ကျောင်းပိတ်ရက် တစ်ရက်မှာပါ။ ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲတော်တဲ့ ကိုဇော် အိမ်ကိုရောက်လာတယ်။ သူက ကောင်းထက် အပင်အဟာရဖျော်ရည် ကုမ္ပဏီက အရောင်း တာဝန်ခံတစ်ဦးပါ။
ခင်မောင်ထွေး …ငါနဲ့အတူ စစ်ကိုင်းကိုလိုက်ခဲ့စမ်းပါကွာ။ ကုမ္ပဏီက ပစ္စည်းတွေဖြန့် ထားတာ၊ အဲဒါ ပိုက်ဆံလိုက်ကောက်ရင်းနဲ့ ပစ္စည်းလို၊ မလို သွားမေးမလို့၊ ငါတစ်ယောက် တည်းဖြစ်နေတာ၊ အားရင်လိုက်ခဲ့ကွာ။
အိုကေလေ…ကျွန်တော်လိုက်ခဲ့မယ်…
ကိုဇော်နဲ့အတူ စစ်ကိုင်းကိုရောက်ရောက်ခြင်း တောင်ပေါ်က ဆွမ်းဦးပုညရှင်ဘုရားကို အရင် ၀င်ဖူးဖြစ်တယ်။ ပြီးတာနဲ့ စစ်ကိုင်းမြို့ပေါ်က စိုက်ပျိုးရေးပစ္စည်းရောင်းတဲ့ ဆိုင်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် ၀င်၊ ၀င်ပြီး ပိုက်ဆံလိုက်ကောက်၊ လိုအပ်တဲ့ပစ္စည်းတွေမေးရင်းနဲ့ စရင်း တွေကို လိုက်မှတ်ပေးလိုက်တယ်။
ဆိုင်တော်တော်များများလည်း ကောက်လို့ပြီးတဲ့အချိန်မှာပဲ
ဘယ်လိုလဲ ကိုထွေး၊ မောနေပြီးလား၊ နောက်တစ်ခါဆိုရင်ရောလိုက်ဦးမှာလား။ စိတ်မ ညစ်ပါနဲ့ကွာ။ ဈေးကြီးတဲ့က ဆိုင်တစ်ဆိုင်ပဲကျန်ပါတော့တယ်။ အဲဒီဆိုင်ပြီးရင်တော့ ဒီမြို့မှာ အရမ်းကောင်းတဲ့ မိုးယံ မှာ မင်းကို လက်ဘက်ရည်တိုက်မယ်ကွာ။ ဟုတ်ပြီလား။
ပင်ပန်းတာနဲ့ တန်အောင်တော့ မုန့်ပါစားမှာနော် ကိုဇော်
ကြိုက်တာစားကွာ။ ကဲလာ သွားကြမယ်
ကျွန်တော်နဲ့ကိုဇော် ဆိုင်ကယ်လေးနဲ့ စစ်ကိုင်းဈေးကြီးထဲကို ရောက်လာကြတယ်။ ဈေးထဲကို ၀င်းပြီး နည်းနည်းလောက် လမ်းလျှောက်လိုက်တယ်ဆိုရင်ပဲ စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်ကိုရောက်လာခဲ့တယ်။ ဆိုင်နာမည်လေးကို ဖတ်ကြည့်လိုက်တော့ သူများဆိုင်တွေလို မဟုတ်ပဲ အင်္ဂလိပ်နာမည်နဲ့ ခပ်ဆန်းဆန်းလေးဖြစ်နေတယ်။ ဆိုင်ရှေ့မှာ ဦးလေးတစ်ယောက် ကုလားထိုင်ပေါ်မှာ စာအုပ်တစ်အုပ်ထိုင်ဖတ်နေလေရဲ့။ ဆိုင်နာမည်လေးက For You တဲ့။
ကိုဇော် က ဆိုင်ရှင်ဦးလေကြီးကို စကားတွေသွားပြောရင်းနဲ့ ပစ္စည်းတွေဘယ်လို ရောင်းရလဲ။ ဘယ်လောက်ကျန်သေးလဲ။ သုံးစွဲသူတွေအနေနဲ့ကရော ကျွန်တော်တို့ပစ္စည်းနဲ့ ပတ်သက်ပြီး ဘယ်လိုတွေပြောကြလဲ၊ ကျွန်တော်တို့ အပင်အဟာရဖျော်ရေကိုလည်း မြင်သာ အောင်ထားပြီး တောင်သူတွေကို ကြော်ငြာပေးဖို့ စသဖြင့် မေးမြန်းပြီးပြောနေတယ်။ ကျွန်တော်လည်း ဈေးထဲမှာ ဟိုကြည့်၊ ဒီကြည့်နဲ့ပါပဲ။ ဆိုင်မှာချိတ်ဆွဲထားတဲ့ မြန်မာ့သြဘာရဲ့ ကြော်ငြာတွေကိုလိုက်ဖတ် ကြည့်နေမိတယ်။
