Feb 8, 2008

အားလုံးနဲ့ ဆုံဆည်းမယ် ....

အားလုံးဘဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် မောင်မိုးစက်ဟာဆိုရင်ဖြင့် မနက်ဖြန်ဆိုရင် ကိုယ့်မြေ၊ ကိုယ့်ရေ ပေါ်မှာ ခြေချခွင့်ရပါတော့မယ် ခင်ဗျာ။ ကျွန်တော် တွေ့ချင် မြင်ချင်တဲ့ ဘလေဒ့်ဂါ ညီအစ်ကို မောင်နှမတွေကို တစ်ဦးတစ်ယောက်ခြင်းဆီ လိုက်ပြီး မိတ်ဆက် တွေ့ဆုံပါမယ် ခင်ဗျာ။
ပျော်ရွှင်ခြင်းတွေ၊ ကံကောင်းခြင်းတွေ ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမအားလုံး ရရှိခံစားနိုင်ကြပါစေ
မိုးစက်
8 . 2 . 2008 ( 9:06 AM)

ဆက်ဖတ်ရန်...

Jan 1, 2008

Last Post Of 2007

This Last Post Is 2007 Years.....

Look at the sky
Tell me what do you see
Just close your eyesAnd describe it to me
The heavens are sparklingWith starlight tonight
That's what I seeThrough your eyes
I see the heavens
Each time that you smile
I hear your heartbeatJust go on for miles
And suddenly I knowMy life is worth while
That's what I seeThrough your eyes
Here in the night
I see the sun
Here in the dark
Our two hearts are one
It's out of our hands
We can't stop what we have begun
And love just took me by surprise
Looking through your eyes
I look at myself
And instead I see us
Whoever I am now
It feels like enough
And I see a girl
Who is learning to trust
That's who I see through your eyes
And there are some things we don't know
Sometimes a heart just needs to go
And there is so much I'll remember
Underneath the open sky with you forever


ဒီနေရာကနေ သီချင်းလေးကို နားဆင်နိုင်ပါတယ် ခင်ဗျာ.... အားလုံး Happy New Year ပါခင်ဗျာ...

ဆက်ဖတ်ရန်...

Dec 26, 2007

ကို Zero ကို ဘာသာပြန်ကြည့်ခြင်း ....

