Aug 30, 2007

ပျော်ပျော်ပါးပါး Tag ရအောင်....

ကျွန်တော့်အစ်မ မမွန်း ကလာ Tag တော့လည်း ရေးရတာပေါ့။ မရေးချင်းရေးချင်နဲ့ပါ။ အဲ … မဟုတ်ပါဘူး။ ရေးချင်နေတာကြာပြီ။ ဘယ်သူမှ လာပြီး Tag မလုပ်လို့ စောင့်နေတာကြာပေါ့။
ဟိုတစ်နေ့ကတောင်စဉ်းစားမိသေး။ နောက် ဘလောဒ့်တစ်ခုထပ်လုပ်ပြီး ကိုယ့်ဘာသာကို Tag လုပ်ရင်ကောင်းမလာလို့လေ… :D

စရေးတော့မယ်ဗျာ…


၁။ Gladiator

ကျွန်တော့်ရဲ့ ဒုတိယမြောက်တင်ဖြစ်တဲ့ပို့စ်လေးပါ။ ဇာတ်ကားထဲက စစ်သူကြီး မက်စ်စီမက် ရဲ့အဖြေစကားကိုသဘောကြလို့။ ပျော်ရမှာမနေရ၊ တော်ရာမှာနေရတဲ့ လူတွေအ တွက်ကိုယ့်မိသားစု၊ ကိုယ် ချစ်ခင်ရတဲ့ ပတ်ဝန်းကျင်နဲ့ခွဲခွာနေရတဲ့ ရက်တွေကိုအတိအကျ မှတ်ထားတတ်တယ်ဆိုတာကို သိလိုက်ရလို့ပါ။ အရွယ်ရောက်တဲ့အချိန်ကစပြီး မိသားစုနဲ့ဝေး ရာကိုပဲ ရောက်နေတဲ့ကျွန်တော့်ခံစားချက်တွေကို ရေးထားလို့ ။ ကိုရန်အောင်ကတောင် Comment ပေးသွားသေးတယ်…

၂။ ကျွန်တော် ဆေးလိပ်ရဲ့ကျေးကျွန်

ကျန်းမာရေးအသိပေး ပို့စ်လေးပေါ့။ သူငယ်ချင်းတစ်ယောက်က ဆေးလိပ်ကိုသောက် လိုက်၊ ဖြတ်လိုက်နဲ့ဖြစ်နေတယ်။ ဆေးလိပ်ဖြတ်လိုက်တော့လည်း ငူငူငိုင်ငိုင်နဲ့ မနေတတ်သလို ဖြစ်နေတယ်လို့ လာပြီးရင်ဖွင့်တာနဲ့ရေးဖြစ်တာပါ။ ကျွန်တော်လည်းဆေးလိပ်ကို သောက် လိုက်၊ ဖြတ်လိုက်နဲ့ဖြစ်ခဲ့ဘူးပါတယ်။ ၂ ရက်တစ်ခါလောက်အမှိုက်ပုံးထဲကိုသွားပစ်ရတဲ့ ဆေး လိပ်တိုတွေကိုကြည့်ရင်း ကိုယ့်ကိုယ်ကို ကျန်းမာရေးအမြင်လေးတစ်ခုဝင်လာလို့ ယတိပြတ်ကို ဖြတ်ပစ်လိုက်ပါတယ်။ ( ချစ်သူက မောင် ဆေးလိပ်တွေသောက်နေရင် ချစ်တော့ဘူးနော်လို့ ဆိုလို့ )။ ကျွန်တော့်လိုဘဲ ညီအစ်ကိုတွေ ဆေးလိပ်ပြတ်စေချင်လို့။

၃။ အာဇာနည်နေ့နှင့်ကျောင်းသားဘ၀အမှတ်တရ

တကယ့်ကိုအမှတ်တရပါ။ ကျွန်တော်အချစ်ဆုံး ဆရာမကိုသတိတရနဲ့ရေးထားတဲ့ပို့စ် လေး … ကျွန်တော်ကျောင်းသားဘ၀တစ်လျှောက်လုံး ဆုပေးပွဲကိုတက်ရောက်ဘူးတဲ့ အမှတ် တရလေးပါ။

၎။ မိုးပုံပြင်

ကျွန်တော့်ကျောင်းသားဘ၀ရဲ့ တကယ့်အဖြစ်အပျက်လေးကိုအခြေခံပြီး၊ စိတ်ကူးနဲ့ပုံ ဖော်ထားတဲ့ ပို့စ်လေးပါ။ အဲဒီပို့စ်လေးရေးတုန်းကဆိုရင်လေ… ကျောင်းသားဘ၀ကိုပြန်ရောက် သွားသလိုကိုခံစားရတာပါ။ ပုံရိပ်တွေဆိုရင် မနေ့တနေ့ကလိုပဲအားလုံးကိုမြင်ယောင်နေမိတာ။ ကြိုက်တယ်။ အရမ်း … အရမ်းကိုကြိုက်တယ်။ အဲဒီအထဲမှာရေးထားတဲ့ ကဗျာလေးဆို တကယ်ကျောင်းသားဘ၀တုန်းကရေးထားပြီး၊ လွယ်အိတ်ထဲကိုတကယ်ထည့်ခဲ့တာ… ဟဲ…ဟဲ

၅။ ယမကာလုလင်တစ်ယောက်အကြောင်း

ဟဲ…ဟဲ အကြိုက်ဆုံးပဲ။ ငြင်းပယ်ရခက်တဲ့ လူမှုနယ်ပယ်ထဲကရုန်းမထွက်နိုင်တဲ့ လူငယ်လေး တစ်ယောက်အကြောင်းရေးထားတာပါ။ တော်တော်များများက ကျွန်တော့်ကို ယမကာလုလင်လို့ထင်နေကြလို့ တော်တော်လေးပြောယူရတယ်။ မဟုတ်ဘူးလားလို့မေးတော့ လည်း မငြင်းလိုက်ပါဘူး …

နောက်ထပ် ကျွန်တော် Tag ချင်တဲ့သူတွေကတော့ ...

၁။ ချစ်တဲ့အနုပညာနဲ့ လောကကြီးအတွက် သဲတစ်ပွင့်ဖြစ်ချင်သူ ကိုစိုးသီဟ

၂။ သူ့ကိုလာမ Tag လို့စိတ်ကောက်နေတဲ့ ရွက်ဝါ

၃။ ကဗျာတွေအရေးကောင်းတဲ့ ညီလေး မောင်နိုင်

ကျွန်တော့်ကိုတကယ်ခင်မင်တယ်ဆိုရင်တော့ အား...အား...မအား အား ရေးပါကြပါလို့ ...