သမီးရေ …ခိုင်ဇင် … ကောင်းထက် ဘယ်နှစ်ဗူးကျန်သေးလဲဆိုတာ ကြည့် ကြည့်ပါဦး။ ပြီးရင် စရင်းစာအုပ်ပါယူခဲ့။ ပိုက်ဆံရှင်းပေးရအောင်လို့ …
ဟုတ်ကဲ့ အဖေ …. ခဏလေးနော် … သမီးကြည့်လိုက်ဦးမယ် …
ဈေးထဲဆိုတော့ အနံ့အသက်က ဆုံနေတာပဲ။ နေကလည်းပူတော့ စိတ်ထဲမှာ ရေ လည်းအရမ်းသောက်ချင်နေမိတယ်။ ဈေးအနံ့နဲ့ မရင်းနှီး လို့လား မသိဘူး။ အသက်ရှုရတာ လည်း တစ်မျိုးပါပဲ။ ခဏအကြာတော့ Shampoo အနံ့သင်းသင်းလေး ရလာတယ်။ ဈေးအနံ့ တွေကြားထဲက သင်ပျံ့တဲ့ အနံ့လေးရလာတော့ ဘယ်ကလဲဆိုပြီး ပတ်ဝန်းကျင်ကို လိုက် ကြည့်မိတယ်။ ကြည်ပြာရောင် ၀မ်းဆတ်ကလေးနဲ့၊ ပျော့ပြောင်းတဲ့ ဆံကေသာတွေကြားထဲ က သနပ်ခါး ရေကြဲကြဲလေးလိမ်းထားတဲ့ သူ့ကို ကျွန်တော့်တွေ့လိုက်ရတယ်။ လက်ထဲမှာ စာအုပ်လေးတစ်အုပ်ကိုင်လာပြီး သူထွက်လာတယ်။ ကျွန်တော်အရမ်းကို အံ့သြသွားတယ်။ တစ်ခါထဲမြင်ဘူးထားရုံနဲ့ စိတ်ထဲမှာ စွဲထင်ကျန်နေတဲ့ သူရဲ့မျက်နှာလေးကို တွေ့လိုက်ရတော့ ကျွန်တော် မှင်သက်သွားမိတယ်။ မန္တလေး မိန်းကြီးထဲမှာ လိုက်ရှာနေတုန်းက မတွေ့ရဘဲ၊ မထင်မှတ်တဲ့ နေရာတစ်ခုမှာ၊ မျှော်လင့်မထားဘဲ တွေ့လိုက်ရတော့ အရမ်းလည်း အံ့သြသွား သလို အရမ်းလည်း ပျော်ရွှင်ခဲ့ရတယ်။ ကိုဇော်၊ ဆိုင်ကဦးလေး ပြီးတော့ သူရယ် သုံးယောက် စရင်းတွေကြည့်ပြီး ပိုက်ဆံတွေ တွက်ချက်နေကြတယ်။ ကျွန်တော့်ကို သူမမှတ်မိဘူးထင် တယ်။ ကျွန်တော် သူတို့အနားကို လျှောက်သွားပြီး
ကိုဇော် …ကျွန်တော်ရေ သောက်ချင်လို့ …
သြော်….ရတယ် ငါ့တူ။ သမီး ခိုင်ဇင်…ရေလေးတစ်ခွက်လောက် ခပ်ပေးလိုက်ပါဦး။
သူကျွန်တော့်ကို တစ်ချက်လှည့်ကြည့်ပြီး ဆိုင်ထဲကိုပြန်ဝင်သွားတယ်။ သူလှည့်ကြည့်တဲ့ အကြည့်မှာ ငါသူ့ကိုမြင်ဘူးတယ်ဆိုတဲ့ အသိကလေးပါတယ်လို့ ကျွန်တော်ထင်မိတယ်။ ရှေးရှေးဘ၀ က ရေစက်တွေကြောင့်ထင်ပါရဲ့ … သူခပ်လာတဲ့ရေခွက်လေးကို ကျွန်တော့်ကို လှမ်းပေးပြီး
ရှင့်ကို ကျွန်မ မြင်ဘူးသလိုပဲ …
ဟုတ်တယ်…ခင်ဗျား မမှတ်မိဘူးထင်တယ် …ယောနသံ လက်ဘက်ရည်ဆိုင်ရှေ့မှာ ကျွန်တော်တောက်လိုက်တဲ့ ဆေးလိပ်က ခင်ဗျားရဲ့ ခြေထောက်ပေါ်ကြသွားတာလေ
ကျွန်တော် အဲဒီလိုပြောနေတုန်း သူရဲ့ခြေထောက်လေးတစ်ဖက်က အလိုလိုနောက်ကိုဆုတ် သွားတယ်။ မျက်နှာလည်း အနည်းငယ်ပျက်သွားသလိုပဲ