ကျွန်တော်နဲ့သူ ဆုံဖြစ်တဲ့နေရာလေးကတော့ နည်းနည်းထူးဆန်းနေပါတယ်။ ကျွန်တော်ကလည်း ရပ်မြေခြား ကနေ ပြန်ရောက်ကာစ၊ သူကလည်း လမ်းကြောင်းတစ်ခုပေါ်မှာ ရပ်တည်နိုင်အောင် ရှိသမျှ ခွန်းအားတွေနဲ့ ကြိုးစားနေတဲ့အချိန် ကျွန်တော်တို့ တွေ့ဖြစ်ကြတာပါ။ တွေ့တော့ ဘာလုပ်ဖြစ်လဲ စကားတွေ ပြောဖြစ်ကြတယ်။ တွေ့ဆုံတဲ့နေရာလေးကတော့ Restaurant တစ်ခုမှာပါ။
ကျွန်တော်။ ။ ကို Zero ကြိုက်တာမှာဗျာ။ ကြိုပြောထားမယ်။ ကျွန်တော် တိုက်မှာနော်။
ကို Zero။ ။ ဟာ မဟုတ်တာဘဲ မိုးစက်ရာ။ အစ်ကိုက အိမ်ရှင်ဘဲ၊ အစ်ကိုတိုက်မှာပေါ့။ ခဏနေအကြာမှာတော့ မမြင်ရတာကြာတဲ့ မြန်မာယမကာ ရောက်လာတယ်။ ကျွန်တော်တို့ ခွက်ကို မြှောက် လိုက်ပြီး ချီးယားလုပ်တော့ “ဘာဘဲလုပ်လုပ် အောင်မြင်ပါစေဗျာ” လို့ ကျွန်တော်စပြီး ပြောဖြစ် တယ်။ ကို Zero က ကျွန်တော်ပြောတဲ့ စကားကိုထောက်ခံတဲ့အနေနဲ့ ပြုံးလို့။ တစ်ကြိုက်လောက်မော့ ပြီးချိန်မှာတော့ကျွန်တော် တို့ တစ်ယောက်ကို တစ်ယောက်ထပ်ပြီး မိတ်ဆက်ဖြစ်တယ်။
ကျွန်တော်။ ။ ကျွန်တော် အစ်ကို့ကို သတိထားမိတာ၊ အစ်ကို့ဘလောဒ့်ကို ပထမဆုံးရောက်တဲ့ အချိန်က ဘလောဒ့်ဂါ တစ်ယောက်ဘဲဗျ …ကျွန်တော်မမှတ်မိတော့ဘူး။ သူက ကျွန်တော် စီပုံးမှာ သွားရောက်ဖတ်ရှု့ဖို့ တိုက်တွန်းပါတယ်ဆိုပြီး link ထားခဲ့တယ်။ ကျွန်တော်လည်း အဲဒီ link ကိုသွား ကြည့်တော့မှ အစ်ကို ဘလောဒ့် ဖြစ်နေတာ။ Blogger များလက်ဆင့်ကမ်းပေးကြပါ ဆိုတဲ့ post လေး ကိုဖတ်မိပြီး၊ အဲဒီမှာ comment ရေး၊ ပြီးတာနဲ့ ကျွန်တော့်ဘလောဒ့်မှာ “တိုက်တွန်းလိုပါတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘေးမှာ link ချိတ်ထားလိုက်တယ်။ အဲဒီနောက်ပိုင်း အစ်ကိုနဲ့ ကျွန်တော် စတင်ပြီး ရင်နှီး သွားတယ်လို့ ထင်တယ်။
ကို Zero။ ။ ဟုတ်တယ် မိုးစက်…ကိုယ်လည်း မင်းရဲ့ comment ကိုတွေ့၊ မင်းဘလောဒ့်ကိုလာ ကြည့်၊ ပြီးတော့ ကိုယ့်ရဲ့ Idea လေးကို မင်းကခေါင်းစဉ်လေးတပ်ပြီး link ချိတ်ထားတော့ ပိုပြီးတော့ ၀မ်းသာသွား တာပေါ့ကွာ။ ဟုတ်တယ် ကိုယ်လည်း မင်းကို အဲဒီအချိန်ကစပြီး သတိထားမိသလို၊ စိတ် ထဲလည်း မှတ်မှတ်ရရ ရှိခဲ့တယ်။ ကျွန်တော်။ ။ ဟုတ်တယ်အစ်ကို၊ အဲဒီ post လေးကိုဖတ်ပြီးတော့မှ ကျွန်တော်ဖိုးဝကို သိခဲ့ရတာ။ ဖိုးဝ ကတော်တော်ကို ကဏ္ဍစုံလင်စွာပါတဲ့ Web Portal တစ်ခုပါ။ ကျွန်တော်တော့ သဘောကျတယ်။ ဒါပေမယ့် ….. ( ကျွန်တော် ယမကာ တစ်ကြိုက်လောက် ထပ်သောက်လိုက်တယ် )
ကို Zero။ ။ ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေကွာ … ကျွန်တော်။ ။ တစ်ခုခု ဆွဲဆောင်မှုလိုနေသလားလို့၊ ကဏ္ဍစုံလင်တယ်ဆိုတာ မှန်တယ် အစ်ကိုရာ၊ ဒါပေမယ့် ဆွဲဆောင်မှုလိုနေတယ် အစ်ကိုရ။
ကို Zero။ ။ အင်း ဆွဲဆောင်မှုလိုနေတယ်လို့ဘဲ ထားကွာ။ ဘယ်လို လိုအပ်တယ်ဆိုတာ မင်း အမြင်လေး ပြောကြည့် …
ကျွန်တော်။ ။ ဖိုးဝမှာ Music, International News စသဖြင့် ရှိတဲ့ ကဏ္ဍတွေမှာပြင်ဆင်ထားတဲ့ ပုံစံတွေ အားလုံးကောင်းတယ်အစ်ကို။ Webtemplate တွေအရမ်းလှတယ်။ Home Page တစ်ခုဘဲ ဖွင့်လိုက်တာနဲ့ ဆွဲဆောင်မှုအပြည့်လေးရှိစေချင်တာပေါ့။ အစ်ကိုက Button တွေအထဲမှာတော့ Flash Annimation တွေသုံး ထားတာ တော်တော်လှတယ်။ ဥပမာ- model ကဏ္ဍမှာပေါ့။ သုံးထားတဲ့ Flash Annimation Design လေး တော်တော်လှတယ်။ Home Page မှာဆိုရင်အစ်ကိုက Flash ကိုသုံးမ ထားဘူးနော်။ ကျွန်တော့်စိတ်အထင် ပြောရင် Home Page မှာလည်း Flash Annimation တွေကို ကဏ္ဍအလိုက်ထည့်ပြီး ဆွဲဆောင်လိုက်မယ် ဆိုရင် ပိုပြီးကောင်းသွားမလားလို့ ထင်မိတယ်အစ်ကို။
ကို Zero။ ။ အင်း…ကိုယ့်ညီပြောတာလည်း အစ်ကို လက်ခံပါတယ်။ အစ်ကို့ရဲ့ ဖိုးဝ ကို ဒီထက်ပိုပြီး လူသိ များအောင်၊ တွင်ကျယ်အောင်လို့ အစ်ကိုက Chat room, Forum စသဖြင့် ထပ်မလားလို့ တောင် စဉ်းစားမိ သေးတယ်။ ဒါပေမယ့် အစ်ကိုက ဖိုးဝ ကို Web Portal အစစ်ဖြစ်အောင်လုပ်ချင်တာ ကြောင့် အဲဒါတွေကို မထည့်တာ။ အခု လက်ရှိ ရှိနေတဲ့ ဖိုးဝ ကိုလည်း အစ်ကိုဒီလောက်နဲ့ မကျေနပ် သေးဘူး။ ထပ်ထည့်၊ ထပ်လုပ် ဖို့ရှိပါသေးတယ်။ အခုလုပ်ထားတာ Beta Version လောက်ဘဲလုပ် ထားတုန်းဘဲရှိတယ်။ ဒီထက်ပိုပြီး ကဏ္ဍစုံ အောင် ထပ်ထည့်မှာပါ။ ကဏ္ဍအလိုက် သတင်း၊ ဓာတ်ပုံအား လုံးကို update ဖြစ်အောင်လည်း အမြဲကြိုးစား နေတာပါ။ အခက်အခဲတွေတော့ တော်တော်ရင်ဆိုင်ရ တယ်။ ဒါပေမယ့် အစ်ကို့ကတော့ အားလုံးကို ပျော်ပျော် ဘဲ ရင်ဆိုင်လိုက်တာပါဘဲ။
ကျွန်တော်။ ။ ဟဲ … ဟဲ ဒါပေါ့အစ်ကိုရာ၊ အခက်အခဲတွေကတော့ ရင်ဆိုင်ရမှာပေါ့။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမြဲအားပေးနေမှာပါ။
ကို Zero။ ။ No… No… ညီလေး … အစ်ကိုက အားပေးတာတွေ လိုချင်တာမဟုတ်ဘူး။ စိတ်အား လည်း မငယ်တတ်ပါဘူး။ ကိုယ်တစ်ကယ်လိုနေတာက ထောက်ခံမှု ကွ။ အစ်ကိုလုပ်နေတာ၊ လုပ်ချင် တာကို ထောက်ခံတဲ့ သူလိုနေတာ။ လိုအပ်ရင် အကြံဥာဏ်တောင်းခံမယ်ကွာ။ ဒီလောက်ဘဲ … ဆုံးဖြတ်ချက် ချပြီးရင် တော့ ဘယ်တော့မှ မပြင်တတ်ဘူး ကိုယ့်လူရေ ….. ညီလေးပြောတဲ့ Home Page အတွက် အစ်ကို့လူတွေနဲ့ တိုင်ပင်ပြီး ထပ်လုပ်လိုက်ဦးမယ်ကွာ။
ကျွန်တော်။ ။ ကျွန်တော်က ကျွန်တော့်အမြင်ပြောတာနော်အစ်ကို၊
ကို Zero။ ။ အင်းပါကွာ…..ပေါက်ပါတယ် ….