အမြဲရွှင်လန်းတက်ကြွစွာရှိနေပါစေလို့ ဆန္ဒပြုလျှက်….

မိုးစက်

30 . 8 . 2007 ( AM 1:58)



ဆက်ဖတ်ရန်...

Aug 24, 2007

ယမကာလုလင်တစ်ယောက်အကြောင်း

သူငယ်ချင်း ချီးယားဒ်… မင်းနိုင်ငံခြားမှာ ကျောင်းသွားတက်တော့မှာဆိုတော့ ဂုဏ်ပြု တာပါကွာ… အေး…သောက်ကွာ…သူငယ်ချင်း ….

ခွက်ကို ကိုင်ပြီး ကျွန်တော်သောက်ချလိုက်တယ်။ ယမကာဆိုတာနဲ့ သိပ်ပြီးအကျွမ်းတ ၀င်မရှိလို့ထင်တယ်။ လည်ချောင်းထဲကို ပူပြီးဆင်းသွားတာပဲ။ တကယ်တော့စိတ်ထဲကနေကို မသောက်ချင်ပါဘူး။ ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာတင် စိတ်က အလိုလိုရင်း သောက်မိရဲ့သားဖြစ်သွားတယ်။ ဒါနောက်ဆုံးပါပဲကွာ။ ဟိုရောက်ရင် တော့ လုံးဝ ကိုမသောက်တော့ဘူးလို့ ခွက်ကို ကြည့်ရင်း ကျွန်တော် သက်ပြင်းမသိမသာချမိ တယ်။

ဒီကို ရောက်လာတယ်။ နိုင်ငံခြားဆိုတဲ့အတိုင်း အားလုံးဟာ အသစ်အဆန်းတွေချည်းပဲ မျက်စိသူငယ်၊ နားသူငယ်နဲ့ပေါ့။ ကျောင်းက တာဝန်ရှိတဲ့လူတွေလာကြိုကြတယ်။ တစ်မြေခြား မှာ မြန်မာတွေကို တွေ့လိုက်၊ မြင်လိုက်ရတော့ စိတ်အားတွေတက်သွားမိတယ်။ ကိုယ့်ရှေ့မှာ နိုင်ငံခြားသားတွေနဲ့စကားတွေပြောနေလိုက်တာများ မွှတ်နေတာပဲ။ သူတို့ကိုကြည့်ပြီး အားကျ မိတယ်။ အဆောင်ကိုလည်း ရောက်ရော… နှစ်ယောက်ကို တစ်ခန်းနေရတယ်။ နေရမယ့် အခန်းမှာ ပစ္စည်းတွေကိုစနစ်တကျလေး ထား၊ သန့်ရှင်းရေးလေးလုပ်နေတုန်း၊ အစ်ကိုတစ် ယောက် ယောက်လာတယ်။ ညီလေးတို့ ထမင်းစားရအောင် လာခေါ်တာ။ ရေချိုးပြီးတာနဲ့ အခန်း နံပါတ်( --- ) ကိုလာခဲ့နော်။ ဟုတ်ကဲ့အစ်ကို … ရေမြန်မြန်ချိုးပြီး ထမင်းသွားစားတယ်။

ထမင်း၊ ဟင်းတွေက ပြင်ထားတာရှယ်ပဲ၊ အေး ..ညီလေး ထိုင်ကွာ၊ ထမင်းမစားခင် နည်းနည်း လေးချလိုက်ရအောင် …ပြောပြောဆိုဆိုပဲ ရေခဲသေတ္တာထဲကနေ ပုလင်းတစ်လုံးထုတ်လိုက် တယ်။ သြော်…ခက်ချေပြီ။ ဒီကိုရောက်ရင်တော့ မသောက်တော့ဘူးလို့စိတ်က ဆုံးဖြတ်ထား ပါတယ်။ မသောက်ဘူးလို့ပြောပြန်ရင်လည်း First Greeting မှာ ကောင်းပါ့မလား။ ငြင်းတော့ ငြင်းကြည့်မယ်ကွာ။

ကျွန်တော် မသောက်တတ်ဘူး အစ်ကို …

ဟေ…ဟုတ်လား…ညီလေးက ဘုရားတွေ၊ ဘာတွေမှာ လှူထားလို့လား…

အဲဒီလိုတော့ မဟုတ်ပါဘူးအစ်ကို …

အဲဒါဆို လုပ်စမ်းပါကွာ… ဒီယမကာက ဒီမှာပဲသောက်ရတာကွ.. အများကြီး မဟုတ်ပါဘူး… စားကောင်းသောက်ကောင်းအောင်ပေါ့ …

ဒီလောက်ထိပြောလာမှတော့ ကိုယ့်ဘက်က ငြင်းဆန်လို့မကောင်းတော့၊ လူမှုရေးဆိုတာ လည်း ရှိသေးရဲ့လေ။ အဲဒါနဲ့ပဲ ရောက်တဲ့နေ့မှာပဲ ရီဝေေ၀လေးနဲ့ တစ်ညတာအချိန်လေးကို ဖြတ်သန်းလာမိတယ်။

ဆေးလိပ်တော့ ကျွန်တော်သောက်တယ်။ ကိုယ့်ရဲ့အဖော်ဆိုလို ဒီစီးကရက်လေးတွေပဲ ရှိတာ၊ ဆေးလိပ်လေးသောက်နေရင်းနဲ့ စာအကြောင်း၊ ဟိုအကြောင်း၊ ဒီအကြောင်းစဉ်းစား လိုက်ပြန်ရင်ကို အတွေးကလေးတွေကပဲ ဆန်းသစ်နေသလိုလို၊ ကိုယ့်ကိုယ်ကို ကဗျာဆန်တဲ့ အတွေးတွေနဲ့ စီးကရက်လေးတွေကို သောက်ဖြစ်တယ်။ ဒီမှာက မြန်မာပြည်မှာလို မဟုတ်ပဲ ဈေးလည်းသက်သာ၊ အလွယ်တကူကလည်း ရနေတယ်လေ။ မြတ်ဘုရားဟောတဲ့ ကံငါးပါး ထဲမှာ စီးကရက်ဆိုတာမပါဘူးဆိုတော့ စီးကရက်ကိုပိုလို့သောက်ဖြစ် လာတယ်။