အဲဒီတုန်းက ကျွန်တော်တောင်းပန်စကားပြောမလို့ပဲ…ခင်ဗျားက ထွက်ပြေးသွားတော့ ကျွန်တော် ဘာမှမပြောလိုက်ရဘူး။ Major နဲ့ Year လည်းမသိတော့ …
ရပါတယ် …ကိစ္စမရှိပါဘူး…
ရေခွက်လေးကိုင်ပြီး သူအထဲကိုပြန်ဝင်သွားခဲ့တယ်။ ခါးထိ ရှည်လျားပြီး ပျော့အိအိဆံ နွယ်တွေဆီက သင်းပျံ့တဲ့ရနံ့လေးတစ်ခု ကျွန်တော်ရလိုက်တယ်။ စိတ်ထဲမှာ စွဲထင်ကျန်တဲ့ ပုံရိပ်ကလေး အမည်က ခိုင်ဇင်တဲ့လား။ အတန်ကြာ သူ့နာမည်လေးကို နှုတ်ဖျားကရေရွတ်နေ မိတယ်။ မိုးယံမှာ လက်ဘက်ရည်သောက်ရင်းနဲ့ နောက်အပတ်တွေလည်း ကျွန်တော် လိုက်ခဲ့ မယ်လို့ ပြောတော့ ကိုဇော် ကရယ်နေတယ်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလို့ လူတွေအမြဲ ပြောကြတယ်နော်။ ကမ္ဘာကြီးနဲ့နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့ မန္တလေးတက္ကသိုလ်ကြီးက သေးသေးလေးပဲဖြစ်သွားမှာပေါ့။ ကျွန်တော်သွားတဲ့နေရာတိုင်း သူ့ကိုအမြဲတမ်းရှာခဲ့တယ်။ ကျွန်တော်ကပဲ ရှာတာညံ့လို့လား၊ မိန်းကြီးကပဲ ကျယ်လွန်းနေလို့လား မသိပါဘူး။ ရှာလို့မတွေ့ခဲ့ ဘူးဗျာ။
အပတ်တိုင်း ကိုဇော်နဲ့အတူ သူရဲ့ For You ဆိုတဲ့ စိုက်ပျိုးရေးအရောင်းဆိုင်လေးကို ရောက်ဖြစ်တယ်။ ရောက်ဖြစ်တိုင်းလည်း သူနဲ့အနည်းဆုံးစကားလေးတစ်ခွန်းစ၊ နှစ်ခွန်းစပြော ဖြစ်အောင် ကြိုးစားခဲ့တယ်။ ကောင်းထက် အပင်အဟာရဖျော်ရည်နဲ့ပတ်သတ်တဲ့ စကားတွေ၊ အရောင်းမြှင့်တင်ရေးဆိုင်ရာအချက်တွေကို ကိုဇော်ကနေတဆင့်လည်း မေးထားရသေးတယ်။ သူ့ကို မြင်နေ တွေ့နေခွင့်ရတဲ့ ကိုဇော်နဲ့ကောင်းထက် တို့ကိုကျေးဇူးတင်နေမိပါတယ်။ တစ်ပတ်မှာတော့ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် ကိုဇော်နဲ့အတူ For You ကိုမရောက်ဖြစ်ဘူး။ အဲဒီအတွက် ရလာဒ်ကတော့ ကိုဇော်ယူလာတဲ့သတင်းကောင်းတစ်ခုပါ။ မင်းကို ကောင်မလေးက မေးတယ်။ အစ်ကိုနဲ့အတူလာနေကျ လူရော မမြင်ပါ့လား တဲ့။ အဲဒီ စကားကိုကြားရတော့ ကျွန်တော်ပြုံးနေမိတယ်။ သွားတွေဖြီးလို့ပေါ့။
ငါ နွားပွဲစားမဟုတ်ဘူးကိုယ့်လူ။ ဒီတစ်ခါတော့ မင်းက လက်ဘက်ရည်ပြန်တိုက်ကွာ
ရတယ် ကိုဇော်…လက်ဘက်ရည်တင် မဟုတ်ဘူးမုန့်ပါကျွေးဦးမယ်…
ခိုင်ရဲ့ ရင်ထဲမှာ၊ ခိုင့်ရဲ့ အတွေးတွေထဲမှာ ကို ရှိနေတယ်ဆိုတာသိလိုက်ရတော့ ကို အရမ်းပျော်သွားခဲ့တယ် ခိုင်ရယ်။ ကိုယ်မှတ်မိပါသေးတယ်။ ခိုင်ရဲ့ အတန်းနဲ့မေဂျာကိုသိခွင့် ရတဲ့အချိန်ကပေါ့။
ဆက်ရန်....
မိုးစက်
16 . 8 . 2007 ( AM 10:25)
No comments:
Post a Comment