ကျွန်တော်။ ။ ကဲ …ပေါက်ရင်လည်း လက်ကျန်လေး ရှင်းလိုက်ရအောင်ဗျာ…ကျွန်တော်တို့ နှစ်ယောက်ထပ် သောက်ဖြစ်ကြတယ်။ ကို Zero ကဆက်ပြီး သူရဲ့ ခံယူချက်တွေ၊ လုပ်ချင်တာတွေကို ဆက်ပြောပြတယ်။ ကို Zero။ ။ မိုးစက်ရ …အစ်ကိုက စီးပွားရေးနဲ့ပါတ်သက်ရင် ငွေကို အဓိက သိပ်မထားဘူး။ လုပ်ငန်း လုပ်တဲ့ နေရာမှာ အစ်ကိုက အတွေ့အကြုံသစ်၊ အတွေးသစ်၊ အမြင်သစ်တွေလိုချင်တယ်။ ရလာတဲ့ အတွေး အမြင်သစ်တွေနဲ့ လမ်းတစ်ခုကို ထွင်ပြီး လျှောက်ချင်တာ…
ကျွန်တော်။ ။ အဲဒီခံယူချက်ကိုတော့ အစ်ကိုနဲ့ လူချင်းမတွေ့ခင်ကတည်းက သိခဲ့တာပါ။ “ ထွင်ရင် ထွင် မထွင်ရင်သေ” ဆိုတဲ့ ခံယူချက်လေ။ အဲဒီခံယူချက်ကိုတော့ တကယ်သဘောကျတယ်ဗျာ။ အဲဒီ post မှာ comment ရေးတော့ “ကိုယ်တိုင်ဖောက်တဲ့လမ်းက ကြမ်းမယ်။ ဒါပေမယ့် ခိုင်ခံ့မှုတော့ အပြည့်ရှိပါတယ်” လို့ ရေးခဲ့တာပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ အခု အစ်ကိုလုပ်တဲ့ လုပ်ငန်းက မြန်မာပြည် အနေအထားနဲ့ဆိုရင် သိပ်ပြီးတော့ မတွင်ကျယ်သေးဘူး။ ကိုယ်က စလုပ်တဲ့ အနေအထား မျိုးဖြစ်နေတယ် ပေါ့လေ။ ၀ါသနာ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ရပ်တည်ထားတဲ့ စီပွားရေး လုပ်ငန်းဆိုတော့ အမြတ်အစွန်းဆိုတာ သိသာထင်ရှားလာမှာတော့ မဟုတ်ဘူး။ အမြဲတမ်း အိတ်စိုက် နေရမယ်။ မစိုက်ရရင်တော့ ကွတ်တိလောက် ဘဲရှိမယ်။ ကျွန်တော်စိတ်အလိုရ ဥပမာ တစ်ခုပေးရရင် အစ်ကိုအနေနဲ့ ရာဇာနေ၀င်းကို အတုယူသင့်တယ်ဗျ။ ကို Zero။ ။ ဘာဖြစ်လို့လဲ မိုးစက်ရ…
ကျွန်တော်။ ။ ရာဇာနေ၀င်းရဲ့ Style က သူများတွေနဲ့ မတူဘူးလေ။ သူအနုပညာလောကထဲကို စပြီးဝင်လာ တာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကဘဲလေ။ လုံးဝ မပေါက်ဘူး။ သူ့ပုံစံက ဘယ် မင်းသားနဲ့မှ မတူဘူးလေ။ Style က သူများတွေထက် ချွန်ထွက်နေတော့ ရူးတူးတူး၊ ပေါတောတော ဖြစ်နေတော့ ဘယ်သူမှ သိပ်လက်မခံချင်ကြဘူး။ သူတစိုက်မတ်မတ်နဲ့ ပရိတ်သတ်တွေ လက်ခံလာ အောင် ကြိုးစားလာခဲ့တာ ၂၀၀၃၊ ၂၀၀၄ လောက်အရောက်မှာ သူအောင်မြင်လာတာဘဲလေ။ သူ့ရဲ့ Style ကို ပြောင်းလဲလာတဲ့ ခေတ်ကရော၊ လူငယ်တွေကရော သဘောကျ လက်ခံလာတော့ အရမ်းကို အောင်မြင်လာတာ ရာဇာကလုံးတွေတောင်ပေါ် လာတဲ့ ကြည့်ပါလား။ အစ်ကိုရဲ့ Web Portal က လည်း အခုမှ အစဘဲရှိသေးတာလေ။ ရာဇာနေ၀င်း အစလို ပေါ့ဗျာ။ လူတွေက ဝေးနေတော့ သိပ်ပြီး မအောင်မြင်ချင်သေးဘူးပေါ့။ နောက်ပိုင်းကျရင်တော့ ကျယ်ပြန့်လာ ပြီး၊ ဖိုးဝ ဆိုတာ Online က လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အထိ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး လေ။ အဲဒါကြောင့် ရာဇာကို အတုယူသင့်တယ်လို့ ပြောတာပါ။
ကို Zero။ ။ ဟား ဟား …..မိုးစက်တို့ကတော့ လုပ်ပြီကွာ …
စကားပြောလိုက် သောက်လိုက်၊ သောက်လိုက် စကားပြောလိုက်နဲ့ တစ်ဂျား ကုန်သွားပါလေရော… ကို Zero က စာပွဲထိုးညီလေး တစ်ယောက်ကိုခေါ်လိုက်ပြီး “ ညီလေး နောက် တစ်ဂျား ထပ်ပေးကွာ… မြန်မြန်စားလို့ရ မယ့် အမြည်း ၂ ခုလောက်ပါ ယူခဲ့ဦး”
ကျွန်တော်။ ။ အစ်ကို … ကျွန်တော့် ဆန္ဒအရဆိုရင် နောက်ထပ် ကဏ္ဍလေးတစ်ခု ဖိုးဝမှာ ထပ် ထည့်ချင်တယ်ဗျာ။
ကို Zero။ ။ ဘယ်လိုကဏ္ဍမျိုးလည်းကွ၊ ပြောပါဦး။ ကျွန်တော်။ ။ စီးပွားရေး ကဏ္ဍလေးပေါ့အစ်ကိုရာ။ လိုင်းသီးသန့်လေးပေါ့။ အင်တာဗျူးတွေ ပါမယ်။ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကြောင်းတစေ့တစ်စောင်းရေးမယ်။ ပြီးတော့ မြန်မာ ပြည်မှာ လူငယ်တွေစိတ်ဝင်တစား လုပ်ကိုင်လာကြတဲ့ စီးပွားရေးတွေအကြောင်း ကိုယ့် Idea လေးနဲ့ ကိုရေးပြီး ဖော်ပြမယ်။ အာ…နေဦး … အရေးကြီးတာ တစ်ခုကျန်သေးတယ်။ အဲဒါဘာလဲဆိုတော့ ငွေကြေးလဲလှယ်မှုနှုန်း ပေါ့။ ဒေါ်လာ ငွေကြေးဈေးနှုန်း၊ မြန်မာငွေကြေးဈေးနှုန်းနဲ့ ရွှေဈေး အတက် အကျပေါ့ဗျာ။ အဲဒီကဏ္ဍထဲမှာ ထည့်ရင်ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရပ်ခြား ရောက်နေတဲ့ သူတွေက ဒေါ်လာကနေ မြန်မာငွေကြေးလဲလှယ်မှုနှုန်းသိချင်ရင် ဘယ်ကိုသွားကြည့် အဲဒီမှာ ဘယ်လောက်ရေးထားတယ်။ အဲဒါအမှန်ဘဲ စသဖြင့် ပြောဆိုပြီး ၀က်ဆိုက်ဒ်ကို လမ်းညွှန်တာ တွေရှိတယ်။ အရင်တုန်းကတော့ ဧရာဝတီ မှာသွားကြည့် တယ်။ နောက်ပိုင်းတော့ myanmarcupid မှာ သွားကြည့်ကြတယ်။ အစ်ကိုက update ဖြစ်နေတဲ့ ငွေကြေး ဈေးနှုန်းတွေကိုသာ နေ့စဉ်တင်ပေး ထားမယ်ဆိုရင် အဲဒီကဏ္ဍလေးထည့်လိုက်တဲ့အတွက် ပိုပြီး လူသိများ အောင်မြင်လာမယ်လို့ ကျွန်တော်ထင်တယ်။
ကို Zero။ ။ အင်း … ဟုတ်တယ်ကွ။ ညီလေးပြောတဲ့ ကဏ္ဍကို အစ်ကိုလည်း ထည့်မယ်လို့ စဉ်းစား ထားပြီးသားပါ။ ဒါပေမယ့် ထုံစံအတိုင်း သူများနဲ့ မတူအောင်လေး လုပ်ချင်တဲ့ ဥာဉ်လေးက ရှိ နေတော့ အချိန်ကြာနေတာပါ။ ကောင်းတယ် မိုးစက်။ Good Idea …..
ဘလောဒ့်စရေးပြီး သိပ်မကြာခင်မှာဘဲ စတင်ခင်မင်ရင်းနှီးခဲ့တဲ့ ကို Zero ရဲ့ ရေးသမျှပို့စ်တွေကို ဖတ်ပြီး အစ်ကို့ရဲ့ စိတ်သဘောထားကို အတတ်နိုင်ဆုံးဘာသာပြန်ထားပြီး အပြင်မှာ လူချင်းတွေ့ပြီး ရင်းနှီးစွာ စကားပြောတဲ့ ပုံစံလေးရေးဖွဲ့ထားတာပါ။ ကို Zero ကလည်း သဘောကျ ကြည်ဖြူစွာ အခု ပို့စ်လေးကို တင်ခွင့်ပြုတဲ့အတွက် အရမ်းဘဲ ၀မ်းသာပီတိဖြစ်မိပါတယ်။ အခါအခွင့်သင့်လို့ ဆုံစည်းကြ ရင်ဖြင့် မြန်မာတွေရင်ထဲရောက်အောင် လောင်းထည့်ကြဆို့ဦးကွယ်ရို့ …..
မိုးစက်
26 . 12 . 2007 (11:53 AM)

