Jun 28, 2007

ကျွန်တော်ဆေးလိပ်ရဲ့ကျေးကျွန်


အမေရိကန် တစ်နိုင်ငံထဲမှာပင် ဆေးလိပ်ကုမ္ပဏီတွေဟာ ဆေးလိပ်ဝယ်ယူသောက် သုံးသူ (၅၀၀၀)ခန့် နေ့စဉ်ဆုံရှုံးနေရပါတယ်။ အဲဒီအထဲက ဆေးလိပ်သောက်သုံးသူ (၁၂၀၀) ဟာ ဆေးလိပ်ကြောင့်ဖြစ်တဲ့ ဆိုးဝါးတဲ့ရောဂါဝေဒနာတွေနဲ့ သေဆုံးသွားကြပြီး ကျန်(၃၅၀၀) ကတော့ ဆေးလိပ်ရဲ့ဆိုးကျိုးအနိဌာရုံတွေကို သိရှိသွားပြီး ရှောင်ကြဉ်သွားကြလို့ပါပဲ။

ကျွန်တော်ဟာ ဆေးလိပ်နဲ့မစိမ်းပါဘူး။ ကျွန်တော်မမွေးခင် အမေ့ဝမ်းဗိုက်ထဲကစပြီး ရင်းနှီးခဲ့တယ်ဆိုရမှာပဲ။ အမေက (၁၆)နှစ်သမီးအရွယ်ကတည်းက ဆေးလိပ်စသောက်ခဲ့ပါ တယ်။ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီးရှူးဖိနပ်ဆိုင်မှာ အလုပ် လုပ်ခဲ့ပါတယ်။ အဲလိုအလုပ်ရဖို့အတွက်က ပညာတွေအထူးတတ်နေဖို့ မလိုဘူးလေ။ ဆေးလိပ်တွေက ဈေး သိပ်မကြီးတဲ့အတွက် လူငယ်တွေအတော်များများ သောက်နိုင်ကြပါတယ်။ လွယ်လွယ်ကူကူနဲ့ ရနိုင်တယ်လေ။ အဲဒီအချိန်က ဆေးလိပ်ဟာ လူရဲ့ကြီးထွားနှုန်းကို ရပ်တန့်စေတယ်ဆိုတာ သိပ်မသိကြဘူး။ တိုက်ဆိုင်မှုထင်ပါရဲ့ အမေလည်းအရပ်ပုပုပါပဲ။ ၅ပေ ထက်မကျော်ပါဘူး။ ၁၉၅၄ ဖေဖော်ဝါရီမှာ အဖေနဲ့အမေ လက်ထပ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျွန်တော့်ကိုမွေး ဖွားဖို့ကိုယ်ဝန်စလွယ်ခဲ့ပါတယ်။ အမေဟာ ကိုယ်ဝန်ဆောင်ထားပေမယ့် ဆေးလိပ်သောက်မြဲ ပါပဲ။ သန္ဓေသားကို ထိခိုက်စေတယ်ဆိုတာ မသိခဲ့ကြလို့ပါ။ ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်း Nicotine ဓာတ်ဟာ အချင်းတိုင်ကနေတဆင့် သန္ဓေသားဆီကိုရောက်ပြီး သန္ဓေသားကိုဆိုး ကျိုးတွေ ပေးစေပါတယ်။ လမစေ့ပဲ မွေးဖွားခြင်း၊ ပေါင်မပြည့်ပဲ ကလေးသေးသေးမွေးဖွားခြင်း စတဲ့ ဆိုးကျိုးတွေပါပဲ။

၁၉၅၄ ဒီဇင်ဘာလမှာ ကျွန်တော့်ကိုမွေးဖွားခဲ့ပါတယ်။ အမှန်တကယ်ပါပဲ။ မွေးကင်းစ ကျွန်တော်ဟာ ပုံမှန်ထက် အများကြီးသေးပါတယ်။ ၆ ပေါင်တောင်မပြည့်ရှာပါဘူး။ အဲဒီအချိန် က ဒါဟာဆေးလိပ်ကြောင့်ဆိုတာ လက်ညှိုးထိုးမဲ့သူကလည်း နည်းနေခဲ့ပါတယ်။ အမေက တော့ ဆေးလိပ်သောက်မြဲပါပဲ။ ဖြတ်ဖို့လည်း မကြိုးစားတဲ့အပြင် ဖြတ်ရကောင်းမှန်း မသိခဲ့ ပါဘူး။အမေဆေးလိပ်သောက်တော့ အမေ့နားမှာနေတဲ့ ကျွန်တော်ဟာလည်း ရင်သွေးငယ် ဘ၀ကတည်းက ဆေးလိပ်ငွေ့ကို ရှုရှိုက်ခဲ့ရတာပေါ့။ ဆေးလိပ်ကို ကိုယ်တိုင်မြည်းစမ်းကြည့် ခွင့်ရခဲ့တာကတော့ ၁၀ နှစ်သားလောက်မှာပေါ့။ တစ်နေ့ အမေအပြင်သွားနေခိုက် စမ်းသောက်ကြည့်ခွင့် ရခဲ့တယ်။ အမေသောက်ထားတဲ့ ဆေးလိပ်တိုတွေထဲက အရှည်ဆုံး တစ်လိပ်ကို ရွေးပြီး ကွေးကြေနေတဲ့ အပိုင်းတွေကိုလက်နဲ့ပွတ်သပ်၊ ဖြောင့်ပြီးတဲ့နောက် ပါးစပ် ဖျားမှာတေ့လိုက်တယ်။ ကို်ယ့်ကိုယ်ကိုတော့ ရုပ်ရှင်မင်းသားပေါ့။ အဆင်သင့်ချထားတဲ့ မီးခြစ် ကို ဟန်ပါပါနဲ့ခြစ်လိုက်ပြီး အဆင်သင့်မီးညှိလိုက်တယ်။ အမေဆေးလိပ်မီးညှိနေတာကို နေ့စဉ် မြင်နေကြ ကျွန်တော့်အတွက်ကတော့ အဆန်းတကြယ် မဟုတ်လှပါဘူး။ ဒီလိုနဲ့ပဲ ဆေးလိပ် ကို ပထမဦးဆုံးအကြိမ် ဖွာဖြစ်လိုက်တယ်။ တကယ်ပါပဲ…..။ သိပ်ကိုဆွဲဆောင်မှုရှိတယ်။ ဒီ အကျင့်ကို နှစ်ပေါင်းများစွာ စွဲလမ်းသွားလိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး။

