တနင်္လာနေ့ မနက်ကျောင်းတက်တိုင်း ကျောင်းမှာ ကျောင်းအုပ်ဆရာကြီးအပါအ၀င် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားအားလုံး စုပေါင်းပြီး နိုင်ငံတော်အလံကို အလေးပြု၊ နိုင်ငံတော်သီချင်း သီဆိုကြရပါတယ်။ ပြီးမှ ကျောင်းအုပ်ဆရာကြီးက ကျောင်း စည်းကမ်းတွေနဲ့ ပတ်သက်ပြီး သူပြောချင်တာတွေကို ပြောဆိုမှာကြား ဆုံးမလေ့ရှိပါတယ်။ အဲဒီနေ့က ကျွန်တော်ကျောင်းကိုနောက်ကျမှ သွားပါတယ်။ တွက်ထားတဲ့အတိုင်းပါပဲ။ အခန်းထဲမှာ တစ်ယောက်မှမရှိတော့ဘူး။ ကျွန်တော် ရင်ခုန်စွာနဲ့ ရွှေစင်ရဲ့ စာသင်ခုံအဖုံး လေးကိုဖွင့်လိုက်တယ်။
သူ့ရဲ့ အဖြူရောင် ကချင်လွယ်အိတ်လေးကို တွေ့လိုက်ရတယ်။ ကျွန်တော် ဘယ်လောက်တောင် ရင်တွေခုန် ပြီး အချိန်တွေကြာသွားလဲမသိဘူး။ ကျောင်းသားတွေပြန်လာတဲ့ အသံကိုကြားလိုက်ရတယ်။ ကျွန်တော် ခပ်မြန်မြန်ပဲ သူ့လွယ်အိတ် ထဲက စာအုပ်လေး တစ်အုပ်ကြားထဲကို ကျွန်တော်ညက ရေးလာတဲ့စာ ထည့်လိုက်တယ်။ လွယ်အိတ်ကို ပုံစံမပျက်ပြန်ထားပြီး နေရာမှာထိုင်ရုံပဲ ရှိသေးတယ်၊ သူငယ်ချင်းတွေအားလုံး အခန်းထဲကို ၀င်လာကြတယ်။ မျိုးဝင်းက ကျွန်တော့်ကို တွေ့တွေ့ချင်း မျက်စ ပစ်ပြတယ်။ အနေအထားဘယ်လိုလဲပေါ့။ ကျွန်တော် လက်မထောင်ပြလိုက်တယ်။ အိုကေပေါ့။ နောက်ပိုင်း အခြေအနေတွေကို မသိချင်သေးပါဘူး။ လောလောဆယ်တော့ ရင်ထဲမှာရှိတဲ့ ချစ်ခြင်းသံစဉ်လေးတွေကိုတော့ စာရွက်လေးတစ်ရွက် အရင်းပြူလို့ဖွင့် ထုတ်လိုက်မိပြီ။ ပထမ အင်္ဂလိပ်စာအချိန်က အေးအေးဆေးဆေးပါပဲ။ ဒုတိယ သင်္ချာအချိန်ကျတော့ သူ့လွယ်အိတ်ထဲက စာအုပ် တစ်အုပ် ထုတ်လိုက်တာတွေ့လိုက်ရတယ်။ စာမျက်နှာတွေကို လှန်နေတုန်း တစ်နေရာ အရောက်မှာ တန့်သွားတယ်။ ကျွန်တော့်ရဲ့ အချစ်သ၀ဏ်လွှာလေးလဲတွေ့ရော နောက်ကို တစ်ချက်လှည့်ကြည့်တယ်။ ကျွန်တော်လည်း ခပ်တည်တည်ပဲ သင်္ချာပုစ္ဆာတွေကို ငုံ့ကြည့်နေလိုက်တယ်။ ရုတ်တရက် သူ မတ်တပ်ထရပ်တယ်။ ပြီးတာနဲ့ ဆရာမဆီကိုလျှောက်သွားပါတော့တယ်။ ချက်ခြင်းပဲ ကျွန်တော် ခြေဖျားလက်ဖျားတွေ အေးဆက်သွားတယ်။ သူ ဆရာမကို သွားတိုင်ပြီထင်တယ်။ ရက်စက်လှချည်လား ရွှေစင်ရယ်။ အခုအချိန်မှတော့ ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘယ်အချိန် ဆရာမ ကျွန်တော့်နာမည်ကို လှမ်းခေါ်မလဲဆိုတာဘဲ စောင့်နေလိုက် တယ်။ သူပြန်လာပြီး ထိုင်ခုံမှာထိုင်တယ်။ ခဏကြာတော့ ဆရာမ က