ဆက်ဖတ်ရန်...

Dec 13, 2007

ပြန်လည်နိုးထလာစေချင်သော ပုံရိပ်များ (၁)

ကျွန်တော် ညစာထမင်းစားပြီးတဲ့အချိန်၊ စာကြည့်မလို့လုပ်တုန်းမှာပဲ ကျွန်တော့်အစ်ကိုက လာခေါ်တယ်။ မိန်းထဲသွားမယ် လိုက်မလားတဲ့။ ( ကျွန်တော်တို့ မန္တလေးသား၊ မန္တလေးသူ တွေက တက္ကသိုလ်ဘက်သွားမယ် ဆိုရင် မိန်းထဲကို၊ မိန်းဘက်ကို သွားမယ်လို့ ပြောလေ့ရှိပါတယ် ) ကျွန်တော် က အလယ်တန်းကျောင်းသားဘဲ ရှိသေးတာဆိုတော့ မိန်း ဆိုတာ ကြားဘဲ ကြားဘူးသေးတာ။ မရောက်ဘူးတော့ လိုက်ကြည့်ချင်တဲ့ စိတ်က တားမရဘူး။ အဲဒါနဲ့ အစ်ကိုနဲ့အတူ မိန်းထဲကို လိုက်သွား ဖြစ်တယ်။ အိမ်က ကားနဲ့ ဗန်းမော်တိုက် လမ်ကြားထဲ ကို မောင်းဝင်သွားတယ်။ လမ်းထဲက ထမင်းဆိုင် တစ်ဆိုင်မှာ သူ့သူငယ်ချင်း တစ်ယောက်ကို ၀င်ခေါ်တယ်။ ပြီးတာနဲ့ ကျွန်တော်တို့ မိန်းနားက လက်ဘက်ရည်ဆိုင် တစ်ဆိုင်ကို သွားကြတယ်။ အဲဒီမှာ ကျွန်တော့်အစ်ကိုရဲ့ သူငယ်ချင်း ၅ ယောက်လောက် ထိုင်ပြီး စောင့်နေကြလေရဲ့။ ကျွန်တော့်အစ်ကိုက " ကျော်ကြီး လူစုံပြီလား၊ သွားကြမယ်လေ၊ တော်ကြာအဆောင်ရှေ့မှာ အဖွဲ့တွေများနေရင် မကောင်းဘူး၊ အရင်နေ့ကကောင်တွေနဲ့ရော ညှိပြီး ပြီ လား … တော်ကြာ ရက် တိုက်နေဦးမယ်" " ဟာကွာ၊ မင်းကလည်း ကျော်ကြီးပါ၊ အားလုံး Arrange လုပ်ပြီးသား" " အိုကေ …အဲဒါဆို ငါတို့ ဒိုးကြမယ်" အဲဒီအဖွဲ့ထဲက အစ်ကိုတစ်ယောက်က ရေနွေးအိုး ကိုကိုင်ပြ ပြီ "နေဦး ငှက်ကြီးရ ( ကျွန်တော့်အစ်ကို) ဒီတစ်အိုး ကုန်ရင်ထမယ်ကွာ၊ ခဏလေး ကုန်တော့မယ်" "အိုကေ … အိုကေ အဲဒါဆိုလုပ်လုပ်" ကျွန်တော်လည်း ရေဆာသလိုရှိတာနဲ့ ရေနွေး ဖန်ခွက်ကလေးကို ကိုင်ပြီး ရေနွေး ခရားကိုကိုင်ပြီး ထည့်မယ်လိုအလုပ် " ဟာ … ဟာ ညီလေး မလုပ်နဲ့ မလုပ်နဲ့ အထဲက ရေနွေးတွေမဟုတ်ဘူး" ပြောပြောဆိုဆိုနဲ့ ကျွန်တော်လက်ကို လှမ်းတားပါတယ်။ "ညီလေးသောက်ချင်ရင် လက်ဘက်ရည်မှာသောက် နော်" ဆိုပြီး ကျွန်တော့်အတွက် လက်ဘက်ရည် တစ်ခွက်မှာပေးပါတယ်။ နောက်မှသိရတယ်။ ရေနွေးခရား အိုးထဲကို Mandalay Rum တွေထည့်ပြီး သောက်နေကြတာလေ။ လက်ဘက်ရည်ဆိုင်မှာ အရက်သောက်မယ် လို့ ကျွန်တော်လည်း မထင်ဘူး ပေါ့။ နောက်မှ ကိုကျော်ကြီးဆိုသူက " လူစုမယ်လို့ ပြောထားတာ လက်ဘက် ရည်ဆိုင်ဆိုပြီး ပြော လိုက်လို့ ဆိုင်မှာမသောက်တော့ဘဲ ဒီမှာဘဲ သောက်လိုက်တော့တယ်။ ဆိုင်ရှင်က နည်း နည်းရစ်တတ် လို့ ရေနွေးအိုးထဲ ထည့်ပြီးသောက်နေကြတာ" တဲ့။ ပြီးတာနဲ့ ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ကနေ ထွက်ခဲ့ကြတယ်။ ကားကို ကိုကျော်ကြီးတို့ အဆောင်ရှေ့မှာ ထားခဲ့ပြီး ကျွန်တော်တို့ အဖွဲ့ လမ်းလျှောက် ထွက်ခဲ့ကြတယ်။