အသက် ၁၂နှစ်အရွယ် ကျွန်တော်နှင့်ဆေးလိပ်

အသက် ၁၂နှစ်အရွယ်ပေါ့။ ကျွန်တော် ကြော်ငြာစာစောင်ဝေတဲ့ အလုပ်တစ်ခုရတယ်။ သိပ်မဆိုးလှပါဘူး။ လက်ထဲမှာ သုံးဖို့စွဲဖို့ငွေ ဖောဖောသီသီ ရလာတာပေါ့။ တခါတရံတော့ သတင်းစာရောင်းတဲ့အလုပ်ပါ တွဲလုပ်တယ်။ လမ်းပေါ်မှာ ရောင်းရတဲ့အလုပ်ဆိုတော့ လူပေါင်းစုံပေါ့။ တစ်နေ့မှာ ကျွန်တော့်ဖောက်သည်တစ်ယောက်က ဆေးလိပ်ကြေးဖဲရိုက်ဖို့ခေါ် ခဲ့တယ်။ သူက ဖဲရိုက်နည်းပါ သင်ပေးခဲ့တယ်လေ။ Beginner Luck ထင်ပါရဲ့။ သူတို့ဆီက ဆေးလိပ်အားလုံးလိုလို နိုင်လိုက်တာပေါ့။ အဲဒီမှာပဲ နိုင်သမျှဆေးလိပ်တွေကို သူတို့နဲ့အတူ ထိုင်သောက်ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်သောက်နေတာကို ကြည့်ပြီးတော့ သူငယ်ချင်းက အားမရတဲ့လေသံနဲ့ မင်းဆေးလိပ်ကို ရှိုက်တတ်ရဲ့လားလို့မေးခဲ့တယ်။ သူဘာ ကိုဆိုလိုမှန်း ကျွန်တော်နားမလည်ခဲ့ဘူး။ ---ဆေးလိပ်ငွေ့ကို ပါးစပ်ထဲစုပ်တယ်လေ။ ပြီးပြန် မှုတ်ထုတ်လိုက်တယ် ဘာဆန်းလို့လဲလို့ …. ကျွန်တော်ဖြေလိုက်တာပေါ့။ ---မဟုတ်ဘူး၊ ဆေးလိပ်ငွေ့ကို ဖွာရုံနဲ့မပြီးဘူး။ အဆုတ်ထဲထိ ၀င်အောင်တ၀ကြီးရှိုက်မှ အရသာသိမှာပေါ့။ စူးစမ်းချင်တဲ့ ကျွန်တော်ကတော့ သူငယ်ချင်းပြောတဲ့အတိုင်း လုပ်ကြည့်လိုက်တာပေါ့။ ဆေးလိပ်ငွေ့ကို တ၀ကြီးရှိုက်ပြီး စမ်းရှိုက်ကြည့်လိုက်တာပေါ့။ ရုတ်တရက် ဆေးလိပ်ငွေ့ သီးပြီးတော့ ချောင်းတွေဆိုးလာတယ်။ နောက်တော့ အသက်ရှုကြပ်သွားပြီး မျက်ရည်တွေ တောင် ယိုလာတယ်။ တကယ်တော့ ကျွန်တော့ခန္ဓာကိုယ်က ဆေးလိပ်ဟာ လူနဲ့မတည့်ဘူးလို့ သတိပေးနေတာပဲ။ အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်းတွေဟာ ခန္ဓာကိုယ်က ကာကွယ်ပေး နေတာပေါ့။ ခန္ဓာကိုယ်က ဆေးလိပ်ဟာ လူတွေအတွက် မကောင်းဘူးလို့ ပြောနေပေမယ့် အပိုပါပဲ။ ကျွန်တော့်သူငယ်ချင်းတွေရဲ့အားပေးကူညီမှုနဲ့ ဆေးလိပ်ကို ကျွန်တော်ကောင်း ကောင်းကြီး ရှိုက်တတ်သွားတယ်။ အတတ်ကောင်းတစ်ခု တတ်သွားတော့ ပျော်နေမိတာပေါ့။ ဒီအတတ်ကောင်းတွေဟာ လူတွေကို ရောဂါဆိုးတွေပေးလိမ့်မယ်ဆိုတာ မသိခဲ့ဘူးလေ။

ကျွန်တော်အကြိုက်ဆုံး စီးကရက်ကတော့ Mariboro ပါပဲ။ ဆင့် ၃၀ ပေးရုံနဲ့ ရနိုင်ပါ တယ်။ သိပ်အဝေးကြီးသွားဝယ်စရာ မလိုပါဘူး။ ကျွန်တော့်အိမ်ရှေ့က စတိုးဆိုင်လေးမှာတင် ရနိုင်ပါတယ်။ အဲဒီဆိုင်မှာပဲ အမေ့အတွက် ဆေးလိပ်ဝယ်ပေးနေကျလေ။ အဲဒီအချိန်က ကျွန်တော့်အသက်က ၁၂နှစ်၊ ၁၃နှစ်ဆိုတော့ တချို့လူးကြီးတွေက ကျွန်တော်ဆေးလိပ် သောက်တာကို မကြိုက်ပါဘူး။ သူတို့မမြင်ကွယ်ရာမှာ သောက်ရတာပေါ့။ သတင်းစာရောင်း ရင်း လူရှုင်းတဲ့ မီးရထား ဘူတာတွေ၊ တံတားအောက်တွေနဲ့ မြို့ထဲက ချောင်ကျတဲ့နေရာတွေ ဟာ ကျွန်တော့်အတွက် ဆေးလိပ်သောက်ဖို့ လုံခြုံတဲ့နေရာတွေပါပဲ။ ပြီးတော့ လူစုပြီး ဆေးလိပ်ဝေသောက်ရတဲ့ အလုပ်ဟာလည်း တကယ့်ကို Social ကျပါတယ်။ တခါတလေ တစ်ယောက်ကိုတစ်ယောက် ဆေးလိပ်မီးညှိပေးရတဲ့အလုပ်ဟာ သိပ်ကိုရင်နှီးဖော်ရွေပြီး ဒါဟာ သူငယ်ချင်းကောင်းတွေရဲ့ အလုပ်ပဲလို့တောင် ထင်ခဲ့ကြတာပေါ့။ ကျွန်တော်က ၀င်ငွေ ရှိတဲ့လူဆိုတော့ တခြားသူတွေဆီက တောင်းသောက်ရတာမျိုး ရှားပါတယ်။ ကျွန်တော်ကပဲ သူတို့ကို တိုက်ခဲ့ရတဲ့အခါက ပိုများပါတယ်။ အဲဒါကိုပဲ ကျွန်တော်နှစ်ခြိုက်မိတာပေါ့။

