Nov 10, 2007

လူမှာအ၀တ် တောင်းမှာအကွပ်

ကျွန်တော်ကလည်း လူတမျိုး၊ နည်းနည်း ဂွ ကျကျလူထဲမှာ ပါမယ်ထင်တယ်။ အရင်တုန်းကပါ။ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ နည်းနည်းလေး ဂျစ်စုတ်စုတ်ကျတယ်။ ဘယ်နေရာ၊ ဘယ်ကိုဘဲ သွားသွား ဖြစ်သလို ၀တ်စားသွားတတ်တယ်။ ပုဆိုက ပြဲလို့ ချုပ်ထဲတဲ့ အရာပါချင်ပါနေမယ်။ ပေါက်ချင်လည်း ပေါက်နေမယ်။ အင်္ကျီ ဆိုရင်လည်း ဒီအတိုင်းပါဘဲ မီးပူတွေ ဘာတွေ တိုက်နေမှ မဟုတ်ဘူး။ ဒီအတိုင်း တွန့်ကျေနေလည်း ၀တ်တာ ဘဲ။ တခါ တလေ ကြယ်သီးက ပြုတ်နေတတ်သေးတယ်။ စီးတဲ့ ဖိနပ်ကလည်း ကြည့်ဦး ရှိုးဝါး လို့ခေါ်တဲ့ ကြပ် ပေါင်ဖိနပ် ပဲ စီးတယ်။ ရေထဲလည်း စီးလို့ရတယ်။ အကြမ်းပတမ်းလည်း ခံတယ်ပေါ့။