ကျောင်းစတက်တယ်။ ပထမဆုံးအနေနဲ့ ဘာသာစကားအရင်ဆုံးသင်ရတယ်။ ကျောင်းစတက်ပြီး ၁ လလောက်ကြာတဲ့အထိ ယမကာကို မသောက်ဖြစ်ဘူး။ မသောက်ပဲလဲ နေ့လို့ရနေတာပဲလေ။ ဟုတ်ဘူးလား။ သိပ်မကြာဘူး။ ဘာသာစကားသင်နေတဲ့ ကျွန်တော်တို့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ရောက်လာတယ်။ မွေးနေ့ပွဲကို ဘာသာစကား သင်တဲ့ဆရာမနဲ့အတူ လုပ်ချင်တယ်တဲ့လေ။ အဲဒါနဲ့ ရှေ့ကကြိုပြီးရောက်နေတဲ့ အစ်ကိုတွေ ကိုမေးကြည့်ရတယ်။ မွေးနေ့ပွဲလုပ်မယ်ဆိုရင် ရှန်ပိန်လောက်တော့ပါမှရမယ်တဲ့လေ။ အဲဒီလိုနဲ့ ဆရာမ စာသင်နေတဲ့အချိန်မှာပဲခွင့်တောင်ပြီး မွေးနေ့ပွဲလုပ်ချင်တယ်လို့ပြောတော့ ဆရာမက ခွင့်ပြုတယ်။ ခွက်ထဲကို ရှန်ပိန်ယမကာတွေထည့်နေတာကြည့်ပြီး ငြင်းရင်ကောင်းမလားလို့စဉ်း စားကြည့်မိပြန်တယ်။ အားလုံးရဲ့ရှေ့ကခွက်တွေထဲမှာ ရှန်ပိန်တွေနဲ့ပြည့်နေပြီ။ ဆရာမတောင် သောက်သေးတာ ကိုယ်ကငြင်းပြန်ရင်လည်း ကိုယ့်ကိုတစ်မျိုးမြင်သွားပြန်ရင်လည်းမကောင်း ဘူးပေါ့လေ။ ဆရာမနဲ့လည်း First Greeting ပဲဆိုတဲ့ စိတ်နဲ့ ရှန်ပိန်တွေသောက်ဖြစ်ပြန်ပါ တယ်။

သိပ်မကြာပါဘူး။ ဆောင်းရာသီဝင်လာတယ်။ နှင်းတွေကြလာတယ်။ အပူပိုင်းရာသီက နေရောက်လာတော့ ချက်ချင်းကြီး ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါမှာ မခံနိုင်ဘူးဖြစ်သွား တယ်။ အဲဒီမှာတင်ချောင်းတွေ တဟွတ်ဟွတ်ဆိုးတော့တာပဲ။ ချောင်းဆိုပျောက်ဆေးတွေ သောက်တယ်။ ဘယ်လိုသောက်သောက် မသက်သာဘူး။ အဲဒီမှာတင် အစ်ကိုကြီးတစ် ယောက်ရောက်လာပြီး အကြံဥာဏ်ပေးတယ်။ ကိုယ်လည်းအဲဒီလိုဖြစ်ဘူးတယ်ညီလေ။ ဆေး ဘယ်လိုသောက်သောက်မသက်သာဘူး။ နောက်ဆုံးတော့ တစ်ခွက်တစ်ဖလားမော့လိုက် တာပဲကိုယ့်ညီရေ… ညီလေးလည်း မော့ကြည့်လိုက်ပါလား။ အဆုတ်ကိုအအေးပတ်သွားတော့ အပူလေးလောင်းပေးမှ အဆင်ပြေသွားမယ်လေ။ ကိုယ့်ကျန်းမာရေးဆိုတော့လည်း မငြင်းသာ တော့ဘူး။ လုပ်ကြည့်လိုက်လဲ ဘာမှမဖြစ်ပါဘူးလေ။ ပျောက်သွားတော့လည်း ကိုယ့်အတွက် အမြတ်ပေါ့။ ဖန်ခွက်ထဲကိုထည့်ပေးလာတဲ့ အရေတွေကို ကုန်အောင်မော့ပစ်လိုက်တယ်။ ရေ သောက်မယ်လုပ်တော့ … မသောက်နဲ့ညီလေး …ဒါလေး ၀ါးလိုက် … အစ်ကိုလှမ်းပေးတဲ့ အားလူးကြော်လေးကို ၀ါးပစ်လိုက်တယ်။ နောက်တစ်ခွက်ထပ်ချကွာ … ဒုတိယတစ်ခွက် ထပ်မော့လိုက်တယ်။ သိပ်မကြာဘူး …မျက်နှာမှာ ပူတူတူ၊ ရှိန်းတိန်းတိန်းဖြစ်လာတယ်။ နောက်ဆုံးတစ်ခွက်ကွာ… တတိယတစ်ခွက်ကို ကျွန်တော်မော့ချလိုက်တယ်။ သိပ်မကြာဘူး။ ကျွန်တော်အိပ်ပျော်သွားတယ်။ နောက်နေ့မနက်နိုးလားတော့ ချောင်းဆိုးတာ သိသိသာသာ ကြီးကိုသက်သာသွားတယ်။ ယမကာ ရဲ့ထိရောက်မှုတွေပေါ့နော်….

အစ်ကိုတစ်ယောက်ရဲ့မွေးနေ့ပါ။ ကျွန်တော့်ကိုလာခဲ့ဖို့ခေါ်တယ်။ မွေးနေ့ပွဲကိုသွားရင် သောက်ဖြစ်မယ်ဆိုတာသိတယ်။ မသွားချင်းဘူး။ ငြင်းရမှာလည်း အားနာတယ်။ ဘာလို့လဲဆို တော့ ဒီမှာသွားလာနေထိုင်တာ၊ ပစ္စည်တွေဝယ်တာခြမ်းတာ အားလုံးသူပဲလိုက်ပြီးကူညီပေး နေတာဆိုတော့ ကိုယ့်အနေနဲ့ငြင်းပြန်ရင် မကောင်းဘူးဆိုတာ စိတ်ထဲကနေသိတော့ သိနေ တယ်။ ကျွန်တော့် မျက်နှာကိုကြည့်ပြီး အစ်ကိုက အများကြီးမသောက်နိုင်တောင် အစ်ကိုရဲ့ မွေးနေ့ကို ချီးမြှင့်တဲ့အနေနဲ့ နည်းနည်းပါးပါးပေါ့ကွာ။ ဒီလောက်ထိအောင်ပြောလာမှတော့ မငြင်းသာတော့။ မွေးနေ့ပွဲဆိုလို့ ကြီးကြီးမားမား၊ ခမ်းခမ်းနားနားကြီးတော့ မဟုတ်ပါဘူး။ ကိုယ့် အခန်းထဲမှာတင်ပဲ ကိုယ်ခင်မင်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကိုခေါ်ပြီးဧည့်ခံတဲ့သဘောပါ။