ကျွန်တော် အသက် (၁၆) နှစ်

၁၆နှစ်သားအရွယ်မှာတော့ အရင်ကလို ဆေးလိပ်ကို မမြင်ကွယ်ရာမှာ ပုန်းသောက်ဖို့ မလိုတော့ပါဘူး။ ဆေးလိပ်ကို လွတ်လွတ်လပ်လပ် သောက်ခွင့်ရတဲ့အရွယ်လေ။ အိမ်မှာ တောင်သောက်လို့ရပါပြီ။ ဘယ်သူမှ မတားခဲ့ပါဘူး။ ဒါပေမယ့် ကျောင်းမှာတော့ ဆရာမကခွင့် မပြုပါဘူး။ ဆရာမ မမြင်နိုင်တဲ့ သန့်စင်ခန်းလိုနေရာမျိုးမှာ ကျွန်တော်တို့တတွေ စုပြီးဆေးလိပ် သောက်ကြရပါတယ်။ အဲဒီအရွယ်မှာ ကျွန်တော်က ဆေးလိပ်ကိုအတော်စွဲလန်းနေပါပြီ။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ ဆေးလိပ်ရဲ့ကျေးကျွန်ဖြစ်မှန်းမသိခဲ့ပါဘူး။ ဒီလိုနဲ့ဆေးလိပ် ကိုစွဲလန်းခဲ့တာ အသက် ၃၉နှစ်အထိပါပဲ။

အသက်(၃၉)နှစ်

ဒီအချိန်မှာတော့ ဆေးလိပ်ဖြတ်ဖို့အတွေးတစ်ခု စတင်ခဲ့ပါတယ်။ ဒီအတွေးကတော့ ခြောက်ခြားစရာကောင်းတဲ့ နေ့တစ်နေ့ကမြစ်ဖျားခံခဲ့တယ်လို့ ဆိုရလိမ့်မယ်။ နှစ်ပေါင်းများစွာ တွယ်တာလာခဲ့တဲ့ ဆေးလိပ်ကိုဖြတ်ဖို့ဆိုတာ စာဖတ်သူလွယ်မယ်လို့များထင်ပါသလား။ လုံးဝ မလွယ်ပါဘူး။ ပြတ်ပြီးသည့်တိုင်အောင် အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆက်သောက်ခဲ့ရတဲ့ သူတွေလည်း တပုံကြီးပါပဲ။ အချို့ဆို အကြိမ်တစ်ရာတောင် ဖြတ်ယူခဲ့ရပါတယ်။ အောင်မြင် သွားတဲ့ သူတွေလည်းရှိပါတယ်။ မိတ်ဆွေဟာ ဆေးလိပ်စွဲနေသူတစ်ယောက်ဖြစ်ခဲ့ရင် ပထမ ဆုံးအနေနဲ့ ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်အောင်မြင်အောင်ဖြတ်နိုင်ဖို့ နည်းလမ်းအချို့ ပြောပြချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဆေးလိပ်ကျေးကျွန်ဘ၀ ကနေ အတော်ရုန်းထွက်ခဲ့ရပါတယ်။ တိုက်ပွဲတစ်ခု ဆင်နွှဲနေရသလိုပါပဲ။ မိတ်ဆွေကိုလည်း ကိုယ်ချင်းစာပါတယ်။

ဆေးလိပ်ဟာ ကောင်းပါတယ်။ သိပ်ကောင်းပါတယ်။ သေတဲ့အထိကိုကောင်းပါတယ်။ ကင်ဆာရောဂါနဲ့ သေဆုံးသူတွေရဲ့ ၃၀ % ဟာဆေးလိပ်ကိုနှစ်ရှည်လများ သောက်သုံခဲ့သူ တွေဖြစ်ပြီး ဆေးလိပ်သောက်သုံးခြင်းဟာ အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပါးစပ် ကင်ဆာ၊ အသည်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ စတဲ့ကင်ဆာ အမျိုးမျိုးကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းကြီး တစ်ခုဖြစ်ပါတယ်။ Center for Disease Control ရဲ့ ၂၀၀၀ခုနှစ် စစ်တမ်းများအရ လူပေါင်း ၈.၆သန်းဟာ ဆေးလိပ်ကြောင့် နာတာရှည်ရောဂါတွေ ခံစားနေရပါတယ်။ အမေရိကန်နိုင်ငံ စစ်တမ်းများအရ နှစ်စဉ် လူပေါင်း ၄၄၀၀၀၀ခန့်ဟာ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် သေဆုံးနေရပါတယ်။ သေဆုံးသူ ၅ယောက်မှာ တစ်ယောက် ဟာဆေးလိပ်ကြာရှည်သောက်သုံးခြင်းနဲ့ ပတ်သက်နေပါတယ်။ အရက်၊ ယာဉ်တိုက်မှု၊ AIDS စတာတွေကြောင့် သေဆုံးရခြင်းထက် ဆေးလိပ်ကြောင့် သေဆုံးရခြင်းက ပိုလို့တောင်များနေ ပါတယ်။

ခြောက်ခြားစရာနေ့တစ်နေ့

အမေ ၁၆နှစ်ကစပြီး သောက်ခဲ့တဲ့ဆေးလိပ်ဟာ သူ့အသက် ၅၇နှစ်မှာ လုံးဝဲပြတ်သွား ပါတယ်။ အမေ့ကို ဆေးလိပ်ပြတ်သွားအောင် တွန်းအားပေးခဲ့သူကတော့ အခြားသူမဟုတ်ပါ ဘူး။ ဆေးလိပ်ကြောင့်ရခဲ့တဲ့ နှလုံးသွေးကြောကျဉ်းရောဂါပါပဲ။ တစ်နေ့အမေအလုပ်လုပ်ရင်း ရုတ်တရက် ရင်ဘတ်အောင့်လာပြီး သတိလစ်မေ့မျောသွားပါတယ်။ ဆေးရုံးရောက်တဲ့အခါမှာ အမေဟာ ပြင်းထန်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် အခုလို သတိလစ်မေ့မျောသွာတာ ဖြစ်ကြောင်းနှင့် ဆေးလိပ်ကြာရှည်စွာ သောက်ခဲ့ခြင်းကြောင့် အခုလိုနှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ရကြောင်း ဆရာဝန်ကရှင်းပြပါတယ်။ နှလုံးသွေးကြော အစားထိုးကုသမှသာ ပိတ်နေတဲ့ နှလုံးသွေးကြောနေရာကို အစားထိုးကုသရမှာ ဖြစ်တဲ့အကြောင်း အသေးစိတ်ရှင်း ပြခဲ့ပါတယ်။ အမေ့အသက်ကို ကယ်တင်နိုင်မယ့် အခွင့်အလမ်းဟာ ဒီတစ်နည်းပဲရှိတဲ့အတွက် ခွဲစိတ်ကုသမှုကို သဘောတူခဲ့ပါတယ်။ နှလုံးသွေးကြောအစားထိုးကုသခြင်းဟာ ကိတ်မုန့် တစ်လုံးလှီသလို၊ ပန်းခြံထဲလမ်းလျှောက်ထွက်သလိုမျိုး လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။

