မင်္ဂလာပါဗျာ…
အခုတစ်လော ဘလောဒ့်ဘက်ကိုလုံးဝ လှည့်မကြည့်ဖြစ်ဘူး။ ပို့စ်တွေလည်း အသစ် မရေးဖြစ်ဘူ။ အလုပ်တွေရှုပ်နေတယ်ပေါ့ဗျာ။ ဒီနေ့ကျမှ မမေဒါဝီရဲ့ဘလောဒ့်ကို သွားဖတ်ဖြစ် တယ်။ အဲဒီမှာ စတွေ့တာပဲ။ တစ်ခြားတော့ မဟုတ်ပါဘူး။ မမေဒါဝီရဲ့ ဘလောဒ့်မှာ အာဇာနည် နေ့ ကိုကြိုဆိုဂုဏ်ပြုထားတာလေးတွေ့လိုက်ရတယ်။ အာဇာနည်ခေါင်းဆောာင်ကြီးတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီး အခုလိုဂုဏ်ပြုထားတာတွေ့ရတော့ အရမ်းလည်း ၀မ်းသာပီတိ ဖြစ်ရပါတယ်။ တစ်ဆက်တည်းဆိုသလို ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ တစ်ခုကိုလည်း သွားပြီး သတိရမိပါတယ်။ ဇူလိုင် (၁၉) နဲ့ပတ်သတ်ပြီးတော့ပေါ့ဗျာ။
ကျွန်တော် မူလတန်း၊ အလယ်တန်း ကျောင်းသားဘ၀ထိ ပညာရည်ချွန်ဆု တစ်ခါမှ မရဘူး ဘူး။ (၉) တန်းကျောင်းသားဘ၀က နေ့ရက်လေးတစ်ရက်မှာတော့ ကျောင်းသွားဖို့ ဆိုပြီး အဖေ့ဆီကနေ မုန့်ဖိုးတောင်းတယ်။ အဖေက ၂၀ တန်တစ်ရွက်ကို အိတ်ကပ်ထဲကနေ ထုတ်ပေးရင်းနဲ့ ငါ့သား၊ မင်းနဲ့ပတ်သက်ပြီး ကျောင်းကဆုပေးပွဲအခမ်းအနားမှာ အဖေတက်ဖူး ချင်တယ်၊ ဘယ်လိုဆုမျိုးပဲ ရ ရ ကွာ၊ အဖေတက်ချင်တယ်လို့ ဆိုလာတယ်။ ကျွန်တော် ကလည်း ကျွန်တော်ပဲအေးအေးဆေးဆေးပဲ နေတတ်ပြီး ပုံမှန်လောက်ပဲကြိုးစာနေချင်တာ ဆိုတော့ အဖေကိုဆုပေးပွဲ အခမ်းအနားရောက်ဖို့ ဘယ်လို၊ ဘယ်ပုံနည်းနဲ့ခေါ်ရမလဲဆိုပြီး စဉ်းစားရကျပ်နေခဲ့တယ်။ တစ်ရက်မှာတော့ မြန်မာစာ ဆရာမ ဒေါ်ခင်မာအေး ( အခုတော့ ကွယ်လွန်သွားပါပြီ ) က ကျွန်တော့်စာအုပ်ကိုယူစစ်ရင်းနဲ့ လက်ရေးလှ၊ သပ်ရပ်လို့ဆိုပြီး ကျွန်တော့်နာမည်ကို မှတ်သွားခဲ့တယ်။ သိပ်မကြာပါဘူး။ ဆရာမ က အခုလာမယ့် အာဇာနည် နေ့ကိုဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲရှိတယ်။ မင်း ၀င်ပြိုင်ပါလားဆိုပြီး ပြောလာတာနဲ့ ကျွန်တော်ခေါင်းငြိမ့်လိုက်တယ်။ စာစီစာကုံးခေါင်းစဉ်က အမှတ်တရှိပြီး ကြားလိုက်တာနဲ့ ၀မ်းနည်းကြေကွဲဖို့ကောင်းပါတယ်။ ဆရာမပြောလိုက်တာနဲ့တင် ကျွန်တော် တောင် စိတ်ထဲမှာ ၀မ်းနည်းလာသလို ရေးရမယ့်ခေါင်းစဉ်က ကြီးကျယ်မြင့်မြတ်နေတယ်လို့လဲ စိတ်ထဲမှာခံစားမိပါတယ်။ ဆရာမ ဆီကပြန်လာပြီး လမ်းတစ်လျှောက်လုံးမှာ စာစီစာကုံး ခေါင်းစဉ်လေးကို ပါးစပ်ကနေ တတွတ်တွတ်ရွတ်ဆိုလာမိတယ်။ အတန်းထဲကို ရောက်တာနဲ့ ဗလာစာအုပ်လေး တစ်အုပ်ထုတ်ပြီး ခေါင်းစဉ်လေးကို ချရေးဖြစ်တယ်။ ခေါင်းစဉ် နာမည်က