ယမကာလေးက အထဲကိုဝင်လာတော့ စကားပြောရတာ သွက်လာတယ်။ မွေးနေ့ပွဲမှာတင် ကိုယ်နဲ့မသိတဲ့သူရော၊ သိတဲ့သူရော ကျွန်တော်ပျော်ပျော်ရွှင်ရွှင်နဲ့ စလိုက်၊ နောက်လိုက်နဲ့ စကားတွေရေပတ်မ၀င်အောင် ပြောလိုက်မိတယ်။ သောက်ထားတဲ့အရှိန်ကလေးနဲ့ဆိုတော့ ပြောလိုက်တဲ့ စကားတွေအားလုံးက ဟာသရသတွေကြည့်မြောက်နေတယ်ထင်ပါရဲ့။ နောက် နေ့ကြတော့ တွေ့တဲ့လူတိုင်းက ကျွန်တော့်ကို အပြောကောင်းတယ်ဆိုပြီး စ ကြပါတော့တယ်။ အဲဒီ မွေးနေ့ပွဲမှာတင်အားလုံးနဲ့ ခင်မင်ရင်းနှီးသွားကြတော့တယ်။ နောက်ဘာပွဲပဲလုပ်လုပ် ခင်မင်ရင်းနှီးတဲ့ စိတ်နဲ့ ကျွန်တော်ကို လာပြီး ဖိတ်ကြတော့တယ်။ အဲဒီတော့လည်း ယမကာ လေးက သောက်မိပြန်တော့တယ်။ တော်တော်ကြီးကို စိတ်ညစ်မိတယ်။ ဒီ ယမကာကြောင့် တော့ ခက်ပါတယ်။

တော်ပါပြီ။ ဒီတစ်ခါတော့ လုံးဝ ကိုမသောက်တော့ဘူးကွာ။ ကိုးန၀င်း ပုတီးစိတ်မယ်။ ဘာပွဲ၊ ညာပွဲဆိုပြီးလာခေါ်ရင်လည်း ကိုးန၀င်းအဓိဋ္ဌာန်ဝင်နေတယ်လို့ပြောလိုက်ရင်တော့ငြင်း ရကောင်းတယ်ပေါ့။ တစ်ခုသော တနင်္လာနေ့မှာပဲ ကိုန၀င်း စ၀င်ဖြစ်တယ်။ တစ်ဆင့်ကို ၉ ရက်၊ ၉ ဆင့်ဆိုတော့ ၈၁ ရက်ပေါ့။ ၃ ဆင့်လောက်ထိအေးဆေးပဲ။ ဘာယမကာမှ မသောက် ဖြစ်ဘူး။ ၄ ဆင့်ရောက်တဲ့အချိန်မှာတော့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် တစ်ခြားကျောင်း ကနေပြီး လာလည်တယ်။ မလာခင်ကတည်းက သူကဖုန်းဆက်ပြီးပြောသေးတယ်။ ငါမင်းဆီ ကိုလာမယ်။ ယမကာဝယ်ထားပါ။ အမြည်းတွေဘာတွေကိုသူလာမှလုပ်မယ်ပေါ့။ကျွန်တော်က ကိုးန၀င်းဝင်နေတယ်။ ငါမသောက်ဘူးနော်လို့ပြောတော့။ ရတယ်… မသောက်နဲ့ ငါသောက် တာထိုင်ကြည့်နေတဲ့လေ။ နောက်နေ့ကိုယ်တော်ချောရောက်လာတယ်။ သူ့ဘာသာသူ သောက်တယ်။

ငါ မင်းဆီကိုလာတာ…ရင်ဖွင့်ချင်လို့လာတာကွ… မင်းနည်းနည်းပါးပါးချပါကွာ။ စကားပြော ကောင်းအောင်ပေါ့။ ငါကချည်း သောက်ပြီးပြောနေတော့မကောင်းဘူးလေကွာ။ ယမကာ သောက်ပြီး ဘုရားရှိခိုးရင်သာ မကောင်းတာ။ ရှိခိုးပြီးမှ သောက်ရင်တော့ ဘာမှမဖြစ်ပါဘူးကွာ။ ကိုးန၀င်း မိုးလင်းမှသိမယ်ဆိုတဲ့ဟာပေါ်လာတုန်းက သက်သက်လွတ်စားရမယ်ဆိုတာလည်း မပါဘူး၊ ငါးပါးသီလခံယူပြီးမှ စိတ်ရမယ်ဆိုတာလည်း မပါ ပါဘူးကွာ။ ငါ့ကို ခင်တယ်ဆိုရင် တစ်ခွက်လောက်တော့ ချပါကွာ။ တစ်ခွက်တည်းပါကွာ…နော် သူငယ်ချင်း …ငါ … ရင်ဖွင့်ချင် လို့ပါ။ သြော်…ခက်ချေပြီ။ ဘယ်လို လုပ်ရပါ့။ ကိုယ်က ဆုံးဖြတ်ချက်တောင် မချရသေးဘူး။ သောက်မယ်၊ မသောက်ဘူး စဉ်းစားနေတုန်းရှိ သေးတယ်။ ဘသားချောက…ခွက်ယူပြီး ထည့် တောင်ထည့်ပြီးနေပြီလေ။ အင်းပေါ့လေ… မငြင်းသာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အားနာတတ်တယ်၊ အဲဒီအချက်တွေကို က ကိုယ့်ရဲ့ အားနည်းချက်ဖြစ်နေတာကို။ ပြီးတော့ ကိုယ့်ဆရာက ရင်တွေဖွင့်ပါလေရော။ ချစ်သူလင် နောက်လိုက်သွားလို့တဲ့လေ။ ပြောတော့ တစ်ခွက်တည်းသောက်ပါကွာတဲ့။ တစ်ခွက်လည်း သောက်ပြီးရော…

တတက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲဟေ့ကောင် ချကွာ …
ပြောရင်းဆိုရင်း ထပ်ထည့်ပေးတယ်။ သူထည့်ပေးတော့လည်း ထပ်သောက်ဖြစ်တာပေါ့။