အဲဒီခြောက်ခြားစရာနေ့ကို မှတ်မိနေပါသေးတယ်။ အမေခွဲစိတ်ခန်းက ထွက်လာတဲ့ အခါ အထူးကြပ်မတ်ကုသဆောင်မှာ အမေ့ကိုတွေ့ခွင့်ရပါတယ်။ အမေ့ကိုမြင်လိုက်ရတဲ့အခါ ကျွန်တော်အတော့်ကို သွေးပျက်သွားပါတယ်။ မျက်ရည်တွေ အလိုလိုစီးကျလာပါတယ်။ အမေ့ ရဲ့နှာခေါင်းဝမှာ ပိုက်တွေတန်းလန်းနဲ့ မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြစ်လို့။ သူကိုယ်တိုင် လည်း အသက်မရှူနိုင်ရှာပါဘူး။ အောင်ဆီဂျင်ကို Respirator ( အလိုအလျောက် အပြင်မှ အဆုတ်အတွင်းသို့ အောက်ဆီဂျင်သွင်းပေးသောစက်) ကနေတစ်ဆင့် မှုတ်သွင်းမှုတ်ထုတ် လုပ်နေရတယ်။ အမေ့ကိုထားတဲ့အခန်းက တိတ်ဆိတ်နေပါတယ်။ Respirator အသံပဲကြား နေရပါတယ်။ အမေရဲ့ ဝေဒနာခံစားနေရတဲ့ မြင်ကွင်းကိုကြည့်နေရတာ သွေးပျက်ဖို့ကောင်းပါ တယ်။ ငယ်ငယ်ကဆေးလိပ်ငွေ့တွေကြားမှာ ပြုံးနေတဲ့ အမေရဲ့မျက်နှာကို မြင်ယောင်မိပါ တယ်။ သြော်…အမေရဲ့ပြုံးနေတဲ့မျက်နှာကို နောက်တစ်ကြိမ်မြင်ခွင့်ရှိပါဦးမလား။ အိမ်ကိုပြန် ရောက်တဲ့အခါ ကျွန်တော့်အတွေးတွေ ဗလောင်ဆူနေပါတယ်။ ---အမေသာ မရှိခဲ့ရင်……. ကျွန်တော်ဆက်ပြီးတော့ မတွေးရဲပါဘူး။ အမေသောက်နေကျ ဆေးလိပ်အချို့နဲ့ ဆေးလိပ်ပြာ ခွက်ကတော့ အရင်အတိုင်းစားပွဲပေါ်မှာ နေသားကျလို့။ အမေ့မှာတော့ သူသောက်နေခဲ့တဲ့ ဆေးလိပ်တွေရဲ့ ဒဏ်ကိုခံနေရလေရဲ့။ ဒီဆေးလိပ်တွေဟာ လူတွေကိုအရှင်လတ်လတ် ငရဲပို့ နေတဲ့ တရားခံတွေပေါ့။ ကျွန်တော့် ခေါင်းထဲအသိတရားတစ်ခု ၀င်လာတယ်။ ငါလည်း အမေ့ လို ဝေဒနာဆိုးတွေ မခံစားရခင် ဒီဆေးလိပ်ကို ဖြတ်မှဖြစ်တော့မယ်။ ငါ့သားသမီးတွေ ဒီဆေးလိပ်ကြောင့် ငါဝေဒနာခံစားနေရတဲ့ အနိဌာရုံတွေကို မမြင်စေရဘူး။ မှားမှန်မသိဘဲ ၂၅နှစ်ကျော် တွယ်ငြိလာခဲ့တဲ့ ဒီဆေးလိပ်တွေကို စွန့်ခွာဖို့ တထစ်ချဆုံးဖြတ်လိုက်တယ်။ ဆေးလိပ်တိုက်ဖျက်ရေး စာစောင်တွေကျွန်တော် ရှာဖတ်ခဲ့တယ်။ ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းမှန်သမျှ ကျွန်တော်ရှာခဲ့ပါတယ်။ ဆေးလိပ်ဟာ တန်ခိုးကြီးထွားပါတယ်။ အရင်က ဆေးလိပ်ရဲ့ ဆိုးကျိုးတွေကိုမသိလို့ သောက်ခဲ့ပါတယ်။ ဆိုးကျိုးတွေကို ကိုယ်တိုင် သိမြင်လာ သည့်တိုင်အောင် မိုက်တွင်းနက်နေချင်သေးတယ်။ ကျွန်တော့်စိတ်ဆန္ဒ ပြန်သောက်ဖြစ်အောင် တောင်းဆိုနေသေးတယ်။ ဒါပေမယ့် ကျွန်တော်ခဲရာခဲဆစ်ကို ဖြတ်ခဲ့ရတယ်။ နောက်ဆုံးတော့ အောင်မြင်တာပါပဲ။ ကျွန်တော်ဖြတ်မယ့်ရက်ကို အတိအကျရေးမှတ်ထားခဲ့တယ်။ ဆေးလိပ် အစား ပီကေစားတဲ့အကျင့်၊ နေကြာစေ့စားတဲ့အကျင့်တွေနဲ့ အစားထိုးခဲ့တယ်။ ဆေးလိပ်နဲ့ဝေး အောင်လည်း နေခဲ့ရတယ်။ ပထမဖြတ်ခါစတော့ နေလို့ထိုင်လို့ မကောင်းခဲ့ဘူး။ နောက်ဆုံး တော့ ဒါတွေအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်။

ဆေးလိပ်ကြောင့် ဖြစ်တတ်သောရောဂါများ

(၁) ဆေးလိပ်သည် အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ပါးစပ်ကင်ဆာ၊ ဆီးအိမ်