ရေနီမြောင်းကရေတွေ တစ်သွင်သွင် စီးဆင်းနေကြတယ်။ အဆောင်ရှေ့က မီးချောင်းရဲ့ အလင်းက ရေပေါ် မှာထင်ဟပ်ပြီး အလင်းတွေပြန်ကျဲနေတယ်။ အဆောင်ရှေ့က ခုံတန်းလျားလေးမှာ ကျွန်တော်တို့ အဖွဲ့ထိုင်မိ ကြတယ်။ ကိုကျော်ကြီးက ဂစ်တာတစ်လက်ကို ကြိုးညှိတဲ့ အနေနဲ့ Intro လေးစတီးတယ်။ Intro လေးအပြီးမှာ တော့ သံစဉ်တစ်ခုကို ချပြပြီးတီးတယ်။ မှတ်မှတ်ရရ ပထမဦးဆုံး စတီးတဲ့ သီချင်းလေးက ခင်မောင်တိုးရဲ့ " တံခါးဖွင့်ပေးပါ" သီချင်းလေးပါ။ သံစဉ်အလိုက် သီချင်းစာ သားတွေကို အစ်ကိုတို့အဖွဲ့တွေ စည်းချက်ညီညီ လိုက်ဆိုနေကြတယ်။ လက်ဖ၀ါးလေးနဲ့ ပေါင်လေး တွေပုတ်လိုက်၊ လက်ဖျောက်လေးတီးတိုး တီးလိုက်နဲ့ သီဆို လိုက်ကြတာ သီချင်းသံစဉ်လည်းဆုံးရော အဆောင်တံခါးဝမှာ ခေါင်းလေးတွေ ပြူတစ်၊ ပြူတစ်နဲ့ ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့ ထွက်လာကြတယ်။ အစ်ကို တို့က သူတို့အဖွဲ့မှန်းသိအောင် လက်နဲ့ သင်္ကေတလေးတွေလုပ်ပြတယ်။ ထူးအိမ်သင်၊ စိုင်းထီးဆိုင်၊ စိုးလွင်လွင်၊ ဇော်ဝင်းထွဋ်တို့ရဲ့ သီချင်းတွေ ဆက်တိုက်ဘဲ အများဆုံး ဆက်တီး ကြတယ်။ ခဏကြာ တော့ အဆောင်စောင့် ဦးလေးကြီးတစ်ယောက်က လင်ပန်းလေးကိုင်ပြီး အစ်ကိုတို့ကို လာပေးတယ်။ ကျွန်တော့်အစ်ကိုက ၄၅ကျပ်တန်တစ်ရွက် ဦးလေးကြီးကို ထုတ်ပေးလိုက်တယ်။ လင်ပန်းထဲမှာ ဘာ တွေပါတယ်လို့ထင်လဲ … ရေနွေးဓာတ်ဘူး၊ ရေးနွေးခွက် ၅ ခွက်၊ လက်ဖက်သုပ်တစ်ပွဲ၊ ဂျင်းသုပ်တစ် ပွဲ၊ ထန်းလျက်ထုပ် တစ်ထုပ် ပါလာတယ်။ လက်ဖက်သုပ် ပန်းကန်မှာ ဂျိန်းဖောသူ၊ ဂျင်းသုပ်မှာ ပန်းကန်မှာ တောင်ကြီးသူ ဆိုပြီး စာလေးတွေပါ ကပ်ထားတာကို တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့ ဆိုစေချင်တဲ့ သီချင်း လေးတွေကိုလည်း စာရွက်လေးတစ်ရွက်မှာ ရေးပြီးတော့ ပေးလိုက်သေးတယ်။ ရေနွေးသောက်၊ လက်ဖက် သုပ်၊ ဂျင်းသုပ်စား ၅ မိနစ်လောက်နားကြတယ်။ ကျွန်တော်က ဘာလို့စာ လေးတွေ ရေးထား တာလဲလို့ မေး ကြည့်တော့ အဆောင်မှာ အခြမ်း ၂ ခြမ်းခွဲထားတယ်တဲ့။ ကိုကျော် ကြီးရဲ့ ကောင်မလေးက မြစ်ကြီးနားက ဆို တော့ ဂျိန်းဖောသူလို့ တင်စားခေါ်ဝေါ်ကြပြီး၊ ကျွန်တော့် အစ်ကိုရဲ့ကောင်မလေးကတော့ တောင်ကြီးကမို့လို့ တောင်ကြီးသူလို့ ခေါ်တာဆိုပြီး ပြောပြတယ်။ လက်ဖက်သုပ်၊ ဂျင်းသုပ် ပန်းကန်လေးတွေကိုင်ပြီး အဆောင် ဘက်ကို ကိုင်ပြပြီး စားပြနေကြတယ်။ ပြီးတာနဲ့ သူတို့ ဆိုပြဖို့ ပြောပြလာတဲ့ သီချင်းစာရွက်လေးကို ထုတ်ပြီး တစ်ပုဒ်ပြီး တစ်ပုဒ် တီးပြ၊ ဆိုပြ ကြတယ်။ ကိုကျော်ကြီးက ဂစ်တာတီးတော်တော် ကောင်းတယ်ဗျာ။ သီချင်း အားလုံးကို ဘာ Note မှ မကြည့်ဘဲ တီးသွားတာ။ အရမ်းပျော်ဖို့ ကောင်းတာဘဲဗျာ။ ည ၁၁ နာရီကျော်ကျော် လောက်မှာ အဖွဲ့ ၁ ဖွဲ့ရောက်လာတယ်။ အဖွဲ့ထဲက တစ်ယောက်က အစ်ကိုတို့ဆီလာပြီးတော့ သူတို့အဖွဲ့ သီချင်း ၃ ပုဒ် လောက် တီးချင်လို့ပါဆိုပြီး ပြောပြလာတယ်။ အစ်ကိုတို့လည်း ခွင့်ပြုလိုက်ရော သူတို့ သီချင်း ၃ ပုဒ် တီးကြပါတယ်။ သူတို့ အဖွဲ့ သီချင်းစပြီးဆိုတဲ့အချိန်မှာဘဲ အဆောင်က အခန်းတစ်ခန်းက မီးလေး ပွင့် လာပါတယ်။ အဲဒီဘက်က အစ်ကိုတွေလည်း အားတွေတက်သွားပြီး အပြုံးတွေနဲ့ သီချင်းတွေ ဆက် တီးကြ တယ်။ သီချင်း ၃ ပုဒ်လည်း ဆိုပြီးရော သူတို့ ကျေးဇူးတင်တဲ့ အကြောင်းပြောပြီး အေးအေး ဆေးဆေးဘဲ ပြန် သွားကြတယ်။ တက္ကသိုလ်ကျောင်းသား အချင်းချင်း နားလည်မှုထားတဲ့ စိတ်သ ဘောထားလေးကို ကျွန်တော် အရမ်းကြိုက်သွားတယ်ဗျာ။ ၁၂ နာရီလောက်မှာ ကျွန်တော်တို့ အဖွဲ့ ပြန်လာကြတယ်။ ကိုကျော်ကြီးတို့ကို နှုတ် ဆက်ပြီး ကျွန်တော်နဲ့အစ်ကို ပြန်လာကြတယ်။ အိမ်ပြန်လာ တဲ့ လမ်းတစ်လျှောက်မှာ အစ်ကိုက သူ့ကောင်မ လေးနဲ့ စတွေ့ခဲ့တာလေးကို ပြောပြလာတယ်။ သူတို့ မေဂျာက ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကိုဘုရားဖူး လေ့လာရေး ခရီးထွက်တဲ့ အချိန်မှာ တွေ့ကြတယ်လို့ ပြောတယ်။ အစ်ကိုရဲ့ ကောင်မလေးက အစ်ကိုတို့မေဂျာက မဟုတ် ဘူး။ တစ်ခြားမေဂျာကနေပြီး သူ့သူငယ်ချင်းတွေခေါ်လို့ လေ့လာရေးခရီးကို လိုက်လာတယ်ဆိုတဲ့အကြောင်း၊ ညပိုင်း ပျော်ရွှင်ဖို့  ကောင်းတဲ့ မီးပုံပွဲအကြောင်း၊ ပါဆယ်ဂိမ်းအကြောင်းလေးတွေကို ပြောပြတယ်။ ကိုယ်တိုင်ပါဝင်ခဲ့သူ မပြောနဲ့ တစ်ဆင့်ပြန်ကြားရတဲ့ ကျွန်တော်တောင် ပုံရိပ်တွေကို မြင်ယောင်ပြီး ကြည်နူးနေမိပါတယ်။ တက္ကသိုလ်ဆိုတာ အဲဒီလို ပျော်ဖို့ကောင်းတာပါလား၊ လွတ်လပ်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ တက္ကသိုလ် ဆိုတာကို ကျွန်တော် အရမ်းတက်ချင်၊ ရောက်ချင်သွားတယ်။ ရောက်အောင်ကို ကြိုးစားမယ်ကွာလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားလိုက်မိတယ်။ အဲဒီတုန်းက ကျွန်တော် ၅ တန်းဘဲ ရှိပါသေးတယ်။ ကျွန်တော် ၁၀ တန်းအောင်တော့ တက္ကသိုလ်မိန်းကြီးထဲမှာ မတက်ရတော့ဘူးတဲ့။ ဦးပိန်တံ တားဘက်မှာ အသစ်ဖွင့်ထားတဲ့ ရတနာပုံ တက္ကသိုလ်ဆိုတာကြီးမှာ သွားတက်ရတယ်။ မိန်းထဲက စိန်ပန်းပင်တွေနဲ့ အဝေးဆုံးကို ရောက်သွားတယ်။ အစ်ကိုနဲ့ အတူမိန်းထဲကို လိုက်လည်တုန်းက ငါ တက္ကသိုလ်ရောက်ရင် ဘယ်ဆိုင်မှာ ထိုင်မယ်။ ဒီစိန်ပန်းပင်ကြီးအောက်မှာ ကဗျာတွေလာရေးမယ်… စသဖြင့် ကျွန်တော်ရဲ့ စိတ်ကူးပုံရိပ်တွေအား လုံး ဝေးလွင့်ခဲ့ရတယ်။ အဆောင်တွေဆိုရင်လည်း ပုံစံ တွေ အနေအထားတွေ အားလုံး ပြောင်းလဲခဲ့တယ်။ ရင်နှီးတဲ့ သူငယ်ချင်းတော်တော်များများက ရတနာပုံ တက္ကသိုလ်အနားက အဆောင်တွေမှာ နေတာများတယ်။ ကိုယ်က မြို့ထဲမှာနေတဲ့ သူဆို တော့ သွားရလာရ အရမ်းခက်ခဲတော့ ညပိုင်းတွေ မသွားဖြစ်ဘူး။ ကျွန်တော့် အစ်ကိုနဲ့ အတူ လာတုန်း က မိန်းကြီးရဲ့ ပုံရိပ်တွေနဲ့ အခုကျွန်တော်ကြုံတွေနေရတဲ့ မိန်းကြီးနဲ့က အရမ်းကို ကွာခြားသွားတယ်။ ပျော်ဖို့တော့ အထိုက်အလျောက်ကောင်းပါတယ်။ ဒါပေမယ့် ပုံရိပ်တွေ ကွာခြားနေတယ်လို့ ကျွန်တော် ခံစားရတယ်။ ဖြစ်နိုင်ရင် ကျွန်တော် ငယ်ငယ်တုန်းကလို ကျွန်တော်တို့ မိန်းကြီးရဲ့ ပုံရိပ် တွေကို ပြန်လည်နိုးထလာစေချင်ပါတယ်။ တစ်ခါတည်းပါ ….. တစ်ကယ် တစ်ခါတည်းပါ …..
မိုးစက်
13 . 12 . 2007 ( 2:58 AM )