ကျွန်တော် ချစ်ရေးဆိုထားခဲ့တဲ့ ချစ်သူဆီကနေ ချစ်အဖြေလေးရတယ်။ အရမ်းချစ် တယ်ဆိုတဲ့ အဖြေလေးပေါ့။ အရမ်းကို ပျော်ရွှင်ပီတိဖြစ်ခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့၊ ခင်မင်ရ တဲ့ အစ်ကိုတွေကို ပြောပြတော့ အဲဒါဆို ကိုယ့်ညီကို ဂုဏ်ပြုရမှာပေါ့။ ဒီည ပွဲကမယ်ဟေ့တဲ့။
သြော်…အပျော်တွေနဲ့ဆိုတော့လည်း မငြင်းသာပြန်တော့ဘူးပေါ့။ ယမကာတွေသောက်ဖြစ်ပြန် တယ်။ စိတ်များညစ်ပါတယ် ယမကာ ရယ်…

ကျွန်တော်ချစ်သူနဲ့ ဖုန်းပြောဖြစ်တယ်။ ဒီနှစ်သင်္ကြန်မှာ တရားစခန်းဝင်ဖြစ်မယ်တဲ့။ တရားစခန်း ၀င်နေတဲ့အချိန်မှာ အဝေးမှာရောက်နေတဲ့ မောင့်ကိုလည်း မေတ္တာတွေပို့ပေးနော် လို့ပြောတော့ …

အင်း ပို့ပေးမှာပေါ့…ဒါပေမယ့် ငါးပါးသီလ လုံတဲ့သူမှပို့ပေးချင်တာ… အဲဒါမှ မေတ္တာပို့တဲ့သူက လည်း အကျိုးရှိသလို၊ ခံယူတဲ့သူမှာလည်း ကုသိုလ်တွေအများကြီးရနိုင်တယ်တဲ့လေ…

မေတ္တာတွေသာ ပို့နေပါချစ်သူရယ်…မောင် ငါးပါးသီလလုံပါတယ်လို့ ပြောဖြစ်တယ်။

အဲဒီနောက်ပိုင်းကစပြီး ကျွန်တော် ယမကာကို ကျွန်တော် အတတ်နိုင်ဆုံးရှောင်ခဲ့တယ်။ တော် ရုံငြင်းလို့ရတဲ့သူဆိုရင် ငြင်းတယ်။ ငြင်းလို့မရတဲ့သူဆိုရင် ကျွန်တော် ရုတ်တရက်နေမကောင်း၊ ဗိုက်နာ၊ တစ်ခုခုအကြောင်းပြပြီး ငြင်းပစ်လိုက်တယ်။ ကဲ …ဘယ့်နှယ့်ရှိစ… ယမကာရေ…. မင်းနဲ့အဝေးဆုံးမှာပဲ ငါ အမြဲတမ်းနေတော့မယ်ကွာ…

တစ်ရက်မှာ ကျွန်တော်ဆီကို အစ်ကိုတစ်ယောက် အကူအညီလာတောင်းတယ်။ သူတို့မေဂျာက မနက်ဖြန်ကျောင်းမှာ ဘွဲ့ယူစာတမ်းဖတ်မယ်ပေါ့။ အဲဒါကို ကျွန်တော်ကလိုက် ပြီး ဗွီဒီယိုရိုက်ပေးပါဆိုပြီး ဗွီဒီယိုကင်မရာတွေ၊ တိတ်တွေ၊ ဒေါက်တိုင်တွေ အားလုံးလာပေး တယ်။ နောက်နေ့မနက်မှာပဲ အနောက်တိုင်းဝတ်စုံကို ကျကျနန ၀တ်ပြီး ဘွဲ့ယူစာတမ်းဖတ် နေတဲ့အစ်ကိုတွေကို ဗွီဒီိယိုမှတ်တမ်းတင်သေချာရိုက်ပေးနေတယ်။ အားလုံးပြီးသွားတဲ့အချိန် မှာ ဆရာတွေနဲ့အတူ စာတမ်းဖတ်ပွဲပြီးဆုံးတဲ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတဲ့အခမ်းအနား ရောက်လာတယ်။ ရှန်ပိန်ပုလင်းတွေဖွင့်တယ်၊ ဂျော်နီဝါးကားတွေလည်းပါတယ်။ ပျော်ပျော်ရွှင် ရွှင်နဲ့ ဆရာနဲ့ကျောင်းသား ခွက်လေးတွေကိုယ်စီကိုင်ပြီး ဂုဏ်ပြုစကားတွေပြောနေကြတယ်။ ကျွန်တော်လည်း အမှန်အကန် အားလုံးကို တစ်ကွက်ကလေးမှ မလွတ်ရအောင်လိုက်ပြီး မှတ် တမ်းတင်နေမိတယ်။ ကျွန်တော့်လက်ကို တစ်ယောက်ယောက်က လာကိုင်တယ်။ လှည့်ကြည့် လိုက်တော့ ပြုံးပြီးကြည့်နေတဲ့ ဆရာတစ်ယောက်ကိုတွေ့ရတယ်။ သူလက်ထဲမှာ ယမကာခွက် လေးတစ်ခွက်ကိုင်လို့ ကျွန်တော့်ဆီကို ကမ်းပေးလာတယ်။ ကျွန်တော် မသောက်ဘူးလို့ ပြော လိုက်မိတယ်။ ဒါက မင်းတို့အားလုံးကို ဂုဏ်ပြုနေတဲ့အချိန်လေ…မငြင်းရဘူးတဲ့။ ဆရာက ကျွန်တော့်ကို ဘွဲ့ယူစာတမ်းဖတ်တဲ့သူတစ်ဦးလို့ထင်နေပုံရပါတယ်။ နိုင်ငံခြားသားဆရာ တစ်ယောက်က သူတို့ရဲ့ယဉ်ကျေးမှုအရ ဖိတ်ခေါ်လာတာကို ကျွန်တော့်အနေနဲ့ မငြင်းသင့် ဘူးလို့ထင်တယ်လေ။ အဲဒါနဲ့ ဆရာနဲ့အတူ ချီးယားဒ် လုပ်လိုက်မိတယ်။ ကျွန်တော် ခွက်ကို ကိုင်ပြီးမော့လိုက်တော့မှ ဆရာက ပြုံးပြီး လက်ဆွဲနှုတ်ဆက်တယ်။ "Congratulation" တဲ့။

ယမကာရေ…မင်းနဲ့ငါ ပြန်တွေ့ရပြန်ပြီနော်… သောက်ပြီးလို့ခွက်လေးပြန်အချမှာတော့ ကျွန်တော် သက်ပြင်းမသိမသာချမိပါတော့တယ်။