ကင်ဆာ၊ အသည်းကင်ဆာနဲ့ သွေးကင်ဆာအပါအ၀င် အမျိုးမျိုးသော ကင်ဆာ

ရောဂါများကို ဖြစ်စေနိုင်သည်။

(၂) နှလုံးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေသည်။

(၃) စိတ်ကျရောဂါနှင့် Alzheimer`s ခေါ် သတိမေ့ရောဂါကို ဖြစ်စေနိုင်သည်။

(၄) အမျိုးသားများ ပန်းသေ ပန်းညှိုးခြင်းနှင့်

(၅) အမျိုးသမီးများ သားသမီး မထွန်းကားပဲ မြုံစေနိုင်သည်။

(၆) ကိုယ်ဝန်ဆောင်မိခင်များ လမစေ့ပဲ မွေးဖွားခြင်း၊ ကလေးပေါင်မပြည့်ပဲ မွေးဖွား

ခြင်းများ ဖြစ်စေသည်။


မိတ်ဆွေ သင်ကောဆုံးဖြတ်ပြီးပြီလား၊ အောင်မြင်ပါစေ ….

ကျွန်တော့်အစ်ကို ဒေါက်တာမျိုးဆွေ ဘာသာပြန်ရေးဖွဲ့ထားတာကို ပြန်လည်ခံစားပြီး ရေးသားတင်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ …

ဆက်ဖတ်ရန်...

Jun 25, 2007

သူတို့သိတဲ့ အင်တာနက်

ကျွန်တော် နိုင်ငံခြားမှာကျောင်းတက်ခွင့်ရလို့ ၀မ်းသာအားရနဲ့အိမ်ကို ပြန်လာခဲ့တယ်။ နှစ်အတော်ကြာ တစ်မြေခြားမှာသွားနေရမှာဆိုတော့ အမေကရွာမှာရှိတဲ့ အဘိုး၊ အဘွားတွေ ဆီကိုသွားပြီး နှုတ်ဆက်သင့်တယ် လို့ပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်းရွာကိုသွားဖို့ ကား လက်မှတ်သွားဝယ်တယ်။ နောက်နေ့ မနက်စောစော ပဲ တစ်ယောက်တည်း ရွာကိုထွက်လာခဲ့ တယ်။ အဖေနဲ့အမေ ဇာတိက မြင်းခြံမြို့နယ်ထဲက ရွာလေးတစ်ရွာပါ။ မြို့နဲ့ ၁၄ မိုင်လောက် အလှမ်းကွာဝေးပါတယ်။ မြို့နဲ့တစ်ဖြေးဖြေး ဝေးကွာလာတာနဲ့အမျှ ကျေးလက်ရဲ့ရှုခင်း၊ ကျေးလက်ရဲ့ အနံ့အသက်တွေမြင်ရတွေ့ရတယ်။ ရောက်တက်ရာရာ တွေးရင်းနဲ့ပဲ ကားစီး လာလိုက်တာ နေ့လည် ၂ နာရီကျော်ကျော်လောက်မှာပဲ ရွာကို ရောက်ပါတယ်။ ခဏနား၊ ရေချိုးလိုက်တယ်။ ညနေစာ ထမင်းစားပြီးတဲ့အချိန်မှာတော့ ရေနွေးဝိုင်းလေးနဲ့အတူ အဘိုး၊ အဘွားတွေ၊ ဦးလေးတွေနဲ့ စကားစမြည် ပြောဖြစ်ကြတယ်။ နိုင်ငံခြားထိ ပညာသွားသင်ရမှာ ဆိုတော့ ကျန်းမာရေး ဂရုစိုက်ဖို့၊ ဘုရား တရား မမေ့ဖို့၊ အစစအရာရာ သတိထားဖို့ အဘိုးနဲ့ အဘွားက မှာတယ်။ စကားတွေပြောနေရင်း ညဉ့်လည်းနက်လာရော အဘိုးနဲ့အဘွား က အိပ်တော့မယ်ဆိုပြီးထွက်သွားကြတယ်။ စကားဝိုင်းမှာ ရွာက သူငယ်ချင်းတစ်ချို့ရယ်၊ ကျွန်တော့် ဦးကြီး ဦးအောင်ဝင်းရယ်ပဲ ကျန်ခဲ့တော့တယ်။
ရွာက သူငယ်ချင်းတစ်ယောက်ကမေးတယ်။ နိုင်ငံခြားမှာ ပညာသွားသင်ရမှာဆိုတော့ ဘာတွေသင်ရမှာလဲလို့ ကျွန်တော့်ကိုမေးလာတယ်။ ကျွန်တော်က သင်ရမယ့်ဘာသာရပ် အကြောင်းကို သူတို့နာလည်အောင် ရှင်းပြလိုက်တယ်။ ပြီးတော့ ကျွန်တော် ဟိုမှာ ပညာသွား သင်တာထက် အင်တာနက်နဲ့ ပတ်သက်တာတွေ ကိုပါ အရမ်းလေ့လာချင်တာ လို့ပြောလိုက်မိ တယ်။( အမှန်တကယ် အဲဒီအချိန်တုန်းက အင်တာနက်ဆိုတာ ဘာမှန်းကိုမသိတာပါ၊ ) အဲဒီအချိန်မှာတင် ကျွန်တော့်ဦးကြီး ဦးအောင်ဝင်းက ထပြောတယ်။ အေး ငါ့တူ … မင်းပြော တဲ့အင်တာနက်ဆိုတာကို ဦးကြီးသိတယ်။ ကျွန်တော်အရမ်းအံ့သြသွားရပါတယ်။ မြို့မှာနေတဲ့ ကျွန်တော်တောင် အင်တာနက်ဆိုတာကို ဘာမှန်းသေချာသိတာမဟုတ်။ လယ်တောတွေထဲ မှာပဲနေ၊ ခမောက်ကြီးဆောင်း၊ ကွမ်းတွေတမြုံ့မြုံ့ဝါးနေတဲ့ ဦးကြီးက အင်တာနက်ဆိုတာကို သိတယ်ဆိုတော့ မအံ့သြပဲနေပါ့မလားဗျာ။ သူကဆက်ပြောတယ်။ အင်တာနက်ရဲ့ရှေ့မှာ wသုံးလုံး (www) ပါတယ်ကွာ၊ နောက်မှာ com နဲ့ဆုံးတယ်။ ဟာ … ကျွန်တော့်ရဲ့ ဦးကြီးကို ကျွန်တော် အရမ်းလေးစားသွားတယ်ဗျာ။ a , b, c …လောက်ပဲသိတဲ့ဦးကြီးက အင်တာနက် အကြောင်းကို တစိတ်တဒေသပြောသွားတော့ ကျွန်တော် မအံ့သြဘဲနဲ့ကိုမနေနိုင်တော့တာပါ။
ဦးကြီးက အင်တာနက်နဲ့ပတ်သတ်ပြီးသိနေပါလား။ ကျွန်တော်တောင်အဲဒီလောက်မသိဘူး လို့ပြောလိုက်မိ တယ်။ ဦးကြီးက ဘယ်မှာမြင်ဘူးတာလဲ၊ ဘယ်မှာသုံးဘူးတာလဲလို့ သိချင်ဇော နဲ့မေးလိုက်မိတယ်။ ဟာကွာ ... ဒါများဘာခက်တာမှတ်လို့လဲ မနက်အိပ်ယာက ထလို့ ရေဒီယိုလေးဖွင့်ပြီး BBC နားထောင်လိုက်တိုင်း အဲဒီထဲက မိန်းကလေးက အမြဲပြောတယ်လေ ကွာ။ ကျွန်မတို့ရဲ့ BBC မြန်မာပိုင်းအစီအစဉ်များကို ကွန်ပြူတာ အင်တာနက်ပေါ်မှာလည်း ဖမ်းယူနားဆင်နိုင်ပါတယ်ရှင်၊ လိပ်စာကတော့ www.bbcburmese.com ဖြစ်ပါတယ်ရှင်လို့ အမြဲပြောတယ်လေတဲ့။ ကျွန်တော် ပါးစပ်ကနေ တစ်လုံးတည်း ရေရွတ်မိတယ်။
သြော် … လို့ …………