ဆက်ဖတ်ရန်...

Dec 3, 2007

ဘယ်သူ ဘယ်ဝှာမှန်း မသိတဲ့သူရေ ...

ကျွန်တော် တော်တော်ကို စိတ်ညစ်သွားတယ်ဗျာ။ တကယ်ပါ။ လုပ်လည်း လုပ်ရက်တဲ့ သူလို့ စိတ်ထဲ မှာ ထင်လိုက်မိပါတယ်။ ကိုယ့်ရဲ့ လုပ်အားခ အဖြစ် ရရှိလာတဲ့ ငွေလေးကို ပိုက်ဆံ အိပ်ကပ်ထဲမှာ ထည့်ထား လိုက်မိတယ်။ ပြီးတော့ အလွယ်တကူဘဲ ကျွန်တော် ထားနေကျ နေရာလေးမှာ ထားလိုက်မိတယ်။ ၁၀၀၀ တန် အသစ်တွေ ကို မျက်လုံးထဲမှာ မြင်ယောင်မိတုန်းပါဘဲဗျာ။ နောက်နေ့မနက်မှာ ကျွန်တော် လိုအပ်တဲ့ ပစ္စည်း တစ်ချို့ အပြင်မှာ သွားဝယ်တယ်။ လိုအပ်တဲ့ ငွေအနည်းငယ်လောက်ဘဲ ယူသွားပြီး ထားနေကျ နေရာလေးမှာ ဘဲ ပြန်ထားလိုက်မိတယ်။ အဆောင်နေတဲ့ လူတစ်ယောက်ဆိုတော့ လည်း အခန်းလာတဲ့ လူက ဗြောက် သောက်ပေါ့ဗျာ။ ကျွန်တော့် အခန်းဖော်တွေတော့ ကျန်ခဲ့ တာပေါ့။ ပစ္စည်းထွက်ဝယ်တာ ညနေပိုင်းမှ ပြန် ရောက်တယ်။ ပြန်လည်းရောက်ရော ထားနေကျ နေရာလေးမှာ ကြည့်လိုက်တော့ ကျွန်တော့် လစာတွေ မရှိ တော့ဘူးဗျာ။ အခန်းဖော်တွေကို မေးကြည့်တော့လည်း မသိကြဘူးတဲ့။ သွားတာပေါ့ဗျာ။ ကိုယ့်ရဲ့ လုပ်အား ခငွေလေး ကြက်ပျောက်၊ ငှက်ပျောက်ကို ဖြစ်သွားတယ်။ ဥစ္စာပျောက် ငရဲရောက်ဆိုတဲ့ အတိုင်း ဘယ်သူ့ ဘယ်သူ ကိုမှ မထင်လည်း မထင်သလို၊ အပြစ်လည်း မဆိုတော့ပါဘူး။ ကိုယ့် အသုံးမကျလို့၊ ငါ့ကို ဒီလိုတော့ မလုပ်ကြပါဘူး ဆိုတဲ့အတွေး၊ လူတိုင်းကို ယုံကြည်ပြီး ငွေကို အလွယ်တကူ ထားတတ်တဲ့ ကျွန်တော့်ကို၊ သူက ( ဘယ်သူ ဘယ်ဝှာမှန်းမသိ) သင်ခန်းစာ ကောင်းကောင်း ပေးသွားတာပါဘဲ။ ကျွန်တော် အခု တကယ်ကို စိတ်တွေ ညစ်နေပါတယ်ခင်ဗျာ။ ဒီလ ဘယ်လို နေထိုင်စားသောက်ရမလဲဆိုတာ မတွေးတတ်အောင်ပါဘဲ။ မတတ်နိုင်ဘူးလေ။ ကိုယ်မှ အသုံးမကျတာဘဲ ဟာ။ ဘယ်လိုမှကို မတတ်နိုင်ပါဘူး ခင်ဗျာ။ ချီးငှားပြီး အတတ်နိုင်ဆုံး ခြိုးခြံချွေတာပြီး သုံးစွဲရမှာပေါ့။ ဘယ်သူ ဘယ်ဝှာမှန်း မသိတဲ့ သူရေ … မင်းပျော်နိုင်ပါစေကွာ
မိုစက်
3 . 12 . 2007 ( 1:10 AM)

ဆက်ဖတ်ရန်...