အဆောင်ပြန်ရောက်ပြန်တော့လည်း စာတမ်းဖတ်ပြီးသွားတဲ့ အစ်ကိုတွေက ကျွန်တော့် ကို ထပ်ပြီးဂုဏ်ပြုခိုင်းတယ်။ မသောက်ဘူးဆိုပြီး အခန်းမှာရှောင်နေတာပဲ။ သူတို့ဘာသူတို့ သောက်ပါစေဆိုပြီး အခန်းမှာနေ နေတုန်း Camera Man ဘယ်ရောက်သွားလည်း Camera Man ကိုလည်း တိုက်ကြပါဦး။ ကျွန်တော့်အခန်းကို လူကိုယ်တိုင်လာခေါ်တော့လည်း မငြင်း သာတော့ပြန်ပါဘူး။ အပျော်တွေနဲ့ ပျော်နေတဲ့ အစ်ကိုတွေကိုကျွန်တော့်ကြောင့်စိတ်မညစ် စေချင်ပါဘူး။ သူတို့ကျေနပ်အောင် တစ်ခွက်…တစ်ခွက်…တစ်ခွက်…သောက်မိပြန်ပါတယ်။

ဘာလိုလိုနဲ့ အချိန်တွေတစ်ဖြည်းဖြည်းဖြတ်သန်းလာလိုက်တာ ကျွန်တော်တောင် ကျောင်းပြီးတော့မယ်။ ဒီ Semester ပြီးရင် ကျွန်တော်ဘွဲ့ရပြီလေ။ ကျောင်းစဖွင့်ကာစမှာပဲ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်မိတယ်။ ဘွဲ့ယူစာတမ်း မဖတ်ရသေးတဲ့ အချိန်ထိ ကျွန်တော် ယမကာကို ဘယ်လိုပဲဖြစ်ဖြစ်မသောက်တော့ဘူးလို့။ ဒါပေမယ့် …ဒါပေမယ့်ပေါ့ဗျာ…

ဒီနှစ်သင်္ကြန်ကျွန်တော်ရဲ့ Supervisior ဆရာကို အဆောင်ခေါ်ပြီး ဧည့်ခံမယ်လို့ စိတ်ကူးလေးရမိတယ်။ စာတမ်းဖတ်ခါနီးအချိန်ဆိုတော့ ဆရာနဲ့ပိုပြီး ရင်းနှီးမှုရအောင်ဆိုတဲ့ အတွေးကလေးနဲ့ပေါ့။ ဆရာကလည်း သောက်တတ်တဲ့သူဆိုတော့ ယမကာလေးဘာလေး နည်းနည်းပါးပါးတော့ ၀ယ်ထားပြီး၊ စီစဉ်ထားရတာပေါ့ … အဓိက ကတော့ ဆရာကို မြန်မာ့ ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ဆိုတာ ဘယ်လိုလဲဆိုတာ သိစေချင်တဲ့ ဆန္ဒတွေလည်းပါတာ ပေါ့။ အခန်းမှာ အားလုံးပြင်ဆင်ပြီး ကျောင်းကိုသွား၊ ဆရာကိုသွားခေါ်တယ်။ ကျောင်းလည်း ရောက်ရော ဆရာကမရှိတော့ဘူး။ ဖုန်းဆက်ကြည့်တော့မှ ဆရာက သူ့ကိုခွင့်လွှတ်ပါတဲ့။ သူ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကြောင့် အိမ်ကိုပြန်သွားရတာပါလို့ပြောလာတယ်။ တော်တော် ကိုစိတ်ညစ်သွားမိတယ်။ အခန်းမှာ အားလုံးပြင်ဆင်ထားတာ။ နှစ်သစ်ကူအကြောင်း၊ ဆရာ့အ တွက်လက်ဆောင် အားလုံး၊ အားလုံးပေါ့။ အခန်းကိုပြန်ရောက်တော့ ကျွန်တော့်စိတ်တွေ တော်တော်ကိုမွန်းကြပ်သွားတယ်။ အားလုံးစီစဉ်ထားပြီးကာမှ ကိုယ်မျှော်မှန်းထားသလိုဖြစ်မ လာတော့ … စိတ်ညစ်ညစ်နဲ့ ယမကာပုလင်းကိုဖွင့်၊ ခွက်ထဲထည့်ပြီး တစ်ကျိုက်ထဲမော့ပစ် လိုက်တယ်။ စိတ်ညစ်ညစ်နဲ့သောက်ပစ်လိုက်တော့တယ်။ ယမကာရေ …သောက်မိပြန်ပါပြီ။

တော်ပါပြီ…တော်ပါပြီ… ဒီမှာ ပညာသင်တုန်းသာ ယမကာကိုသောက်ဖြစ်မယ်။ မြန်မာ ပြည်ကိုခြေချပြီဆိုတာနဲ့ လုံးဝ၊ လုံးဝ ကိုလှည့်မကြည့်တော့ဘူးလို့စိတ်ကို ဒုန်းဒုန်းချမိပြန် တယ်။ မကောင်းမှန်းလည်း သိတယ်။ ကံငါးပါးထဲမှာ ပါတယ်ဆိုတာလည်းသိတယ်။ သိစိတ် ကနေ မသောက်မိအောင်၊ အမြဲတမ်းထိန်းသိမ်းခဲ့တယ်။ ယမကာနဲ့အဝေးကိုရောက်အောင် နေဖြစ်အောင်လည်း နေခဲ့တယ်။ ဒါပေမယ့် ဒီနေ့ခေတ်အတိုင်းအတာ လူမှုပတ်ဝန်းကျင်၊ လူ့ ယဉ်ကျေးမှုမှာ အထူးသဖြင့်အနောက်တိုင်းမှာပေါ့လေ ယမကာ ကလူဆန့်ဝင်တဲ့အရာတစ်ခု အဖြစ်ရှိနေတာတွေကြောင့်၊ ဘယ်လိုပဲရှောင်ရှောင် တနည်းမဟုတ်၊ တနည်းကတော့ သူနဲ့ ထိပ်တိုက်တွေ့နေတာပဲလေ။ အရင်ခေတ်တွေတုန်းက အိမ်ကိုဧည့်သည်လာရင် လက်ဖက် ရည်ကြမ်း၊ လက်ဖက်တို့နဲ့ဧည့်ခံကြတယ်။ တစ်ဖြည်းဖြည်းခေတ်တွေရွေ့လျားလာတော့ ဧည့်သည် အပေါင်းအသင်လာရင် " ဘာမှလုပ်မနေနဲ့တော့ မိန်းမရေ…ကိုယ်လက်ဖက်ရည် လိုက်တိုက်လိုက်မယ်" လက်ဖက်ရည်ဆိုင်တွေတစ်ဖြည်းဖြည်းပေါ်လာတော့ အလွယ်တကူ ပဲကိုယ့်အိမ်လာတဲ့ ဧည့်သည်၊ အပေါင်းအသင်း၊ သူငယ်ချင်းကို လက်ဖက်ရည်ဆိုင်မှာပဲ စကား ပြောရင်း ဧည့်ခံလိုက်တယ်။ အခုခေတ်ရောက်တော့ … ဧည့်သည်ကိုယ်တိုင်က " သူငယ်ချင်း ဘာမှချက်ခိုင်းမနေနဲ့နော်…ညနေကျရင် …ယမကာလေးသောက်ရင်း ..စကားပြောကြတာပေါ့"