ဆက်ဖတ်ရန်...

Jun 22, 2007

Gladiator


ဒီနေ့ Gladiator ဇာတ်လမ်းလေးကြည့်ဖြစ်တယ်။ ဘာရယ်လို့မဟုတ်ပါဘူး ပျင်းပျင်းရှိ တာနဲ့ထိုင် ကြည့်နေတာပါ။ မြန်မာဘာသာပြန်နဲ့ဆိုတော့ ပိုပြီးအဆင်ပြေပါတယ်။ ဘာသာပြန် ဆိုသူက ဇာတ်လမ်းနဲ့ အဆင်ပြေအောင် Gladiator ကို သူရဲကောင်းရဲ့ အိမ်အပြန်ဆိုပြီးပေး ထားပါတယ်။ အဲဒီဇာတ်လမ်း စ စ ချင်းမှာပဲဘာသာပြန်ဆိုသူက ရာဇသင်္ကြန်အမတ်ကြီးရဲ့ မျက်ဖြေလင်္ကာလေးကိုထည့်ထားပါတယ်။
သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း …
ဇာတ်လမ်းကြည်ကာစမှာတော့ ဘာအဓိပ္ပာယ်နဲ့ရေးထားမှန်းမသိဘူး။ ဒီမျက်ဖြေ လင်္ကာနဲ့ ဇာတ်လမ်းနဲ့ဘာဆိုင်လို့လဲ သို့လော၊ သို့လောအတွေးနဲ့ဆက်ကြည့်နေလိုက်တယ်။ ရောမနိုင်ငံတော်ကြီးကို အင်အားတောင့်တင်းတဲ့နိုင်ငံအဖြစ် ရပ်တည်ချင်တဲ့ ဆီဇာဘုရင်ကြီး က နယ်မြေတွေချဲ့ထွင်ခဲ့တယ်။ လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံတဲ့ အမှုတော်ထမ်း စစ်သေနာပတိ ဖြစ်တဲ့ မက်ဆီမက်စ်ကို သူရဲ့ဧကရာဇ် ဘုရင်နေရာမှာ ၀င်ပြီးရောမနိုင်ငံတော် ကြီးကို အုပ်ချုပ်ပေးဖို့တောင်းဆိုလာတယ်။ သူရဲ့ သားတော်ကိုဘုရင် အရာမပေးပဲ စစ်သေနာ ပတိ ဖြစ်တဲ့ မက်ဆီမက်စ်ကိုပဲ သူ့နေရာဝင်ယူပြီး ဘုရင်အဖြစ် ခံယူခိုင်းတယ်။ အဲဒီလို ခံယူပေး ဖို့ ဆီဇာဘုရင်ကြီးကတိုက်တွန်းပေမယ့် စစ်သေနာပတိက လက်သင့်မခံဘူး။ ဒါနဲ့ဘုရင်ကြီးက ဒီရှေ့ တန်းစစ်မျက်နှာပြင်ကနေ ပြန်ခွင့်ပေးလိုက်မယ်ဆိုရင်မင်း ဘာလုပ်မလဲလို့မေးတော့ ကျွန်တော့်ဇနီး၊ ကျွန်တော့်သားလေးရှိတဲ့တောင်ကုန်းပေါ်ကအိမ်လေးကိုပြန်ပြီး လယ်ယာ အလုပ်ကိုပဲ ပြန်လည်လုပ်ကိုင်မယ် လို့ပြောတယ်။ ဆီဇာဘုရင်ကြီးကလည်း သူနေရာမှာဝင်ယူ ပြီး တိုင်ပြည်ကိုအုပ်ချုပ်ပေးဖို့ပဲ အကြိမ်ကြိမ် တောင်းဆိုနေခဲ့တယ်။ တောင်းဆိုတိုင်းလည်း ငြင်းဆိုနေတဲ့ စစ်သေနာပတိကို ဘုရင်ကြီးက မင်းအိမ်နဲ့ မင်းမိသားစု လေးအကြောင်းပြောပြပါလားလို့ မေးတော့ စစ်သေနာပတိရဲ့မျက်နှာကချက်ခြင်း ပြောင်းသွားပြီး သူ့အိမ်၊ သူ့မိသားစု အကြောင်းတွေကိုဘုရင်ကြီးကိုပြောပြနေတယ်။ အဲဒီ အကြောင်းတွေပြော ပြနေတဲ့ စစ်သေနာပတိရဲ့မျက်နှာက ပြုံးရွှင်ပြီး ဇနီးနဲ့သားကိုလွမ်းဆွတ် နေတဲ့ပုံစံက အရမ်းကိုပေါ်လွင်ပါတယ်။ ရုတ်တရက် ဘုရင်ကြီးက မင်းမိသားစုနဲ့ခွဲလာရတာ ဘယ်လောက်ကြာပြီးလဲလို့မေးလိုက်တော့ စစ်သေနာပတိ မက်ဆီမက်စ်က (၂)နှစ်၊ (၂၆၄)ရက် နဲ့ တစ်မနက်ရှိသွားပါပြီလို့ ဖြေပါတယ်။ ဇနီးနဲ့သား ဆီကိုမပြန်နိုင်သေး တဲ့ ရက်တွေမှာ ညစဉ် ညတိုင်း ဘုရားသခင်ဆီမှာ ဇနီးနဲ့သားကိုစောင့်ရှောက်ပေးဖို့၊ သူအသက်ရှင်လျှက် သူ့မိသားစု ဆီကိုပြန်လာမယ်ဆိုတာပြောပေးဖို့ မေတ္တာတွေ ပို့သရင်းနဲ့ ပါးစပ်ကနေ တတွတ်တွတ် ဆုတောင်း ရင်း တိုင်တည်နေပါတယ်။
ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ ဆိုတဲ့စကားအတိုင်း ကိုယ့်မိသားစု၊ ကိုယ်ချစ်ခင် ရတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ခွဲခွာနေရတဲ့ သူတွေတိုင်းကို အဲဒီလိုမျိုးမေးလာခဲ့ရင် စစ်သေနာပတိ မက်ဆီမက်စ် လို တိတိကျကျမပြောနိုင်ရင်တောင်မှ နှစ်၊ လ အတိအကျကို တော့ပြောနိုင်ကြမှာပါ။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ဆီကိုပြန်ရောက်မယ့်နေ့ဆိုတဲ့ အတွေးကလေးနဲ့ တွေ့ကြုံနေရတဲ့ ဘ၀ရဲ့အမော၊ အခက် အခဲ အတားအဆီတွေကို ကိုယ်စီ ရင်ဆိုင်နေကြသူတွေများလှပါတယ်။ အဲဒီထဲမှာ ကျွန်တော်တစ်ယောက် လည်း အပါအ၀င်ပါပဲ။
ရည်ရွယ်ချက်တွေ မပြောက်မြောက်သေးတော့ ပြန်ချင်ပေမယ့် မပြန်ရသေးဘူး။ မိဘမေတ္တာ ကိုခံယူချင်ပေမယ့်၊ ခံယူရမယ့်အချိန်မတန်သေးဘူး။ မောင်နှမတွေကိုအားပေးပြီး ရှေ့ကနေ ဦးဆောင်ခွင့် မရသေးဘူး။ ချစ်ရသူရဲ့ လက်ဖ၀ါးနုနုကို ဆုပ်ကိုင်ချင် ပေမယ့်လည်း ဆုပ်ကိုင် ခွင့်မရသေးဘူး။ သြော် … Gladiator ဇာတ်လမ်းကြည့်ပြီးမှ ကိုယ့်ကိုယ်ကိုပြန်မေးကြည့် မိတယ်။ မင်းမိသားစု၊ မင်းပတ်ဝန်းကျင်နဲ့ ခွဲခွာခဲ့ရတာ ဘယ်လောက်ကြာပြီလဲ လို့ မေးကြည့်တော့