Nov 24, 2007

ဗုဒ္ဓသြ၀ါဒ (၂)

လောင်းကစားသူအပြစ် ၆ ပါး
အောင်သူရန်ပွါး၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မ၀င်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန် အပြစ်တည်း။

မိတ်ဆွေပျက် ၆ ပါး
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတစ်ထောက်၊ မျက်မှောက် လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဆွေထားက၊ ပျက်ပြား မိတ်ဆွေအပြစ်တည်း။

ပျင်းရိခြင်းအပြစ် ၆ ပါး
အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှရောင်၊ ဆာလောင်ပြင်းပြ၊ ၀မ်းဝလွန်းထွေ၊ နေကပညာ၊ မပွါးရာသည်၊ ခြောက်ဖြာ ပျင်းသူအပြစ်တည်း။

အကြီးအကဲကျင့်ဝတ် ၆ ပါး
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု့၊ ဤခြောက်ခုကား၊ ကြီးသူ့ကျင့်ရာ တရားတည်း။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ၀စီပရမ မိတ်ဆွေတု၊ အပြောသမား မိတ်ဆွေတု ဟုခေါ်သည်။

ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု
၁။ မကောင်းမှု ပြုသည်ကိုလည်း သဘောတူခြင်း၊
၂။ ကောင်းမှု ပြုသည်ကိုလည်း သဘောတူခြင်း၊
၃။ ရှေ့မှောက်တွင် ချီးမွမ်းခြင်း၊
၎။ နောက်ကွယ်၌ ကဲ့ရဲ့ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အနုပ္ပိယဘာဏီ မိတ်ဆွေတု၊ ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု ဟုခေါ်သည်။

အပါယ်ဖော် မိတ်ဆွေတု
၁။ အရက်သေစာသောက်စားရာ၌ အဖော်လိုက်သူ၊
၂။ ညအခါ အခါမဲ့သွားလာရာ၌ အဖော်လိုက်သူ၊
၃။ ပွဲလမ်းသဘင်ကြည့်ရှု့ရာ၌ အဖော်လိုက်သူ၊
၎။ လောင်းကစားရာ၌ အဖော်လိုက်သူ၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အပါယသဟာယ မိတ်ဆွေတု၊ အပါယ်ဖေါ် မိတ်ဆွေတု ဟု ခေါ်သည်။

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို သမာနသုခဒုက္ခ မိတ်ဆွေစစ်၊ ဆင်းရဲအတူ ချမ်းသာ အမျှ မိတ်ဆွေစစ် ဟု ခေါ်သည်။

အကျိုးစီးပွါး ပြောကြားသော မိတ်ဆွေစစ်
၁။ မကောင်းမှုကို မပြုရန် တားမြစ်သူ၊
၂။ ကောင်းမှုကို ပြုရန်တိုက်တွန်းသူ၊
၃။ မကြားဘူးသေးသော သိမ်မွေ့နက်နဲသည့် အကြောင်းအရာကို ပြောကြားသူ၊
၎။ နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန် ညွှန်ပြ ပြောဆိုသူ၊

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အတ္ထက္ခာယီ မိတ်ဆွေစစ်၊ အကျိုးစီးပွါး ပြောကြား သော မိတ်ဆွေစစ် ဟု ခေါ်သည်။

စောင့်ရှောက်သော မိတ်ဆွေစစ်
၁။ မိမိ၏ ဆုတ်ယုတ်ပျက်စီးမှုကို မနှစ်သက်သူ၊
၂။ မိမိ၏ တိုးတက်ကြီးပွါးမှုကိုသာ နှစ်သက်သူ၊
၃။ မိမိအကြောင်း မကောင်းပြောသူကို တားမြစ်သူ၊
၎။ မိမိ၏ ဂုဏ်ကျေးဇူးပြောဆိုသူကို ချီးမွမ်းသူ၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အနုကမ္ပက မိတ်ဆွေစစ်၊ စောင့်ရှောက်သော မိတ်ဆွေစစ် ဟု ခေါ်သည်။

သောတာပန် ဖြစ်ကြောင်း ၄ ပါး
သူတော် သူမြတ်၊ ဆည်းကပ်မှန်စွာ။
သူမြတ်တရား၊ နာကြားသေချာ။
သင့်အောင်စိတ်ထား၊ တရားကျင့်ရာ၊
သောတာစစ်၊ ဖြစ်ဖို့ ကြောင်းလေးဖြာ။

မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ အမှတ်တရ

မိုးစက်
24 . 11 . 2007 ( 11:30 AM )

ဆက်ဖတ်ရန်...

Nov 22, 2007

အဘိုးနှင့် သူ၏ငယ်ချစ်

တစ်ရက်မှာ ကျွန်တော်အစ်ကိုဒေါက်တာမျိုးဆွေနဲ့ စကားစမြည်းပြောဖြစ်ကြပါတယ်။ ထုံးစံအတိုင်း ရေနွေး သောက်ပြီး စကားပြောနေကြတာလား။ ဟင့် အင်း ဟုတ်ပါဘူး။ ညဉ့်နက်နက်ဖန်အိမ်ထဲက လရောင်တွေကို သောက်သုံးရင်း စကားစမြည်းတွေ ပြောဖြစ်ကြတာပါ။ သူနဲ့ကျွန်တော်ကတော့ ဆုံဖြစ်ခဲပါတယ်။ အဲဒီလို ဆုံဖြစ် ခဲ့ရင်လည်း ဆေးလိပ် အလွန်သောက်တဲ့ ကျွန်တော့်ကို ဆေးလိပ်ဖြတ်ဖို့အမြဲပြောလေ့ရှိပါတယ်။ “ မိုးစက် မင်း ဆေးလိပ် ဘယ်တော့ဖြစ်မှာလည်းကွာ၊ ငါကဆရာ
ဝန်မို့လို့ မင်းကို တရားချနေတာ မဟုတ်ဘူး၊ တကယ်ကို မကောင်းလို့ မင်းကို ဖြတ်ခိုင်းနေတာပါကွာ” “ဟုတ်ကဲ့ပါ အစ်ကိုရာ၊ လုပ်ငန်းခွင်ထဲမှာဝင်နေရတော့ စိတ်ထွက်ပေါက်ပေးတဲ့ အနေနဲ့ သောက်နေတာပါ” “အေး ထားလိုက်ပါတော့ကွာ စိတ်ထွက်ပေါက်ပေးတယ်ပေါ့၊ ဆေးလိပ်နဲ့ ပါတ်သက်ပြီး အဖြစ်အပျက်လေးတစ် ခုကို အစ်ကို ပြောပြချင်တယ်ကွာ”ဆိုပြီး ဆေးလိပ်နဲ့ ပါတ်သက်တဲ့အကြောင်းလေး ပြောဖြစ်ကြပါတယ်။ သူနဲ့ ကျွန်တော် ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာလေးကို ကျွန်တော် ဆေးလိပ်ရဲ့ ကျေးကျွန် ဆိုတဲ့ အမည်နဲ့ စာရေး ခဲ့ပါတယ်။
“ဟုတ်ပြီ။ အစ်ကိုက ကျွန်တော့်ကို ဆေးလိပ်ဖြတ်ခိုင်းတယ်။ အစ်ကိုအရက်သောက်တာကရော ကောင်း လို့လား၊ အရက်ဆိုတာ ငါးပါးသီလထဲမှာ တစ်ပါးအပါအ၀င်နော်။ ကျွန်တော့်ဆေးလိပ်က မပါဘူးဗျ ဟဲ…ဟဲ” “ အေး … ငါ့အရက်က ငါးပါးသီလထဲမှာတော့ ပါတာမှန်တယ်။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် ကောင်းတယ်ကွ။ အဲဒါနဲ့ ပါတ်သက်ပြီးတော့လည်း မင်းကို ငါ့အဘိုးအကြောင်း ပြောပြရဦးမယ် ဆိုပြီး ပြောပြ လေရာ … ကျွန်တော် အခုရေးသားသော အဘိုးနှင့် သူ၏ ငယ်ချစ် ဆိုသည့် Blog ပေါ်ပေါက်လာရပေသည်။ ကျွန်တော်တို့မှာ စကားပြောရင်း၊ သောက်ရင်း ပြောဆိုကြသည်ဖြစ်ပေရာ၊ စာဖတ်သူအနေဖြင့် ဖတ်ရ သည်မှာ ပျင်းရိငြီးငွေ့ဖွယ် ဖြစ်ပေလိမ့်မည်။ သို့ပါသောကြောင့် ဆီလျော်အောင် အတတ်နိုင်ဆုံးကြိုးစားရေးသားပြီး ဖော် ပြ လိုက်ရပေသည်။ :P