ခေတ်တွေ၊ ခေတ်တွေများ တစ်ဖြည်းဖြည်းပြောင်းလဲလာတာပေါ့။ ကျွန်တော်လည်း အဲဒီအ တိုင်းပဲ မသောက်ဖြစ်အောင် အမျိုးမျိုးရှောင်တယ်။ ထိန်းကြည့်တယ်။ နိုင်ငံခြားမသွားခင်က တော့ …ဟိုရောက်ရင် မသောက်တော့ဘူးပေါ့…ဒီလည်း ရောက်ရော… သောက်ဖြစ်ပြန်ရော… နောက်တစ်ခါ ထပ်လျှော့ကြည့်တယ်။ ဘယ်အချိန်ရောက်ရင် မသောက်တော့ဘူး၊ ဘာလုပ်ရင် မသောက်တော့ဘူးဆိုရင် ထပ်လျှော့ကြည့်တယ်။ မရဘူး သောက်ဖြစ်တာပဲ။ နောက်ဆုံတော့ လက်လျှော့လိုက်ပါတယ်။ ဒီမှာနေတုန်းပဲသောက်မယ်။ မြန်မာပြည် ပြန်ရောက်ရင် မသောက် တော့ဘူးလို့ …

အိမ်နဲ့ဖုန်းပြောနေရင်း အဖေကပြောတယ်။

မင်းအချစ်ဆုံးသူငယ်ချင်းကြီး ပြီးခဲ့တဲ့လက ပဲမိန်းမရသွားပြီ။ မင်းသူ့ဆီဖုန်းဆက်လိုက်ဦး။ မင်းကိုမေးနေတယ်…

ဟုတ်ကဲ့အဖေ…ကျွန်တော်ဖုန်းဆက်လိုက်ပါ့မယ်…

၀၀၉၅၁၁၁၁၁….တီ………….တီ……………..တီ……………..

ဟယ်လို… ဟေ့ကောင်ကြီး ….မိန်မရသွားပြီဆို…ဘယ်လိုလဲ…မိန်းမရင်ခွင်ထဲမှာပျော်နေပြီ လား၊ အိမ်ထောင်ကျပြီဆိုတော့ အရင်ကလို သောက်မနေနဲ့ဦး။

အေးပါကွာ….မင်း နိုင်ငံခြားထွက်သွားပြီးတဲ့နောက်ပိုင်း ငါ ယမကာကိုမသောက်ဖြစ်တော့ဘူး သူငယ်ချင်း။ မင်းမရှိတော့လည်း သောက်လို့မကောင်းဘူးပေါ့ကွာ။ မိန်းမကလည်း မသောက် စေချင်တာလည်းပါတာပေါ့။ ဒါပေမယ့် သူ့ကိုတစ်ခုတော့ ငါခွင့်တောင်းထားတယ်။ ငါ့အချစ်ဆုံး သူငယ်ချင်း နိုင်ငံခြားကနေပြန်လာရင်တော့ ငါ့ကို သူနဲ့အတူ ယမကာ သောက်ခွင့် တစ်ခါ လောက်တော့ ပေးပါလို့ပြောလိုက်တယ်။ မိန်းမကပြောတယ်။ ကို…..သေချာတယ်နော်…အဲဒီ တစ်ခါတည်းနော် လို့ ပြောပြီး… အခုကတည်းက ခွင့်ပြုထားတယ်သူငယ်ချင်း

ကျွန်တော် ဖုန်းကို ကိုင်ပြီး သက်ပြင်းရှည်ကြီးချမိပါတော့တယ်။ လျှော့လက်စနဲ့ မထူး တော့ပါဘူး….မြန်မာပြည် ပြန်ရောက်တဲ့အထိသာလျှော့လိုက်ပါတော့လို့ ………

မိုးစက်

24 . 8 . 2007 ( AM 2:41)

ဆက်ဖတ်ရန်...

Aug 16, 2007

အချစ်ဆိုသည်မှာ (၂) ...

ကျောင်းပိတ်ရက် တစ်ရက်မှာပါ။ ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲတော်တဲ့ ကိုဇော် အိမ်ကိုရောက်လာတယ်။ သူက ကောင်းထက် အပင်အဟာရဖျော်ရည် ကုမ္ပဏီက အရောင်း တာဝန်ခံတစ်ဦးပါ။
ခင်မောင်ထွေး …ငါနဲ့အတူ စစ်ကိုင်းကိုလိုက်ခဲ့စမ်းပါကွာ။ ကုမ္ပဏီက ပစ္စည်းတွေဖြန့် ထားတာ၊ အဲဒါ ပိုက်ဆံလိုက်ကောက်ရင်းနဲ့ ပစ္စည်းလို၊ မလို သွားမေးမလို့၊ ငါတစ်ယောက် တည်းဖြစ်နေတာ၊ အားရင်လိုက်ခဲ့ကွာ။
အိုကေလေ…ကျွန်တော်လိုက်ခဲ့မယ်…
ကိုဇော်နဲ့အတူ စစ်ကိုင်းကိုရောက်ရောက်ခြင်း တောင်ပေါ်က ဆွမ်းဦးပုညရှင်ဘုရားကို အရင် ၀င်ဖူးဖြစ်တယ်။ ပြီးတာနဲ့ စစ်ကိုင်းမြို့ပေါ်က စိုက်ပျိုးရေးပစ္စည်းရောင်းတဲ့ ဆိုင်တွေကို တစ်ဆိုင်ပြီးတစ်ဆိုင် ၀င်၊ ၀င်ပြီး ပိုက်ဆံလိုက်ကောက်၊ လိုအပ်တဲ့ပစ္စည်းတွေမေးရင်းနဲ့ စရင်း တွေကို လိုက်မှတ်ပေးလိုက်တယ်။

