့ ကျွန်တော်ဟာ၊ ဒီရောက်တဲ့အခါမှာ Word ထဲမှာစာလေးတွေရိုက်ပြီး သတိရမှုတွေ သိမ်းဆည်းတတ်နေပြီလေ။
-- . -- . ၂၀၀၆ အဲဒီနေ့လေးကို ကျွန်တော်အမှတ်တရရှိနေတုန်းပါပဲ။ သူမရဲ့မွေးနေ့လေးပေါ့။ အဝေးကနေပြီး အမှတ်တရဖြစ်အောင်၊ တစ်နည်းအားဖြင့် သူ့မွေးနေ့လေးကိုကျွန်တော်သတိတရ ရှိတယ်ဆိုတာလေး သူသိအောင်ပြောပြချင်တယ်။ မွေးနေ့ကိတ်မုန့်လေးတစ်လုံးဝယ်လာပြီး သူငယ်ချင်းတွေကို ကျွေးဖြစ်တယ်။ ဘာအတွက်ကျွေးတာလဲလို့ မေးတော့ ငါချစ်ရတဲ့သူရဲ့မွေးနေ့ လို့ ဖြေမိတယ်။ Oversea ဖုန်းကဒ်လေးကိုလက်ထဲမှာကိုင်ထားပြီး ချေတုံချတုံဖြစ်နေမိတယ်။ သူဖုန်းလာ ကိုင်ပါ့မလား။ ကျွန်တော့်အသံကြားသွားရင်ရော သူဘာပြောမှာလဲ။ ဖုန်းခွက်ကိုပြန်ချသွားမှာလား။ ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ ငါဖုန်းဆက်တယ်ဆိုတာ သူသိရင် သူ့မွေးနေ့လေးကို ငါသတိတရရှိတယ်ဆိုတာ သူသိမှာပါလေ ဆိုတဲ့အတွေးနဲ့ မြန်မာပြည်ရဲ့ မြို့တစ်မြို့ကသူရှိတဲ့နေရာလေးကို ဖုန်းခေါ်မိတယ်။ ဟယ်လို …ဆိုတဲ့အသံလေးကြားလိုက်ရတယ်။ သူဖုန်းချသွားမလားဆိုတဲ့အတွေးနဲ့ခဏစောင့်ကြည့် မိတယ်။ အသက်ရှုသံ သဲ့သဲ့လေးကို လေလှိုင်းတွေကြားကနေကြားနေရတယ်။ သူဖုန်းခွက်ကို ကိုင်ထား သေးတယ်ဆိုတဲ့သဘောပေါ့။ Happy Birthday ပါ မ …လို့ပြောလိုက်တော့ Thank You …ဆိုတဲ့ အသံလေးထပ်ကြားလိုက်ရတယ်။ ရင်တွေခုန်ပြီး အရမ်းပျော်ရွှင်ခဲ့ရတယ်။ ၁၁ မိနစ်ခန့် ဖုန်းပြောပြီးတဲ့ အချိန်မှာတော့ စိတ်ထဲမှာ တစ်ခုခုနားလည်လိုက်သလိုပဲ။ ဘာလဲဆိုတော့ ကျွန်တော့်မြားနတ်မောင် ပစ်လိုက်တဲ့ မြှားနဲ့၊ သူ့မြားနတ်မောင်ပစ်လိုက်တဲ့ မြှား ဆုံမှတ်တစ်ခုမှာ ဆုံတွေ့သွားကြပြီလို့ထင် မိတယ်။
အချိန်ကာလတစ်ခုကိုဖြတ်သန်းလာပြီးတဲ့နောက်မှာတော့ သူ့ဆီကနေ တစ်ဘ၀လုံးစာအတွက် ချစ်တယ်ဆိုတဲ့ အဖြေစကားလေးကို ကျွန်တော်ရရှိခဲ့တယ်။ အဲဒီအဖြေလေးသူပေးပြီးတဲ့အချိန်မှာ တော့ သူ့ရှေ့မှာပဲ သူမအမြဲတမ်းပျော်ရွှင်အောင်၊ အရာအားလုံးပြည့်စုံ အောင် ကျွန်တော့်ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ တစ်သက်တာလုံးကြိုးစားသွားပါ့မယ်လို့ ကတိသစ္စာတစ်ခုပြုခဲ့တယ်။ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ၊ သစ္စာခိုင်မြဲမှုတွေနဲ့ ချစ်သူတွေအဖြစ်ရပ်တည်လာခဲ့တာ ၁နှစ်၊ ၃လနဲ့ ၄ နာရီ ရှိပါပြီ။
အခုဆိုရင် ရေခြား၊ မြေခြားဆိုတဲ့ အဓိပ္ပာယ်ကိုကျွန်တော် ကောင်းကောင်းသိနေပြီ။ ချစ်သူနဲ့စကား တွေပြောတိုင်း ရေခြား၊ မြေခြားဝေးတစ်နေရာကနေ နှစ်သိမ့်မှုတွေပေးတတ်နေပြီ။ ရေခြား၊ မြေခြားဆို တာ တစ်ယောက်နဲ့တစ်ယောက်၊ တွေ့ဆုံဖို့အင်မတန်ခက်ခဲပြီး၊ လိုအပ်တဲ့အချိန်မှာ၊ လိုအပ်သလို ဖြည့်ဆည်းနှစ်သိမ့်မှုတွေ မပေးနိုင်ပါလားလို့တွေးထင်မိပါတယ်။ ချစ်ရသူချင်းတော့ နှလုံးသားတွေ နီးစပ်နေတယ်။ ရင်ခုန်သံတွေထပ်တူကြနေတယ်။ စောင့်စည်းမျိုသိပ်မှုတွေနဲ့ ပြန်လည်ဆုံတွေ့ကြရင် ဆိုတဲ့အတွေးကလေးနဲ့ ကိုယ်စီရင်ခုန်နေမိကြတယ်။ ကျွန်တော်သိပ်ချစ်ရတဲ့ သူမဆီကိုပြန်လည် ရောက်ရှိမယ့်နေ့…… ကျွန်တော်လည်းရင်တွေအရမ်းခုန်နေတာပါပဲ …..
ဟိုးအဝေးတစ်နေရာမှာ …ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့မိသားစုနဲ့ ငါ့ချစ်သူရှိနေကြတယ်….
ကျွန်တော်နဲ့သူမရဲ့ အမှတ်တရ နေ့လေးတစ်နေ့အတွက်
မိုးစက်
17 . 7 . 2007
PM 11:47

No comments:
Post a Comment