"ပြီးခဲ့တဲ့ အပတ်က ဆရာမပေးလိုက်တဲ့ နံပါတ် ၂ ပုစ္ဆာကိုပြန်ကြည့်၊ ရွှေစင်လာပြောမှ သတိထားမိတယ်။ x မှာ နှစ်ထပ်ကိန်း
ဟာ၊ အဲဒီအချိန်မှဘဲ ကျွန်တော်သက်ပြင်း ချနိုင်တော့တယ်။ ကျွန်တော်ထင်တာက စာပေးလို့ဆရာမကို သွားတိုင်တယ်ထင်တာ ဘယ်ဟုတ်မလဲ သူက စာသွားမေးတာကိုး။ ကို့စာကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရွှေစင်ရယ်။ ကျွန်တော် ချစ်နေတာကို သူ့ကို အသိပေးပြီးတဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်စိတ်ထဲနည်းနည်း ပေါ့သွားတယ်။ စာသင်နေတဲ့အချိန်မှာ သူ့ကို ခိုးခိုး ကြည့်နေရင်းနဲ့ ငါ ချစ်တယ်ဆိုတာကို သူ သိနေပြီပဲ ဆိုတဲ့အတွေးကလေးက အရမ်းကြည်နူးဖို့ ကောင်းပါတယ်။ ချစ်တယ် ရွှေစင် ရယ်။ အရမ်းချစ်တယ်။
တစ်နေ့မှာတော့ သူ့ရဲ့ပတ်စပို့ ဓာတ်ပုံလေးတစ်ပုံ ကျွန်တော် ရခဲ့ပါတယ်။ သူက ကြည်ကြည်ဖြူဖြူ ပေးလို့တော့ မဟုတ်ပါဘူး။ အတန်းပိုင်ဆရာမက စာမေးပွဲဖြေခွင့် ဖောင်တွေယူလာပြီး သတ်မှတ်ထားတဲ့ ပတ်စပို့စ် ဓာတ်ပုံတွေ ပြည့်မပြည့် ကျွန်တော့်ကိုကူပြီး စစ်ခိုင်းပါတယ်။ အဲဒီလို စစ်နေရင်းနဲ့ သတ်မှတ်ထားတဲ့ ဓာတ်ပုံ ၃ ပုံနေရာမှာ သူက ၄ ပုံဖြစ်နေတယ်။ အလစ်မှာပဲ ဆရာမ မသိ အောင် ကျွန်တော် သူ့ဓာတ်ပုံလေးတစ်ပုံကို ယူထားလိုက်တယ်။ အရာရာ အားလုံးအတွက် ကံကြမ္မာနဲ့ရွှေစင်ကို ကျေးဇူးတင်ပါ တယ်။ အချိန်တွေတစ်ဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ ကျောင်းသူ၊ ကျောင်းသားတိုင်း ရင်ဆိုင်ရမယ့် စာမေးပွဲကြီးလည်း နီးနီး လာပါတယ်။ သူနဲ့ပတ်သက်ပြီးတော့လည်း ထိုထက်ပိုပြီး ဘာမှမကြိုးစားခဲ့ပါဘူး။ အဖေ၊ အမေနဲ့ ဒေါ်ကြီးတို့ဖြစ်စေချင်တဲ့ အတိုင်း ၁၀ တန်းစာမေးပွဲကြီးကို ကောင်းမွန်စွာနဲ့ ဖြေဆိုနိုင်အောင် ပွဲမ၀င်ခင် အပြင်မှာလေ့ကျင့်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကျွန်တော်ကြိုး စားပြီး ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအတွက် ရလာဒ်ကတော့ စာမေးပွဲဆိုတာကြီးနဲ့ တကယ်နဖူးတွေ့ ဒူးတွေ့ ကြုံဆုံလာတဲ့အချိန်မှာ ကြောက်ရွံ့ မှုမရှိဘဲ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တယ်။ နောက်ဆုံးဘာသာရပ်ဖြစ်တဲ့ လူမှုရေးဘာသာကို ဖြေဆိုပြီးတဲ့နေ့မှာဘဲ သူနဲ့ ကျွန်တော့်ကိုဆုံတွေ့ဖို့ အကြောင်းဖန်လာပါတယ်။ အတန်းပိုင်ဆရာမရဲ့ အစီအစဉ်အရ ကျွန်တော်တို့ တန်းခွဲမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ကြတယ်။ စာမေးပွဲဆိုတာကြီး ပြီးဆုံးသွားလို့ ပေါ့ပါးလန်းဆန်းသွားသလို သူနဲ့ခွဲရတော့မှာပါလားဆိုတဲ့ အသိက စိတ်ကို အနည်းငယ်မွန်းကျပ်သွားစေပါတယ်။ မင်းနဲ့ မတွေ့ရတဲ့နေ့တွေမှာ ကိုယ်ဘယ်လိုနေရမှာလဲ ရွှေစင်ရယ်။ ဓာတ်ပုံရိုက်ပြီးတော့ တစ်ယောက်ကို တစ်ယောက်နှုတ်ဆက်ကြရင်း ကျွန်တော်သူ့နောက်ကလိုက်ပြီး လမ်းလျှောက် လာခဲ့တယ်။ တိုက်ဆိုင်လိုက်တာများ ကျွန်တော့်စက်ဘီးဘေးနားမှာ သူ့စက်ဘီးလေးကို ယှဉ်ရပ်ထားတာ တွေ့လိုက်ရတယ်။ ခွဲခွာရ တော့မယ့် လူနှစ်ယောက်ကို အမှတ်တရ ဖြစ်စေဖို့ မြားနတ်မောင်က ဖန်တီးပေးလိုက်ပြီထင်တယ်။ ကျွန်တော် စက်ဘီးသော့ဖွင့်ရင်း စကားဆိုမိပါတယ်။
"ရွှေစင် အားလုံးဖြေနိုင်တယ် မဟုတ်လား"
"အင်း ဖြေနိုင်ပါတယ် နင် ရော "
"အင်း ငါလည်းဖြေနိုင်ပါတယ်"
"အချိန်ရရင် ငါနင့်ကို အအေးတိုက်ပါရစေ လိုက်သောက်မယ် မဟုတ်လား"
သူ နာရီကို တစ်ချက် ကြည့်ပြီး ခေါင်းလေးငြိမ့်ပြတယ်။ သူနဲ့ကျွန်တော် အအေးဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ စတော်ဘယ်ရီ ဖျော်ရည် တွေမှာထားပြီး မိနစ်အတော်ကြာကြာ ဘာမှ မပြောပဲ ထိုင်နေမိတယ်။ မပြောဘဲသိ မကြည့်ဘဲမြင်တဲ့ မနောအသိများ သူ့မှာရှိနေရင် သိပ်ကောင်းမှာပဲဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော့် မျက်လုံးတွေကိုကြည့်ပြီး ခံစားချက်တွေ သိနိုင်အောင်လို့ပါ။ လှုပ်ရှားနေတဲ့ စိတ် တွေကို အတတ်နိုင်ဆုံး ထိန်းချူပ်၊ အေးစက်နေတဲ့ ဖျော်ရည်ခွက်လေးကို ကြည့်ပြီး ရင်ထဲက စကားတွေ ဖိတ်လျှံကျလာခဲ့ပါတယ်။