မျက်ရည်ဖြိုင်လို့ ရွာသွန်းဖြိုး ဇူလိုင် တစ်ဆယ့်ကိုး ဆိုတဲ့ အမည်လေးပါ။ နောက်ရက်တွေက စပြီး အာဇာနည်နေ့ တစ်နည်းအားဖြင့် ဇူလိုင် တစ်ဆယ့်ကိုး နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ စာစီစာကုံးတွေ၊ ဂုဏ်ပြုကဗျာတွေ တော်တော်များများကို လက်လှမ်းမှီသလောက် ရှာဖွေပြီး ဖတ်ရှု့လေ့လာဖြစ်တယ်။ ငါတို့ခေါင်းဆောင်တွေ ဘယ်လိုကျဆုံးသွားတာလဲ၊ ဘယ်သူတွေက လုပ်ကြံသက်ဖြတ်ကျတာလဲ၊ ဘာအတွက်ကြောင့် အခုလိုလုပ်ရတာလဲ၊ စသဖြင့် ဘ နဲ့ပတ် သက်တဲ့မေးခွန်းတွေက ကျွန်တော့်ခေါင်းထဲကိုတန်းစီပြီ ၀င်လာပါတယ်။ အဲဒီအချိန်ထိ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို ဂဠူန်ဦးစောနဲ့ အပေါင်းအပါတစ်စု ကလုပ်ကြံသတ် ဖြတ်တယ်ဆိုတာလောက်ပဲ သိပါတယ်။ အသေးစိတ် တစ်ခုမှ မသိဘူး။ အဲဒီမှာတင် ကျွန်တော် စာအုပ်တစ်အုပ်သွားတွေ့တယ်။ စာရေးဆရာကြီး လင်းယုန်မောင်မောင် ရေးသား တဲ့ သွေးစွန်းသောနေ့ရက်များ ဆိုတဲ့ စာအုပ်ပါ။ အမေရိကန် သမ္မတ လင်ကွန်း၊ ဂန္ဓီ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ သွေးစွန်းသောနေ့ရက်တွေအကြောင်း ရေးသားထားတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်တွေရဲ့ သွေးစွန်းသောနေ့ရက်အကြောင်းကို စဖတ်တော့ မယ့်အချိန်မှာ စိတ်ထဲမှာတော့ လေးလေးပင်ပင်ကြီး ဖြစ်နေပေမယ့်၊ သိချင်တဲ့ဇောကတော့ စာရွက်တွေကို တစ်ရွက်ပြီး တစ်ရွက်ပြီးလှန်နေမိပါတယ်။ ဂြိုလ်မွှေတဲ့ ထိုစနေ ဆိုတဲ့ခေါင်းစဉ် ကနေပြီး စတင်ဖတ်ရှုလိုက်တာ၊ ဖြစ်ရပ်တွေနဲ့ စာသားတွေက လူကိုဘယ်လောက်တောင်စိုးမိုး ထားသလဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေရဲ့ ပုံရိပ်တွေပါ ၀ိုးတ၀ါးမြင်ယောင်လာ တဲ့အထိဖြစ်ခဲ့ပါတယ်။ စာအုပ်ကို ဖတ်ရှုလို့လဲပြီးရော အဖေဆီမှာရှိတဲ့ အဆိုတော် ဒေါ်ခင်ညွန့်ရည် ရဲ့ ဇာတိမာန် တေးစီးရီးထဲက အာဇာနည်နေ့ ဆိုတဲ့ သီချင်းလေးကိုပါ မှတ်မှတ် ရရ နားထောင်ဖြစ်တယ်။
မှတ်မှတ်ရရ ပါပဲ။ ဇူလိုင်လ ၁ ရက်နေ့မှာပဲ စာစီစာကုံးပြိုင်ရတယ်။ စိတ်ထဲမှာ ခံစားရ တဲ့ခံစားချက်တွေ၊ ကိုယ်သိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေရဲ့ အကြောင်းတွေကို စာရွက်တွေပေါ်မှာ ညီညာလှပစွာနဲ့ စာစီကုံးနေမိတယ်။ ကျွန်တော်တို့ရဲ့ အာဇာနည်တွေက တော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ သခင်မြ၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေး တို့ဖြစ်ပါတယ်။ စာစီကုံးလို့ အပြီးမှာတော့ သတ်ပုံသတ်ညွှန်း မှန်မမှန် သေချာပြန်စစ်ဆေးပြီးတာနဲ့ ဆရာမဆီကို အပ်ပြီး စာဖြေခန်းမထဲကနေ ထွက်လာခဲ့တယ်။
