Jun 22, 2007

Gladiator


ဒီနေ့ Gladiator ဇာတ်လမ်းလေးကြည့်ဖြစ်တယ်။ ဘာရယ်လို့မဟုတ်ပါဘူး ပျင်းပျင်းရှိ တာနဲ့ထိုင် ကြည့်နေတာပါ။ မြန်မာဘာသာပြန်နဲ့ဆိုတော့ ပိုပြီးအဆင်ပြေပါတယ်။ ဘာသာပြန် ဆိုသူက ဇာတ်လမ်းနဲ့ အဆင်ပြေအောင် Gladiator ကို သူရဲကောင်းရဲ့ အိမ်အပြန်ဆိုပြီးပေး ထားပါတယ်။ အဲဒီဇာတ်လမ်း စ စ ချင်းမှာပဲဘာသာပြန်ဆိုသူက ရာဇသင်္ကြန်အမတ်ကြီးရဲ့ မျက်ဖြေလင်္ကာလေးကိုထည့်ထားပါတယ်။
သူတည်းတစ်ယောက်
ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ
ပျက်လင့်ကာသာ
ဓမ္မတာတည်း …
ဇာတ်လမ်းကြည်ကာစမှာတော့ ဘာအဓိပ္ပာယ်နဲ့ရေးထားမှန်းမသိဘူး။ ဒီမျက်ဖြေ လင်္ကာနဲ့ ဇာတ်လမ်းနဲ့ဘာဆိုင်လို့လဲ သို့လော၊ သို့လောအတွေးနဲ့ဆက်ကြည့်နေလိုက်တယ်။ ရောမနိုင်ငံတော်ကြီးကို အင်အားတောင့်တင်းတဲ့နိုင်ငံအဖြစ် ရပ်တည်ချင်တဲ့ ဆီဇာဘုရင်ကြီး က နယ်မြေတွေချဲ့ထွင်ခဲ့တယ်။ လက်ရုံးရည်၊ နှလုံးရည်နဲ့ပြည့်စုံတဲ့ အမှုတော်ထမ်း စစ်သေနာပတိ ဖြစ်တဲ့ မက်ဆီမက်စ်ကို သူရဲ့ဧကရာဇ် ဘုရင်နေရာမှာ ၀င်ပြီးရောမနိုင်ငံတော် ကြီးကို အုပ်ချုပ်ပေးဖို့တောင်းဆိုလာတယ်။ သူရဲ့ သားတော်ကိုဘုရင် အရာမပေးပဲ စစ်သေနာ ပတိ ဖြစ်တဲ့ မက်ဆီမက်စ်ကိုပဲ သူ့နေရာဝင်ယူပြီး ဘုရင်အဖြစ် ခံယူခိုင်းတယ်။ အဲဒီလို ခံယူပေး ဖို့ ဆီဇာဘုရင်ကြီးကတိုက်တွန်းပေမယ့် စစ်သေနာပတိက လက်သင့်မခံဘူး။ ဒါနဲ့ဘုရင်ကြီးက ဒီရှေ့ တန်းစစ်မျက်နှာပြင်ကနေ ပြန်ခွင့်ပေးလိုက်မယ်ဆိုရင်မင်း ဘာလုပ်မလဲလို့မေးတော့ ကျွန်တော့်ဇနီး၊ ကျွန်တော့်သားလေးရှိတဲ့တောင်ကုန်းပေါ်ကအိမ်လေးကိုပြန်ပြီး လယ်ယာ အလုပ်ကိုပဲ ပြန်လည်လုပ်ကိုင်မယ် လို့ပြောတယ်။ ဆီဇာဘုရင်ကြီးကလည်း သူနေရာမှာဝင်ယူ ပြီး တိုင်ပြည်ကိုအုပ်ချုပ်ပေးဖို့ပဲ အကြိမ်ကြိမ် တောင်းဆိုနေခဲ့တယ်။ တောင်းဆိုတိုင်းလည်း ငြင်းဆိုနေတဲ့ စစ်သေနာပတိကို ဘုရင်ကြီးက မင်းအိမ်နဲ့ မင်းမိသားစု လေးအကြောင်းပြောပြပါလားလို့ မေးတော့ စစ်သေနာပတိရဲ့မျက်နှာကချက်ခြင်း ပြောင်းသွားပြီး သူ့အိမ်၊ သူ့မိသားစု အကြောင်းတွေကိုဘုရင်ကြီးကိုပြောပြနေတယ်။ အဲဒီ အကြောင်းတွေပြော ပြနေတဲ့ စစ်သေနာပတိရဲ့မျက်နှာက