"ရွှေစင် ငါ အခုပြောတဲ့ စကားတွေကို သေချာနားထောင်ပေးပါ။ ချစ်တယ်ဆိုတဲ့ စကားကို ဘ၀ တစ်သက်တာလုံးအတွက် တစ်ယောက်တည်းကိုဘဲ ငါပြောချင်တယ်။ နင် ကို ငါ အရမ်းချစ်တယ် ရွှေစင်။ ငါ့ဘ၀မှာ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို နင့်ကို ပထမဦးဆုံးပြောဖြစ်တာပါ။ ငါက တောသားဆိုတော့ ချစ်တယ်ဆိုတဲ့ အကြောင်းကို ဖွဲ့နွဲ့ ပြီး ကဗျာဆန်ဆန် မပြောပြတတ်ဘူး။ ဒါပေမယ့် ငါ နင့်ဆီက အဖြေကိုတော့ အခုတို့ဖြေထားတဲ့ ၁၀ တန်းအောင်စရင်းထွက်တဲ့ နေ့ကျရင် သိချင်တယ်…ဟာ"
အရဲစွန့်ပြီး ရင်ထဲက စကားတွေလည်း ပြောပြီးရော သူ့မျက်နှာလေးကို မော့ကြည့်လိုက်တော့ တစ်ခြားမိန်းကလေးတွေလို ရှက်ပြီး ပါးအို့တွေ ဘာတွေ နီမနေဘူး။ ခေါင်းငုံ့မနေဘူး။ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတယ်။ ခဏကြာတော့မှ စကားဆိုလာပါတယ်။
"နင် ပြောချင်တာ ပြောပြီးသွားပြီးလား။ အဲဒါဆို ငါပြန်တော့မယ်။ နင်က ရည်စားစကားကို အအေးတိုက်ပြီးမှ ပြောတာပေါ့ ဟုတ်လား"
"နင် ငါပြောတာတွေရော သေချာ ကြားရဲ့လား ရွှေစင်ရယ် …ငါ့ကို မနောက်ပါနဲ့"
"ငါ ဘယ်မှာ နောက်လို့လဲ၊ နင်ပြောတာတွေကို ငါ တစ်လုံးမကျန် ပြန်ပြောပြရမလား၊ ပြီးတော့ နင်ပဲပြောတယ်လေ အဖြေကို အောင်စရင်း ထွက်တဲ့နေ့မှာ လိုချင်တယ်ဆို၊ ငါကဘာဆက်ပြောရမှာလဲ။ နင်ပဲ ရည်စားစကားပြော နင်ပဲ အဖြေပေးရမယ့်ရက် သတ်မှတ်ပေးပြီးတော့၊ အေး နင့်ကို ငါ တစ်ခုတော့ ပြောလိုက်မယ်။ အောင်စရင်းထွက်တဲ့ နေ့ကျရင် ငါ နင့်ကို ပေးထားတဲ့ ထီးလေး ယူလာခဲ့ ဟုတ်ပြီနော်။ ကဲ ငါပြန်တော့မယ်။ ကျောင်းပိတ်ရက်တွေမှာ ကျန်းမာရေးကို ဂရုစိုက်"