(၂) နှစ်၊ (၁၇၃) ရက်နဲ့ တစ်မနက် ရှိပါပြီလို့ ကိုယ့်ကိုယ်ကို ပြန်ဖြေမိတယ်။

မိုးစက်
၂၂ - ၆ - ၂၀၀၇
am 1:12

ဆက်ဖတ်ရန်...

Jun 15, 2007

@ ၀ိဥာဉ်ရှိသောခန္ဓာကိုယ်ဖြင့် အသက်ရှုတတ်လာခြင်း @

အစ်ကိုတစ်ယောက်ရဲ့ကျေးဇူးကြောင့်ကျွန်တော် စာဖတ်ဝါသနာပါလာခဲ့တယ်။ ငယ်ငယ်တုန်းကရော မင်းက စာတွေမဖတ်ခဲ့ဘူးလို့လား ကတ်သီးကတ်သက် မေးလာခဲ့ရင် ကျွန်တော် အကြောင်းကိုစပြီး ပြောမှရမယ် ထင်တယ်။ ကျွန်တော်ကအဖိုး၊ အဖွားနဲ့နေတယ်။ ကျွန်တော်တို့ အိမ်ကြီးမှာ ကျွန်တော်တို့ မိသားစုရယ်၊ အဖေရဲ့အစ်မ ကျွန်တော့်အဒေါ်မိသားစုရယ် မိသားစု ၂ စုနေကြတယ်။ အဒေါ်မှာ သမီး ၃ယောက်ရှိတယ်။ သူတို့က စာဖတ်အား အရမ်းသန်တယ်။ ဘယ်လိုစာအုပ်တွေ ဖတ်တယ်ထင်လဲ။ လွန်ထားထား၊ လမင်းမိုမို၊ မီကိုဇူးဇင် စသဖြင့် အချစ်ဝတ္ထုတွေ ဖတ်တာများတယ်။ အဲဒါတွေကို ကျွန်တော်က စိတ်မ၀င်စားတော့ မဖတ် တတ်ဘူး။ အသက်တွေတဖြည်းဖြည်းကြီးလာတော့ သူတို့တွေနဲ့ကျွန်တော်တို့ အိမ်ခွဲသွားကြတယ်။
ကျွန်တော် တို့အိမ်းအနားက အစ်ကိုကြီး တစ်ယောက်နဲ့ခင်မင်ရင်းနှီးခဲ့တယ်။ အစ်ကိုကြီးက စာအရမ်း ဖတ်တယ်။ ကျွန်တော် ကလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေပြီးခါစနဲ့ အဲဒီအစ်ကို နဲ့ရင်နှီးခါစနဲ့သွားတွေ့ တယ်။ ကျွန်တော့်မှာအချိန်တွေပိုနေတာကိုပြောချင်တာပါ။ သူနဲ့လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်တိုင်း သူဖတ်တဲ့ စာအုပ် တွေ၊ အကြောင်း၊ နိုင်ငံရေးအကြောင်း တွေကို အမြဲဝေဖန်သုံးသပ်ပြီးပြောတယ်။ သူအဲဒီလိုပြောတိုင်း ကျွန်တော်က ငြိမ်ငြိမ်လေး နားထောင်နေလိုက်တယ်လေ။ ဘာလို့လဲဆိုတော့ သူကကျွန်တော့်ကို လက်ဖက် ရည်လည်းတိုက်တယ်။ မုန့်လည်းကျွေးတယ်လေ။ ကြာတော့သူပြောသမျှကိုနားထောင်ရတာ ပျင်းလာတယ်။ ကိုယ်လည်းသူလိုပဲပြောတတ်ချင်လာတယ်။ ပြောချင်လာတယ်။ ဒါပေမယ့် ကိုယ့်မှာက ပြောစရာဆိုလို့ ကျောင်း စာနဲ့ပတ်သက်တဲ့ သင်ခန်းစာကအကြောင်းတွေပဲရှိတယ်။ တကယ်ကို စာပေနဲ့ပတ်သက်ရင် အဲဒီလောက်ထိ ရင်နှီးမှုရှိတာ။ ကျွန်တော့်မိဘတွေကလည်း တစ်ဝမ်းတစ် ခါးအတွက် အားတင်ပြီးကြိုးစားနေကြ သူတွေ ဆိုတော့ ကျွန်တော့်တို့ကို စာပေနဲ့ရင်းနှီးအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ကိုယ့်အကြောင်းပြောနေတာ နဲ့တင် လိုရင်းကိုမရောက်တော့ဘူး။ တစ်ရက်ကျတော့ လက်ဘက်ရည်ဆိုင်မှာထိုင်ရင်းနဲ့ အစ်ကိုကြီးကို ပြောဖြစ်တယ်။ အစ်ကို ကျွန်တော့်ကိုဖတ်လို့ ကောင်းမယ့်် စာအုပ်တစ်အုပ်လောက်ငှားဗျာ လို့တောင်းဆိုကြည့် လိုက်တော့ သူ့မျက်နှာချက်ခြင်းပြုံးလာပြီး၊ အေး ဒီကနေပြန်သွားရင် အိမ်ကိုလိုက်ယူကွာတဲ့။ လက်ဘက်ရည် သောက်ပြီး တာနဲ့ သူအိမ်ကိုကျွန်တော်လိုက်သွားတယ်။ သူ့အခန်းက စာအုပ် စင်၂ ခုမှာ စာအုပ်တွေအပြည့်ပဲ။ စာအုပ်၊ စာပေမရှိတဲ့အခန်းက အသက်ဝိဥာဉ်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ်နဲ့တူတယ်ကွ။ သူကတော့ရိုးရိုးလေး ပြောရင်းနဲ့ သူအခန်းထဲကစာအုပ်တွေကိုကြွား လိုက်တာပါ။ ချက်ခြင်းဆိုသလို ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြီးသုံးသပ် ကြည့်မိတယ်။ ငါ နေတဲ့အခန်းက ၀ိဥာဉ်ကင်းမဲ့နေတဲ့အခန်းနဲ့တူနေပြီပေါ့ ဆိုတဲ့အတွေးကလေး ၀င်လာတယ်။ ခံစားသူများအကြိုက်မဂ္ဂဇင်းဝတ္ထုတိုများ စာအုပ်ကိုပေးဖတ်တယ်။ ခုနှစ်တော့ကျွန်တော် တိတိ ကျကျမမှတ်မိ တော့ဘူး။ မဂ္ဂဇင်းဝတ္ထုတိုတွေအများကြီးထဲက စာဖတ်ပရိတ်သက် အကြိုက်ဆုံး တွေကိုရွေးချယ် ပြီးထုတ်ထား တဲ့စာအုပ်ပါ။မစာရေးဆရာတွေအများကြီးပါပဲ။ တော်တော်များ များကျွန်တော်မသိဘူး။ အဲဒီ အထဲက စာရေး ဆရာ ၂ ယောက်ကိုတော့ နာမည်တွေသိတယ်။ စာရေးဆရာ မင်းလူနဲ့ တာရာမင်းဝေပါ။ စာရေးဆရာတွေ ကလည်း ကောင်းတော့ အဲဒီစာအုပ်ကို လက်ကနေ မချနိုင်အောင်ဖြစ်ပြီး တစ်ရက်တည်းနဲ့ အပြီးထိုင်ဖတ် ခဲ့တယ်။ နောက်နေ့သူနဲ့ လက်ဘက်ရည်ဆိုင်မှာထိုင်ဖြစ်ကြတယ်။ ဒီတစ်ခါတော့ စာအုပ်တွေ အကြောင်းကို သူပြောတာ ကိုကျွန်တော်မစောင့်နိုင်တော့ဘူး။ ကျွန်တော်ကြိုက်တဲ့ဇာတ်လမ်းထဲကဇာတ်ကောင် ပုံစံ စရိုက် တွေကို ရေပတ်မ၀င်အောင်ပြောပြစ်လိုက်တယ်။ အဲဒီနေ့ကတော့ ကျွန်တော်ကအပြော သမားဖြစ်ခဲ့ပြီး၊ သူက တော့ ကျွန်တော်ပြောသမျှကိုလက်ဘက်ရည်လေးသောက်ပြီး ပြုံးပြုံးကြီး နားထောင် နေတယ်။ နောက်နေ့တွေ ကစပြီး တစ်အုပ်၊ တစ်အုပ်နဲ့အစ်ကိုကြီးစီကနေယူ ယူဖတ် ဖြစ်ခဲ့တယ်။ နောက်ပိုင်း ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်ဘက်ရည်ဝိုင်းလေးဟာစိုပြောလာခဲ့ တယ်။ ကျွန်တော်မကြားဖူး၊ မသိဘူးတဲ့ ကမ္ဘာကျော်စာရေးဆရာကြီး တွေရဲ့အဆိုအမိန့်တွေရွတ် ပြတယ်။ ၀တ္ထုတိုတွေထဲကရလာတဲ့ ရသတွေကိုလည်း တစ်ယောက်နဲ့တစ်ယောက် အမြင် တွေဖလှယ်ရင်း၊ ငြင်းကျ၊ ခုန်ကျနဲ့ပျော်ရွှင်စရာ လေးဖြစ်လာခဲ့တယ်။ အဲဒီနောက်ပိုင်းကစပြီး စာအုပ်၊ စာပေတွေကိုကျွန်တော် ရူးရူးမူးမူ ဖတ်ခဲ့တယ်။ ကျွန်တော့်နေတဲ့အခန်း၊ ကျွန်တော့်ပတ်ဝန်းကျင်မှာ စာအုပ်၊ စာပေတွေနဲ့ပြည့်နက်နေခဲ့တယ်။ အခုဆိုရင် ကျွန်တော်ဟာ ၀ိဥာဉ်ရှိတဲ့ ခန္ဓာကိုယ်နဲ့ရှင်သန်နေပြီလို့ထင်တယ်။

ဆက်ဖတ်ရန်...