ဒီလိုနဲ့ ဒီဇင်ဘာလ နေ့တစ်နေ့မှာပဲ ကျွန်တော်တို့ကျောင်းမှာ ဆုပေးပွဲအခမ်းအနား ပြုလုပ်ကျင်းပဖြစ်တယ်။ အခမ်းအနားမကျင်းပခင် တစ်ပတ်လောက်အလိုမှာတော့ ဆု ရည်မှန်းထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ သူသူကိုယ်ကိုယ် ရင်တွေခုန်ကျရင်း ဆုပေးပွဲကျင်းပရေးအဖွဲ့တွေ ဘယ်အချိန်များ အခန်းထဲကိုဝင်လာပြီး၊ ဘယ်သူတွေ၊ ဘယ်လို ဆုမျိုးရတယ်ဆိုတာ ဖတ်ပြမယ့်အချိန်ကိုစောင့်နေကြတာ တမျှော်မျှော်နဲ့ပါပဲ။ ညနေကျောင်း ဆင်းခါနီးအချိန် မှာတော့ကျင်းပရေးအဖွဲ့ဝင်တွေ အခန်းထဲကို ၀င်လာပြီး ဆုရတဲ့သူတွေကို ဖတ်ပြတယ်။ ကျွန်တော်က အေးဆေးသမားဆိုတော့ ဘာမှရင်ခုန်မနေပါဘူး။ နေရာမှာတင် ငြိမ်ငြိမ်လေး ထိုင်ပြီး နားထောင်နေလိုက်တယ်။ ပညာရည်ချွန်ဆု၊ ဘာဆု၊ ညာဆုဆိုပြီး ခေါင်းစဉ်တွေ အတိုင်းဆုရတဲ့သူတွေရဲ့ အမည်တွေကိုဖတ်ပြအပြီး၊ နောက်ဆုံးဆုကတော့ စာစီစာကုံးဆု ဖြစ်ပါတယ်။ စာစီစာကုံး ဆုမှာတော့ ပထမဆု န၀မတန်း (ခ)မှ မောင်မိုးစက်ဝင်း …ဒုတိယ ဆု ….၊ တတိယဆု ………။ ရုတ်တရက် ကျွန်တော်နားကို ကျွန်တော် မယုံကြည်သလိုဖြစ်သွားတယ်။ ဟုတ်ပါတယ်…ဒါ ငါ့နာမည် ပါ။ အဲဒါဆို ငါ ဆုရ တယ်ပေါ့။ ဟုတ်တယ် …ငါ ဆုရတယ်ပေါ့နော်။ အဲဒီလို တွေးနေတုန်းပဲရှိသေးတယ် ကျွန်တော့် ဘေးနားက သူငယ်ချင်းက ဒါမှ ငါ့ ပါတနာကွ ဆိုပြီးကျွန်တော့်လက်ကို မြဲမြဲဆုပ် ကိုင်ပြီး ပြောတော့မှ ၀မ်းသာပီတိ ဖြစ်ခဲ့ရ တယ်။ ညနေကျောင်းဆင်း ခေါင်းလောင်းတီတဲ့ အချိန်မှာတော့ မတ်တပ်ရပ်၊ လက်နှစ်ဘက်ကို ဘေးမှာ အသေကပ်ထပ်ပြီး နိုင်ငံတော် သီချင်းကို ကျွန်တော် အကျယ်ကြီးသီဆိုဖြစ်ခဲ့တယ်။ စိတ်ထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေကို နိုင်ငံတော်သီချင်းသီဆိုပြီး အလေးပြုနေမိတယ်။ ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ လမ်းတစ်လျှောက်မှာတော့ ဒီနှစ် ဆုပေးပွဲ အခမ်းအနားမှာ ဂုဏ်ယူမှုအပြုံးတွေနဲ့ တက်ရောက်နေမယ့် အဖေ့ရဲ့ မျက်နှာကို မြင်ယောင်နေမိပါတော့တယ်။
အာဇာနည်နေ့နှင့် ကျောင်းသားဘ၀အမှတ်တရ ……
ဆရာမ ဒေါ်ခင်မာအေး ( ကွယ်လွန်) အား အဝေးကနေ ကန်တော့ပါ၏။
မိုးစက်
၁၂ . ၇ . ၂၀၀၇
၂း ၄၃
1 comment:
=) ဂုဏ်ယူစရာကောင်းပါတယ်..
Post a Comment