ပြုံးရွှင်ပြီး ဇနီးနဲ့သားကိုလွမ်းဆွတ် နေတဲ့ပုံစံက အရမ်းကိုပေါ်လွင်ပါတယ်။ ရုတ်တရက် ဘုရင်ကြီးက မင်းမိသားစုနဲ့ခွဲလာရတာ ဘယ်လောက်ကြာပြီးလဲလို့မေးလိုက်တော့ စစ်သေနာပတိ မက်ဆီမက်စ်က (၂)နှစ်၊ (၂၆၄)ရက် နဲ့ တစ်မနက်ရှိသွားပါပြီလို့ ဖြေပါတယ်။ ဇနီးနဲ့သား ဆီကိုမပြန်နိုင်သေး တဲ့ ရက်တွေမှာ ညစဉ် ညတိုင်း ဘုရားသခင်ဆီမှာ ဇနီးနဲ့သားကိုစောင့်ရှောက်ပေးဖို့၊ သူအသက်ရှင်လျှက် သူ့မိသားစု ဆီကိုပြန်လာမယ်ဆိုတာပြောပေးဖို့ မေတ္တာတွေ ပို့သရင်းနဲ့ ပါးစပ်ကနေ တတွတ်တွတ် ဆုတောင်း ရင်း တိုင်တည်နေပါတယ်။
ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရ ဆိုတဲ့စကားအတိုင်း ကိုယ့်မိသားစု၊ ကိုယ်ချစ်ခင် ရတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့ခွဲခွာနေရတဲ့ သူတွေတိုင်းကို အဲဒီလိုမျိုးမေးလာခဲ့ရင် စစ်သေနာပတိ မက်ဆီမက်စ် လို တိတိကျကျမပြောနိုင်ရင်တောင်မှ နှစ်၊ လ အတိအကျကို တော့ပြောနိုင်ကြမှာပါ။ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ဆီကိုပြန်ရောက်မယ့်နေ့ဆိုတဲ့ အတွေးကလေးနဲ့ တွေ့ကြုံနေရတဲ့ ဘ၀ရဲ့အမော၊ အခက် အခဲ အတားအဆီတွေကို ကိုယ်စီ ရင်ဆိုင်နေကြသူတွေများလှပါတယ်။ အဲဒီထဲမှာ ကျွန်တော်တစ်ယောက် လည်း အပါအ၀င်ပါပဲ။
ရည်ရွယ်ချက်တွေ မပြောက်မြောက်သေးတော့ ပြန်ချင်ပေမယ့် မပြန်ရသေးဘူး။ မိဘမေတ္တာ ကိုခံယူချင်ပေမယ့်၊ ခံယူရမယ့်အချိန်မတန်သေးဘူး။ မောင်နှမတွေကိုအားပေးပြီး ရှေ့ကနေ ဦးဆောင်ခွင့် မရသေးဘူး။ ချစ်ရသူရဲ့ လက်ဖ၀ါးနုနုကို ဆုပ်ကိုင်ချင် ပေမယ့်လည်း ဆုပ်ကိုင် ခွင့်မရသေးဘူး။ သြော် … Gladiator ဇာတ်လမ်းကြည့်ပြီးမှ ကိုယ့်ကိုယ်ကိုပြန်မေးကြည့် မိတယ်။ မင်းမိသားစု၊ မင်းပတ်ဝန်းကျင်နဲ့ ခွဲခွာခဲ့ရတာ ဘယ်လောက်ကြာပြီလဲ လို့ မေးကြည့်တော့

(၂) နှစ်၊ (၁၇၃) ရက်နဲ့ တစ်မနက် ရှိပါပြီလို့ ကိုယ့်ကိုယ်ကို ပြန်ဖြေမိတယ်။

မိုးစက်
၂၂ - ၆ - ၂၀၀၇
am 1:12

1 comment:

Yan said...

What a nice post, Bro!
It made me wonder about our goals and attachments in our lives.

Thanks for this post!
Keep it up!

Y.