ကျွန်တော့်ကို စကားတွေ အများကြီး ပြောပြီး သူမ ထထွက်သွားတယ်။ အဲဒီနေ့ကျရင် ကိုယ်ဝမ်းသာရမှာလား ရွှေစင်။ အဲဒီနောက် ပိုင်းမှာတော့ ကျွန်တော် ရွာကိုခဏပြန်တယ်။ အဖေတို့ကို လယ်တောတွေထဲမှာ ကူလုပ်ပေးရင်းနဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေ ကို ကုန်လွန်စေခဲ့ပါတယ်။ အလုပ်တွေလုပ်နေရင်းမှာ သူ့ကိုသတိရ လွမ်းဆွတ်မှုတွေဟာ မသိသာပေမယ့် အားလပ်ချိန် ညပိုင်း မှာတော့ ကြယ်ရောင်စုံတွေ လင်းလက်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ကြည့်ပြီး သူ့အကြောင်းတွေ တွေးတောနေမိတယ်။ သူရော အခုအချိန်မှာ ဘာတွေလုပ်နေမလဲ။ ကျွန်တော့်ကိုရော သတိရနေပါ့မလား။ လွမ်းတယ် ရွှေစင်ရယ်၊ အရမ်းသတိရတယ်။
နေ့လေးတစ်နေ့
ကျွန်တော့်အတွက်တော့ အမှတ်တရ နေ့လေးတစ်နေ့ပါပဲ။ ဇူလိုင်လ နောက်ဆုံးအပတ်ရဲ့ တနင်္ဂနွေနေ့။ ၁၀ တန်းအောင်စာရင်းတွေ ထွက်တယ်။ မနက်အစောကြီးကတည်းက ဒေါ်ကြီးနဲ့အမေတို့ထပြီး ဘုရားမှာ ဆွမ်းကပ်၊ သစ်သီးတွေကပ်ပြီး ဆုတွေတောင်းနေကြ တယ်။ ဒေါ်ကြီးနဲ့အမေကို နှုတ်ဆက်ပြီး ကျွန်တော် ထွက်လာခဲ့တယ်။ အောင်စာရင်းကို ကြည့်လိုက်တော့ ကျွန်တော်က ဂုဏ်ထူး ၂ခု၊ ရွှေစင်က ဂုဏ်ထူး ၃ ခု၊ မျိုးဝင်းနဲ့ မင်းလှိုင် ကတော့ရိုးရိုးပဲ အောင်တယ်။ လူအုပ်ကြီး ကြားထဲကနေ ကြည့်ပြီး ပြန်ထွက်လာ တော့ ကိုရွှေမိုးက ရွာပါလေရောဗျာ။ ရွှေစင်ပေးထားတဲ့ ထီးကလေးကိုဆောင်းပြီး မိုးရွာကြီးထဲမှာ လိုက်ရှာနေမိတယ်။ တွေ့ပါပြီ ဗျာ တွေ့ပါပြီ ကျွန်တော့်ရဲ့ နတ်သမီးလေး အောင်စာရင်းကြည့်ပြီး လူအုပ်ထဲကနေထွက်လာတယ်။ သူက ကျွန်တော့်ကိုလည်းမြင်ရော နေသူရိန် အဆောင်ကြီးရဲ့ အနောက်ဖက်ကို ထွက်သွားတယ်။ ကျွန်တော်သူ့ဆီကို လျှောက်သွားမိတယ်။ ခုန်နေတဲ့ရင်တွေဟာ မီးရထားကြီး ခုတ်မောင်းနေသလားပါပဲ။
"ရွှေစင် နေကောင်းတယ်နော်…ဒီနေ့ ဘာနေ့လဲဆိုတာ သိလား"
"အင်း သိတယ် … တနင်္ဂနွေနေ့လေ"
"အေးလေ အဲဒါ…ငါတောင်းထားတဲ့အဖြေ "
"သြော်….ဒါလား" နှုတ်ခမ်းလေးမှာ အပြုံးလေးတစ်ပွင့်ချွေလိုက်ပြီး .."ငါ ပေးပြီးသွားပြီလေ "
"ရွှေစင်ရယ်… ငါ့ကို ရင်တွေတုန်အောင် မလုပ်ပါနဲ့၊ ငါ့ကို ချစ်လား၊ မချစ်ဘူးလား ပြောပါဟာ"
"ငါ အဖြေ ပေးပြီးသွားပြီ နင် မသိဘူးလား"
ရုတ်တရက် ကျွန်တော် ကြောင်သွားတယ်။ သူက ဆက်ပြောတယ်။