အဲဒီလို ဘာလို့နေရတာလဲ။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့ဗျာ။ အဲဒီလို ၀တ်လိုက်စားလိုက်လို့ ကိုယ့်မှာရှိပြီး သား ဂုဏ်ဒြပ်တွေ ကျမသွားဘူးလို့ စိတ်ထဲမှာ ခံယူလို့ပါ။ ဘယ်လိုလဲ နားရှုပ်သွားပြီလား။ ထပ်ရှင်းပြမယ်ဗျာ။ ကဲ ထားပါတော့ ကျွန်တော်က ဘွဲ့ရပြီးသား လူတစ်ယောက်ဗျာ။ ခုနပြောတဲ့အတိုင်း ၀တ်စားလိုက်လို့ ကျွန်တော် ဘွဲ့ရ ထားတယ်ဆိုတဲ့ ဂုဏ်ဒြပ်တစ်ခုကို ထိခိုက်မသွားဘူးလို့ထင်လို့။ နောက်ပြီး ကြီးကြီး ကျယ်ကျယ်လည်း မနေတတ် လို့။ မှတ်မှတ်ရရ အထက်တန်းကျောင်းသား ဘ၀မှာ ကျောင်းစိမ်း ၂ စုံဘဲရှိတယ်။ ပုဆိုး ၂ထည်၊ အင်္ကျီ ၂ ထည် ပေါ့။ ပုဆိုး ၁ ထည်က အောက်နားကပြဲနေတော့ ချုပ်ထားတဲ့ ချုပ်ရိုးအရာလေး ရှိတယ်။ အဲဒါ လည်း ၀တ်သွားတာ ဘဲ။ ကိုယ့်မှာက ဒါဘဲရှိတာကိုး။ နောက်ပြီး အပေါ် မှာရေးပြထားတဲ့ စိတ်အခံလည်း ရှိနေ တော့ ဒီလိုနေမြဲ၊ စားမြဲ၊ သွားမြဲ လုပ်ခဲ့တာပေါ့။
အဲဒီလိုနဲ့ပေါ့ဗျာ ….. ၁၀ တန်းအောင်၊ တက္ကသိုလ်ဆက်တက်ပေါ့။ တက္ကသိုလ်တက်တော့လည်း ဒီအ တိုင်း ပါဘဲ။ ဒါပေမယ့် ကျွန်တော် ၀တ်စားဆင်ယဉ်ပုံက ကိုယ့်ရှိတာလေးနဲ့ ဖြစ်အောင်၊ လိုက်အောင် ၀တ်ဆင် ပါတယ်။ သူများ အ၀တ်အထည်တွေကို ငှားပြီး မ၀တ်တတ်၊ ၀တ်ကောင်းစားလှ သိပ်မရှိတဲ့ ကျွန်တော်နဲ့၊ မူရင်း စိတ်အခြေခံ ရှိတဲ့ ကျွန်တော်နဲ့၊ အားလုံးဟာ ကွတ်တိပါဘဲ။ စရိုက်ကျအောင်တော့ ဘယ်တော့မှ ၀တ်စား မဆင်ပါဘူး။ သူငယ် ချင်း အပေါင်းအသင်း တွေထဲက အိုက်တင်များတဲ့ သူငယ်ချင်း တစ်ယောက်ဆိုရင် ကျွန်တော့်ကို သူ့အ၀တ်အစား တွေ ယူ၊ ယူလာပြီး ကျွန်တော့်ကို ၀တ်ဖို့ အမြဲတမ်းတိုက်တွန်းတယ်။ ဒါပေမယ့် “ ငါ အခုလို ၀တ်စားထားလို့ ငါ့မှာ ရှိပြီးသား ဂုဏ်သိက္ခာတွေ ကြမသွားပါဘူးကွာ၊ ဘာတွေဘဲ ၀တ်စား၊ ၀တ်စား ငါ ဟာ ငါပါဘဲကွာ” လက်သုံးတော် စကားတစ်ခွန်းဘဲ ကျွန်တော် ပြန် ပြန်ပြောဖြစ်တယ်။ အဲဒီလို ပြောလိုက် တိုင်းလည်း သူငယ်ချင်းတွေက “သူ့နေရာနဲ့ သူတော့ လိုက်ရော၊ ညီထွေအောင် ၀တ်စားသင့်တာပေါ့ကွာ။ မင်းမှာ မရှိလို့ ငါတို့က သူငယ်ချင်း ချင်း ပေးတော့လဲ မင်းက လက်သင့်မခံ၊ ခေါင်းမာတာတော့ မကောင်း ဘူးကွ။” “ အပိုတွေပါကွာ၊ မလိုပါဘူး” နောက်ဆုံး လက်လျော့ လိုက်ကြပြီး ဘာမှ မပြောကြတော့။
ကျွန်တော် ဘွဲ့ယူတဲ့ အခမ်းအနားကို ရောက်လာခဲ့တယ်။ မိဘတွေက သာမန်လူတန်းစားတွေပါ။ အဲဒီမှာ တင် အ၀တ်အစား၊ လက်ဝတ်လက်စား ပြဿနာတွေ တက်လာတော့တယ်။ နီးစပ်ရာ ဆွေမျိုးတွေ၊ အဒေါ်တွေက အမေ့ကို အ၀တ်အစားနဲ့၊ လက်ဝတ်လက်စားတွေ ထုတ်ပေးကြတာပေါ့။ ကျွန်တော်ကလည်း မလိုဘူး။ အမေတို့ အဲဒီတန်ဘိုးကြီး ပစ္စည်းတွေဝတ်မှ အမေ့သား ဘွဲ့ရမှာ မဟုတ်ဘူး။ ကိုယ့်မှာရှိတာလေးနဲ့ သင့်တင့်အောင် ၀တ်ပြီး သားကို ဂုဏ်ပြုပေးပါ။ ကိုယ်ပိုင်မဟုတ်တဲ့ အငှားပစ္စည်းတွေ ၀တ်ဆင်ပြီးတော့ ဘွဲ့ယူ အခမ်းအနားကို မတက်စေ ချင်ဘူး။ ဘွဲ့ယူ အခမ်းအနားလေး တက်ဖို့ရာအတွက် ဆွေမျိုးတွေနဲ့ ကတောက်က ဆလေးတွေ ဖြစ်လိုက်ရသေးတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ဘဲ အလျော့ပေးလိုက်ရတယ်။ ဆွေမျိုး တွေရဲ့ အမျိုးမျိုးဆင်ယင်ပေးမှုကြောင့် အမေ ပြည့်ပြည့်စုံစုံနဲ့ ဘွဲ့ယူအခမ်းအနားကိုရောက်လာတယ်။ အမေ့ကို ၀တ်ကောင်းစားလှတွေနဲ့ သိပ်မြင်တွေ့နေ ကျမရှိတော့၊ အခုလို ကျွန်တော့်ဘွဲ့ယူအခမ်းအနားမှာ အမေ့ကို တောက်ပြောင်စွာမြင်တွေ့လိုက်ရတော့ ဆွေမျိုး တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောမိတယ်။ အမေရဲ့ အိုမင်းမှု တွေဟာ မိတ်ကပ်တွေနဲ့အတူ အ၀တ်အစား ၀တ် ဆင်ထား မှုတွေကြောင့် အားလုံး ပျောက်ကွယ်ပြီး နုသွား သလို ထင်မိတယ်။ ကျွန်တော့်ကိုလည်း ကြည့်ပါဦး။ စတိုင်လ်ပန်နဲ့ အပေါ်က ကုတ်ဒ်အင်္ကျီ၊ အောက်က ရှူးဖိနပ် ၀တ်ထားတယ်။ အပေါ်ကနေဘွဲ့ဝတ်စုံ ၀တ်ပြီး ဆင်ထားတာပေါ့။ ဘွဲ့ယူအခမ်းအနားလည်း ရောက်ရော သူငယ်ချင်းတွေက စကြပါလေရော… သူငယ်ချင်း တိုးဝင်း က “ငါ သေပျော်ပြီကွာ” နောက်တစ်ယောက်က “ ဘာဖြစ်လို့လဲ တိုးဝင်းရ၊ လင်းစမ်းပါဦး” “ သြော်… တစ်ခြားမ ဟုတ်ပါဘူး၊ ငါ့ကောင်ကြီးကို အခုလို ၀တ်ကောင်း စားလှနဲ့ မြင်လိုက်ရလို့ပါ” တဲ့။ ကဲ ပြီးကြပါလေရောဗျာ။ ဘာမှ ပြန်ပြောမနေတော့ပါဘူး။ ရယ်ဘဲ ရယ်နေလိုက် တယ်။ ဘွဲ့ယူအခမ်းအနားအပြီးမှာ … စပွန်ဆာယူထားတဲ့ Angel စတူဒီယိုမှာ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံ ရိုက်ဖြစ်တယ်။ စိတ်ထဲမှာ ဘာကိုလွမ်းလို့၊ လွမ်းမှန်မသိဘူး။ တစ်ခုခု ကို ဆုံးရှုံးသွားသလို ခံစားရတယ်။ သူများတွေလို စိန်ပန်းပြာတွေလွမ်းရအောင်လည်း၊ ကျောင်းတော်ကြီးထဲမှာ ဘာပင်မှ စိမ်းစိမ်းဆိုဆိုရှိတာ မဟုတ်။ အုတ်နီဆောင်တွေကို လွမ်းနေတာဖြစ်မယ်လို့ စိတ်ထဲမှာ ထင်နေမိတယ်။ ဘွဲ့ ယူပြီး အပြန် မန္တလေး မောင်မောင်လှတင့်(မန်းတက္ကသိုလ်) စတူဒီယိုမှာ မိသားစုနဲ့အတူဓာတ်ပုံတွေ ရိုက်ဖြစ်ပြန်တယ်။ အားလုံးရိုက် လို့ အပြီးမှာတော့ အမေက “ သား ဘွဲ့ဝတ်ရုံကြီးကို ချွတ်ပြီး ဓာတ်ပုံတစ်ပုံလောက် ရိုက်ပါဦးလား” လို့ ပြောလာ တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘွဲ့ဝတ်ရုံကို ချွတ်ပြီး ရိုက်မလိုအလုပ်မှာ Camera man က “ညီလေး မှန်ကြည့် ပြီး နည်းနည်းလောက် ပြင်လိုက်ပါဦးလား၊ တစ်ရှုးနဲ့ မျက်နှာကချွေးလေးဘာလေး သုတ်လိုက်ပါဦး” Camera man အလိုကျ မှန်ရှေ့ရပ်ကြည့်မိလိုက်တယ်။ မှန်ရှေ့ကခွာပြီး မီးရောင်ရှေ့မှာ ထိုင်လိုက်တဲ့ အချိန်မှာ တော့ ကျွန်တော့်ရဲ့ အရိုးစွဲအောင် ကျင့်သုံးလာတဲ့ စိတ်အယူတစ်ခုကို ပယ်ဖျက်ချနိုင်ခဲ့ပါတယ်။ အဲဒါကတော့လူတိုင်း၊ လူတိုင်းမှာ ကိုယ်စီအလှတရားတွေ ရှိပါတယ်။ စိတ်အလှတရားကောင်းဖို့အပြင်၊ အပြင်ပိုင်း ရုပ်လဏ္ခာ အလှ တရားတွေအတွက် သင့်တင့်လျောက်ပတ်တဲ့နေရာဒေသအလိုက်၊ သင့်တင့်လျောက်ပတ်တဲ့ အ၀တ်အစားကို
ဝတ်သင့်တယ်ဆိုတဲ့ အတွေးစကလေးက ကိုယ့် ကိုယ်ကို မှန်ထဲမှာ သေသေချာချာ ကြည့်မိလိုက်တဲ့အချိန် တဒင်္ဂ အတွင်းမှာဘဲ ကျွန်တော့်ရဲ့ စိတ်အစွဲကို ချေဖျက် နိုင်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ပြီးလို့ အိမ်အပြန်လမ်းတ လျှောက်မှာ တော့ ကျွန်တော် မျက်နှာမှာ အပြုံးတွေ ဝေနေပါတယ်။ လူမှာအ၀တ်၊ တောင်းမှာအကွပ်ဆိုတဲ့ စကားကို ကျွန်တော် တကယ်၊ အဟုတ်ဘဲလို့ လက်ခံမိပါတော့တယ်။
မိုးစက်
10 .11 . 2007 ( AM 12:53)



1 comment:

မျှားပြာ said...

အစ်ကိုကြီး အခုတော့ ဂိုက်ပေးကြမ်းနေတာပေါ့လေ ...။