အရက်ဆိုတဲ့ အသံကြားတဲ့အခါ အချို့က နှာခေါင်းရှုံ့ကြလိမ့်မယ်။ အချို့က သဘောမကျတဲ့အကြည့်နဲ့ ကြည့်ကြလိမ့်မယ်။ အချို့က ပျော်ရွှင်သွားလိမ့်မယ်။ အရက်နဲ့ ပတ်သက်ပြီး ရှု့ထောင့်အမျိုးမျိုးကနေ ခံစားကြပါ လိမ့်မယ်။ အရက်နဲ့ ပတ်သက်တဲ့ သက်သေ သာဓကတွေ အမျိုးမျိုးကြားဖူးကြပါလိမ့်မယ်။ မကောင်းတာတွေ ရော၊ ကောင်းတာတွေရောပေါ့။ အရက်ဟာ သူ့ကို စည်းလွတ်ဝါးလွတ် သောက်သုံးသူတွေအတွက် အမျိုးမျိုး သော ဆိုးကျိုးတွေပေးသလို ဆေးအဖြစ် စည်းကမ်းတကျ သောက်သုံးသူတွေရဲ့ ကျန်းမာရေးကိုတော့ ကောင်း မွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း အရက်ကို ဆေး အဖြစ် စည်းကမ်းတကျ မှီဝဲနိုင်ပါတယ်။ တစ်နေကုန် အရက်အလွန်အကျွံသောက် မူးရူးပြီးကြာလာတဲ့အခါ ဆိုးဝါးတဲ့ ဝေဒနာတွေ ခံစားရသလို အရက်ကို ဆေးအဖြစ်သောက်သုံးပြီး အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာ နေရသူတွေကိုလည်း တွေ့နိုင်ပါတယ်။
အရက်သည် စနစ်တကျသောက်သုံးသူအား အရက်လုံးဝမသောက်သူ၊ အရက်ကို အလွန်အကျွံ သောက်သုံးသူများထက် ပို၍ ကျန်းမာစေပါတယ်။ အရက်ကို စနစ်တကျ သောက်သုံးခြင်းအားဖြင့် နှလုံးသွေး ကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ သတိမေ့ရောဂါ၊ လေဖြန်းရောဂါ စသည်တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိများအရ အရက်ကို အသင့်အတင့်သောက်သုံးသူများ ( Moderate drinkers) သည် လုံးဝ မသောက်သူ၊ အလွန်အကျွံသောက်သုံးသူများထက် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို သိသိသာသာလျော့ကျစေပါ သည်။ အရက်ကို ဆေးအဖြစ် အသင့်အတင့် မှီဝဲခြင်းအားဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်းအောင် တားဆီးနိုင်ပါသည်။ သို့ဖြစ်ရာ နေ့စဉ် ဆေးဖြစ်ဝါးဖြစ် မှီဝဲနိုင်သည့် အရက်၏ ပမာဏကို သိရှိထားရန်လိုအပ်လှ ပါတယ်။ နေ့စဉ်ဆေးအဖြစ် သောက်သုံးနိုင်သော အရက်၏ပမာဏမှာ ၀.၆ အောင်စဖြစ်သည်။
အယ်လ်ကိုဟော ( Alcohol ) ၀.၆ အောင်စ ပါဝင်သော ယမကာအမျိုးအစား၏ ပမာဏများမှာ
၁။ အယ်လ်ကိုဟောပြင်းအား ပမာဏ ၄% (သို့) ၇% ပါဝင်သော ဘီယာတစ်လုံး (၃၇၅ မီလီမီတာ)
၂။ အယ်လ်ကိုဟောပြင်းအား ပမာဏ ၁၂% ပါဝင်သော ၀ိုင်တစ်ဖန်ခွက် (၁၀၀ မီလီမီတာ)
၃။ အယ်လ်ကိုဟောပြင်းအား ပမာဏ ၄၀% (သို့) ၄၃% ပါဝင်သော Vodka, Gin, Rum, Scotc စသည့် အရက်ပြင်းတစ်ပက်ခန့် ( ၃၀ မီလီမီတာ)။
သို့ဖြစ်ပါ၍ ကျန်းမာရေးအတွက် နေ့စဉ်ဆေးအဖြစ်မှီဝဲလိုပါက အထက်ပါအမျိုးအစား (၃)မျိုးမှ တစ်မျိုး မျိုးကို နေ့စဉ် သောက်သုံးနိုင်ပါသည်။ ရောင်းရင်းရေ… ရောင်းရင်းက အရက်ပြင်းကြိုက်သူဖြစ်ရင်တော့ တစ်ပက်ခန့်ကို ဆေးအဖြစ် နေ့စဉ်မှီဝဲနိုင်ပါတယ်။ သို့မဟုတ် ၀ိုင်ကြိုက်သူဖြစ်ရင်တော့ ၁၀၀ မီလီမီတာ ခန့်ရှိတဲ့ ၀ိုင်ဖန်ခွက်ကို မိတ်ဆွေ သောက်သုံးနိုင်ပါတယ်။ ဤနည်းနဲ့ ရောင်းရင်းရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေ နိုင်ပါတယ်။ အရက်ကို ဆေးအဖြစ် နှစ်ပေါင်းများစွာမှီဝဲခဲ့ပြီး ကျန်းမာနေတဲ့ အဘိုးတစ်ယောက်အကြောင်း မိတ် ဆွေကို ပြောပြချင်ပါတယ်။
အဘိုးက ဘုန်းကြီးကျောင်းသား၊ ကိုရင်လေးဝါရခဲ့သူပါ။ ဘုန်းကြီး ကျောင်းပညာရေးစနစ်နဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပေမယ့် စာရေးတတ် ဖတ်တတ်ရုံမက စာဖတ်ဝါသနာလည်းပါ ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စတာတွေကို အမြဲဖတ်လေ့ရှိပါတယ်။ သူအနှစ်ခြိုက်ဆုံးကတော့ ကျန်းမာရေး ဆောင်းပါးတွေ ပေါ့။ ကျွန်တော့်ငယ်ဘ၀မှာ နေ့စဉ် အဘိုးအဘွားနဲ့အတူ ညနေထမင်းစောစော စားပါတယ်။ အဘိုးဟာ ထမင်း မစားခင် အရက်သောက်လေ့ရှိပါတယ်။ အဘိုးသောက်နေကျ အရက်ကတော့ ရမ်၊ တစ်ခါတစ်ရံတော့ ၀ီစကီ ပေါ့။ အဘိုးဟာ အလွန်အကျွံသောက်လေ့မရှိပါဘူး။ အရက်ပုလင်းကိုလည်း အနားမှာ ယူထားလေ့မရှိပါဘူး။ စတီးမတ်ခွက် အသေးလေးနဲ့ အရက်ထည့်၊ ဘေးဘက်မှာ စတီအခွက်ကြီးနဲ့ ရေထည့်ပြီး အမြည်းတစ်မျိုး၊ နှစ်မျိုးနဲ့ ညစာမစားခင် သောက်လေ့ ရှိပါတယ်။ အဘိုးအရက်သောက်ပြီးတဲ့ အချိန်ကျမှ ကျွန်တော်နဲ့ အဘွားက အဘိုးနဲ့ အတူညစာစားကြပါတယ်။ ထမင်းစားပြီးတာနဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ လေညှင်းခံရင်း ထိုင်လေ့ရှိပါတယ်။ ကျွန်တော်နဲ့ အဘွားက ကွပ်ပျစ်ပေါ်မှာ လဲလျောင်း အပန်းဖြေ၊ အဘိုးကကြိမ်ကုလားထိုင်ပေါ်မှာထိုင်ပြီး တစ်နေ့တာ အပန်းဖြေရင်း စကားပြောကြတာပေါ့။ ပြန်မရနိုင်တော့တဲ့ အရမ်းအေးချမ်းတဲ့ ငယ်ငယ်ကလေးဘ၀တစ်ချို့ ပါဘဲ။ မှောင်စပျိုးလာတာနဲ့အမျှ လရောင်က တိုးတိုးလာပါတယ်။ လပြည့်ညတွေဆိုရင် လရောင်ဟာ ရင်သပ်ရှု မောဖွယ်ကောင်းလောက်အောင်ကို လှပပါတယ်။ ကျွန်တော်နဲ့အဘွားဟာ ကွပ်ပျစ်ပေါ် ပက်လက် လဲလျောင်း နေတော့ အညာမြေရဲ့လရောင်ကို ကောင်းကောင်းခံစား ငေးမောခွင့်ရကြတာပေါ့။ အဘွားရဲ့လက်မောင်းလေးကို ခေါင်းအုံးပြီး တမာပင်တွေကြားကနေ ဖြာကျလာတဲ့ လရောင်ကိုခံစားရင်း လပြည့်ဝန်းကို ငေးမောကြည့်ရ တာဟာ ကျွန်တော့်အတွက်တော့ ရင်သပ်ရှုမောဖွယ်ရာ ညရှုခင်းပါဘဲ။ ပြန်တွေးမိတိုင်း အမြဲလွမ်းမောတသရ တဲ့ အချိန်ကာလတွေပေါ့။
အဘိုးနဲ့အဘွားဟာ နေ့စဉ်လိုလို ပုံပြင်ပြောပြပါတယ်။ တစ်ခါတစ်ရံတော့ သူတို့ ငယ်ဘ၀အကြောင်း တွေ ပြောပြတတ်တယ်။ အဘိုးတို့ မိသားစုရဲ့ ဒုက္ခတွေ၊ အဘိုးနဲ့အဘွား စတွေ့ခဲ့တဲ့ အကြောင်းတွေကို နား ထောင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် အနှစ်ခြိုက်ဆုံး အကြောင်းအရာကတော့ အဘိုးနဲ့အဘွား တွေ့ဆုံချစ်ကြိုက်ခဲ့ ပုံတွေပါဘဲ။ အဘိုးမေးခဲ့တဲ့ မေးခွန်းတစ်ခုကို အခုအချိန်ထိ ကျွန်တော် အမြဲသတိရနေပါတယ်။ တစ်နေ့ ကျွန်တော်တို့ မြေးအဘိုးသုံးယောက် အိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာထိုင်ပြီး စကားလက်ဆုံကျနေတဲ့အချိန်ပေါ့။ အဘိုးဟာသူ့ငယ်ဘ၀ အကြောင်းတွေ ပြောပြရင်းနဲ့ အရွှန်းဖောက်ပြီး “ငါ့မြေး … အဘိုးရဲ့ငယ်ချစ်က ဘယ်သူ လဲသိလား”လို့ ရယ်ရယ်မောမောနဲ့ မေးပါတယ်။ အဲဒီအချိန်မှာ အသက်(၇၀)ကျော် ကျွန်တော့်အဖွားရဲ့မျက်နှာ မှာ အပျိုးလေးတွေလို ရှက်သွေးထသွားတာကို သတိထားမိလိုက်တယ်။ အဲဒီတော့ အဖြေကို ကျွန်တော် လွယ် လွယ်ကူကူပဲ စဉ်းစားပြီး “အဘိုးရဲ့ ငယ်ချစ်က အဘွားပေါ့” လို့ဖြေလိုက်တာပေါ့။ အဘိုးက ခေါင်းရမ်းပြီး “မဟုတ်ဘူး ငါ့မြေး”..။ အဲဒီအခါ ကျွန်တော်ထင်လိုက်တာက အဘိုးမှာ အဘွားမတိုင်ခင် တစ်ယောက်တော့ရှိ မှာပေါ့။ ကျွန်တော် ထင်တာ လုံးလုံးတော့မမှားပါဘူး။ အဘွားကလည်း အိမ်ထောင်သက်(၅၀)ကျော်မှာ ဒါပထမ ဆုံးအကြိမ် ကြားဖူးတဲ့အတွက် သူ့အရင် တစ်ယောက်များရှိလေမလားဆိုပြီး ရင်ထိတ်နေတာ သိသာပါတယ်။ အဘွားရဲ့မျက်လုံးတွေမှာ စိုးရိမ်စိတ်တွေသန်းလို့။ နောက်တော့မှ အဘိုးက ခပ်ပြုံးပြုံးနဲ့ “အေး … ငါအသက် ၂၂ နှစ်မှ မင်းအဘွားကို စချစ်ခဲ့တာငါ့မြေးရဲ့၊ အဘိုးရဲ့ ငယ်ချစ်က မင်းအဘွား မဟုတ်ဘူး၊ အဘိုးညနေတိုင်း သောက်နေတဲ့ အရက်ပေါ့။ ငါသူ့ကို ချစ်လာတာ မင်းအဘွားနဲ့ မတွေ့ခင်ကတည်းကကွ။ အဲဒါကြောင့် ငါရဲ့ ငယ်ချစ်က အရက်ပေါ့ကွာ။ အဲဒီတော့မှ အဘွားလည်း ပြုံးနိုင်တော့တယ်။ ကျွန်တော်နဲ့ အဘိုးကတော့ အားပါး တရ ရယ်မောတော့တာဘဲ။ “အဘိုးက အဘိုးရဲ့ငယ်ချစ် ဒီအရက်ကို စည်းလွတ်ဝါးလွတ် မသောက်ပါဘူး။ ပုံမှန် တစ်ပက်၊ တစ်ပက်ခွဲပါဘဲ ငါ့မြေးရယ်” ဟုတ်ပါတယ်။ ကျွန်တော် တွေ့သလောက် အဘိုးက ညနေတိုင်း ထမင်း မစားခင် တစ်ပက်၊ တစ်ပက်ခွဲဘဲ သောက်တာပါ။ အခုအချိန်ထိတိုင်အောင် သူရဲ့ငယ်ချစ်ကို အဘိုးက ခင်တွယ် ဆဲပါ။
အခုဆို အဘိုးအသက် ၈၄နှစ်ထဲရောက်နေပါပြီ။ အဘိုးဟာ အတော့်ကိုကျန်းမာပါတယ်။ သွေးတိုးရော ဂါ၊ နှလုံးရောဂါစတဲ့ ရောဂါဘယတွေမရှိပါဘူး။ ကျွန်တော်တို့ ညီအစ်ကိုတတွေ တက္ကသိုလ် ကျောင်းသားဘ၀ ရောက်တဲ့အခါအဘိုးက ၇၇-၈၀နှစ်ပါ။ အဲဒီအချိန်မှာတောင် အဘိုးက ကျွန်တော်တို့ညီအစ်ကို သုံးယောက်ကို မောင်းလှဲဖို့ စိန်ခေါ်ပါတယ်။ သူ့ကိုနိုင်ရင် ကြိုက်တာ ၀ယ်ပေးမယ်လို့ပြောပြီး အမြဲစိန်ခေါ်လေ့ရှိပါတယ်။ ကျွန်တော်တို့ လူငယ် သုံးယောက်လုံး ဘယ်သူမှ အဘိုးကို နိုင်အောင် မလှဲနိုင်ခဲ့ပါဘူး။ အဘိုးက သူရဲ့အသက် ၈၃နှစ်ထိအောင် စက်ဘီး ကောင်းကောင်းစီးနိုင်ပါတယ်။ ကျန်းမာရေးကတော့ တကယ့်ကို ဒေါင်ဒေါင်မြည်ပါဘဲ။ အဘိုးသာငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ကို စည်းလွတ်ဝါးလွတ်သောက်ခဲ့မယ်ဆိုရင် ဒီအသက်အရွယ်မှာ အခုလို ကျန်းမာရေးမျိုး လုံးဝမရနိုင်ဘူးဆိုတာကတော့ သိပ်ကိုသေချာပါတယ်။
ကျွန်တော်အိမ်ကိုပြန်တဲ့အခါတိုင်း ကျွန်တော့်အဘိုးအတွက် လက်ဆောင်တစ်ခု အမြဲပါပါတယ်။ အဘိုး ဟာအဲဒီလက်ဆောင် ပေးတိုင်းအရမ်းကိုပျော်ပါတယ်။ ကျွန်တော်ပေးနေကျလက်ဆောင်ဟာ ရောင်းရင်းထင် ထားတဲ့အတိုင်း အဘိုးဆေးဖြစ်ဝါးဖြစ် သောက်နေကျ အဘိုရဲ့ငယ်ချစ် အရက်ပါဘဲ။ အင်း… ဒီလိုညနေခင်းဆို အဘိုးတစ်ယောက် ဆေးဖြစ်ဝါးဖြစ် အရက်သောက်နေပါလိမ့်မယ်။ အရက်သောက်၊ ညစာစားပြီးတာနဲ့ အဘိုး ဟာ အဘွားနဲ့အတူတူ ကွပ်ပျစ်လေးပေါ်မှာ ထိုင်နေဦးမှာပါဘဲ။ အဘိုးနဲ့အဘွား လရောင်အောက်မှာ စကားတွေ တီးတိုးပြောဆိုနေကြပါလိမ့်မယ်။ ကျွန်တော်ကတော့ အဝေးတစ်နေရာကနေ အဘိုးနဲ့အဘွား ပြောနေမယ့် စကားသံတွေကိုမှန်းဆပြီး တမ်းတကြားယောင်နေမိပါတယ်။ စကားဝိုင်းလေးဟာ အရင်လို မစိုပြေနိုင်သည့်တိုင် ကြည်နူးဖွယ်ကောင်းနေမှာပေါ့။ လရောင်ကတော့ တမာပင်တွေကြားကနေ ဖြာကျနေပါလိမ့်မယ်။ အညာလေး ညှင်းလေးကလည်း တစ်ချက်တစ်ချက် ဝှေ့တိုက်နေပါလိမ့်မယ်။ ကောင်းကင်မှာတော့ ကြယ်ရောင်စုံတွေ လင်း လက်နေရောပေါ့။
ရောင်းရင်း … ရောင်းရင်းဟာ အရက်ကိုလုံးဝမသောက်သုံးတဲ့သူ (ဒါမှမဟုတ်) တစ်ခါတစ်ရံမှသာ သောက်တဲ့သူ ဖြစ်ပါက ဆေးအဖြစ်နေ့စဉ် မမှီဝဲ၍ နှလုံးရောဂါတွေများ ပိုဖြစ်နေမလားဟူ၍ တွေးတောကာ ပူပင်နေစရာမလိုပါ။ သို့သော် မိတ်ဆွေဟာ အရက်ကို အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် အလွန်အကျွံ သောက်သုံးနေတဲ့သူ ဖြစ်ပါက အလွန်အကျွံသောက်ခြင်းကို ရပ်ပြီး၊ ဆေးအဖြစ်သောက်သုံးနိုင်သည့် ပမာဏကို သာနေ့စဉ်မှီဝဲ သောက်သုံးပါရန် တိုက်တွန်းရင်း…
ဒေါက်တာမျိုးဆွေ …
မိုးစက်
22 . 11 . 2007 Thu ( 1:32 AM )

ဆက်ဖတ်ရန်...