"နင်ကလေ တောသားလို့ မပြောရဘူး …အရမ်း အ တာဘဲ။ ငါက မိန်းကလေးဟ၊ သိလား။ ဒီလောက် အ နေရင်ငါပြောပြမယ် နင့်ကိုပေးထားတဲ့ ထီးရဲ့အမိုးကို ကြည့်လိုက် "
ကျွန်တော်မိုးရွာထဲမှာ ခဏဖယ်ပြီး ထီးအမိုးကို ကြည့်လိုက်တယ်။ အမိုးပေါ်မှာ အင်္ဂလိပ်စာလုံး Mr ကိုတွေ့လိုက်ရတယ်။
"အေးလေ … အဲဒါ ဘာဖြစ်လဲ"
"ငါ့ထီးအမိုးကို ကြည့်လိုက်"
သူ့ရဲ့ထီးအမိုးကိုကြည့်လိုက်တော့ Mrs ဆိုတဲ့ စာလုံးလေးတွေ့လိုက်ရတယ်။ ကျွန်တော်ရုတ်တရက် ကြောင်သွားတယ်။ ချက်ခြင်းသဘောမပေါက်သေးဘူး။ ခဏကြာမှ ...
ဟာ…သိပြီ…သိပြီ နင်ဆိုလိုချင်တာက Mr & Mrs အဲဒါကိုဆိုလိုချင်တာ ဟုတ်တယ် မဟုတ်လား ရွှေစင် ဟုတ်တယ် မဟုတ်လား"
ကျွန်တော် မေးလိုက်တော့ သူ ခေါင်းလေးငြိမ့်ပြတယ်။
"အဲဒါဆို နင် ငါ့ကို ချစ်တယ်ပေါ့ ဟုတ်လား ရွှေစင် "
သူထပ်ပြီး ခေါင်းငြိမ့်ပြတယ်။ ကျွန်တော် ချက်ခြင်းပဲ ဆောင်းထားတဲ့ ထီးလေးကို ဖယ်ပြီး မိုးရွာကြီးထဲမှာ ခုန်ပေါက်နေမိတယ်။ ကျွန်တော်ပျော်နေတာလေးကို ကြည့်ပြီး Mrs ဆိုတဲ့ ထီးလေးဆောင်းထားပြီး သူ ရယ်နေခဲ့တယ်။ ကျွန်တော်က သူ့လက်ကလေးကို မ၀ံ့မရဲလေး ကိုင်လိုက်တော့ သူ စကားတစ်ခွန်းဆိုတယ်
"မိုးစက်ဝင်း ငါလည်း ဘ၀တစ်သက်တာလုံးမှာ ချစ်တယ်ဆိုတဲ့ စကားကို နင်တစ်ယောက်တည်းကိုပဲ ပြောခဲ့တာပါ။ တို့နှစ်ယောက် သစ္စာရှိကြေးနော်"
"ငါ ယုံပါတယ် ရွှေစင်ရယ် ယုံပါတယ်။ နင်ပြောသလို တို့နှစ်ယောက် သစ္စာရှိကြေးနော်"
မြားနတ်မောင်ရဲ့ မြားချက်ကြောင့် အဲဒီနေ့က မိုးရွာကြီးထဲမှာ Mr & Mrs ဆိုတဲ့ထီးလေးနှစ်လက်ကို ဆောင်းထားတဲ့ ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက်ဟာ အတူလက်တွဲပြီး ချစ်သူတွေရဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်အောင် လျှောက်လှမ်းသွားကြမယ်လို့ မိုးမင်းကြီးကို သက်သေထားပြီး ဆန္ဒတွေပြုခဲ့ကြတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ဇူလိုင်လ (၂၅) ရက်နေ့ မိုးတွေရွာနေတဲ့နေ့ပေါ့…
အမြဲရွှင်လန်းချမ်းမြေ့ပါစေ
မိုးစက်
27 . 7 . 2007 ( PM 4:14)
No comments:
Post a Comment