ဆိုင်တော်တော်များများလည်း ကောက်လို့ပြီးတဲ့အချိန်မှာပဲ
ဘယ်လိုလဲ ကိုထွေး၊ မောနေပြီးလား၊ နောက်တစ်ခါဆိုရင်ရောလိုက်ဦးမှာလား။ စိတ်မ ညစ်ပါနဲ့ကွာ။ ဈေးကြီးတဲ့က ဆိုင်တစ်ဆိုင်ပဲကျန်ပါတော့တယ်။ အဲဒီဆိုင်ပြီးရင်တော့ ဒီမြို့မှာ အရမ်းကောင်းတဲ့ မိုးယံ မှာ မင်းကို လက်ဘက်ရည်တိုက်မယ်ကွာ။ ဟုတ်ပြီလား။
ပင်ပန်းတာနဲ့ တန်အောင်တော့ မုန့်ပါစားမှာနော် ကိုဇော်
ကြိုက်တာစားကွာ။ ကဲလာ သွားကြမယ်
ကျွန်တော်နဲ့ကိုဇော် ဆိုင်ကယ်လေးနဲ့ စစ်ကိုင်းဈေးကြီးထဲကို ရောက်လာကြတယ်။ ဈေးထဲကို ၀င်းပြီး နည်းနည်းလောက် လမ်းလျှောက်လိုက်တယ်ဆိုရင်ပဲ စိုက်ပျိုးရေး ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်ကိုရောက်လာခဲ့တယ်။ ဆိုင်နာမည်လေးကို ဖတ်ကြည့်လိုက်တော့ သူများဆိုင်တွေလို မဟုတ်ပဲ အင်္ဂလိပ်နာမည်နဲ့ ခပ်ဆန်းဆန်းလေးဖြစ်နေတယ်။ ဆိုင်ရှေ့မှာ ဦးလေးတစ်ယောက် ကုလားထိုင်ပေါ်မှာ စာအုပ်တစ်အုပ်ထိုင်ဖတ်နေလေရဲ့။ ဆိုင်နာမည်လေးက For You တဲ့။
ကိုဇော် က ဆိုင်ရှင်ဦးလေကြီးကို စကားတွေသွားပြောရင်းနဲ့ ပစ္စည်းတွေဘယ်လို ရောင်းရလဲ။ ဘယ်လောက်ကျန်သေးလဲ။ သုံးစွဲသူတွေအနေနဲ့ကရော ကျွန်တော်တို့ပစ္စည်းနဲ့ ပတ်သက်ပြီး ဘယ်လိုတွေပြောကြလဲ၊ ကျွန်တော်တို့ အပင်အဟာရဖျော်ရေကိုလည်း မြင်သာ အောင်ထားပြီး တောင်သူတွေကို ကြော်ငြာပေးဖို့ စသဖြင့် မေးမြန်းပြီးပြောနေတယ်။ ကျွန်တော်လည်း ဈေးထဲမှာ ဟိုကြည့်၊ ဒီကြည့်နဲ့ပါပဲ။ ဆိုင်မှာချိတ်ဆွဲထားတဲ့ မြန်မာ့သြဘာရဲ့ ကြော်ငြာတွေကိုလိုက်ဖတ် ကြည့်နေမိတယ်။
သမီးရေ …ခိုင်ဇင် … ကောင်းထက် ဘယ်နှစ်ဗူးကျန်သေးလဲဆိုတာ ကြည့် ကြည့်ပါဦး။ ပြီးရင် စရင်းစာအုပ်ပါယူခဲ့။ ပိုက်ဆံရှင်းပေးရအောင်လို့ …
ဟုတ်ကဲ့ အဖေ …. ခဏလေးနော် … သမီးကြည့်လိုက်ဦးမယ် …
ဈေးထဲဆိုတော့ အနံ့အသက်က ဆုံနေတာပဲ။ နေကလည်းပူတော့ စိတ်ထဲမှာ ရေ လည်းအရမ်းသောက်ချင်နေမိတယ်။ ဈေးအနံ့နဲ့ မရင်းနှီး လို့လား မသိဘူး။ အသက်ရှုရတာ လည်း တစ်မျိုးပါပဲ။ ခဏအကြာတော့ Shampoo အနံ့သင်းသင်းလေး ရလာတယ်။ ဈေးအနံ့ တွေကြားထဲက သင်ပျံ့တဲ့ အနံ့လေးရလာတော့ ဘယ်ကလဲဆိုပြီး ပတ်ဝန်းကျင်ကို လိုက် ကြည့်မိတယ်။ ကြည်ပြာရောင် ၀မ်းဆတ်ကလေးနဲ့၊ ပျော့ပြောင်းတဲ့ ဆံကေသာတွေကြားထဲ က သနပ်ခါး ရေကြဲကြဲလေးလိမ်းထားတဲ့ သူ့ကို ကျွန်တော့်တွေ့လိုက်ရတယ်။ လက်ထဲမှာ စာအုပ်လေးတစ်အုပ်ကိုင်လာပြီး သူထွက်လာတယ်။ ကျွန်တော်အရမ်းကို အံ့သြသွားတယ်။ တစ်ခါထဲမြင်ဘူးထားရုံနဲ့ စိတ်ထဲမှာ စွဲထင်ကျန်နေတဲ့ သူရဲ့မျက်နှာလေးကို တွေ့လိုက်ရတော့ ကျွန်တော် မှင်သက်သွားမိတယ်။ မန္တလေး မိန်းကြီးထဲမှာ လိုက်ရှာနေတုန်းက မတွေ့ရဘဲ၊ မထင်မှတ်တဲ့ နေရာတစ်ခုမှာ၊ မျှော်လင့်မထားဘဲ တွေ့လိုက်ရတော့ အရမ်းလည်း အံ့သြသွား သလို အရမ်းလည်း ပျော်ရွှင်ခဲ့ရတယ်။ ကိုဇော်၊ ဆိုင်ကဦးလေး ပြီးတော့ သူရယ် သုံးယောက် စရင်းတွေကြည့်ပြီး ပိုက်ဆံတွေ တွက်ချက်နေကြတယ်။ ကျွန်တော့်ကို သူမမှတ်မိဘူးထင် တယ်။ ကျွန်တော် သူတို့အနားကို လျှောက်သွားပြီး
ကိုဇော် …ကျွန်တော်ရေ သောက်ချင်လို့ …
သြော်….ရတယ် ငါ့တူ။ သမီး ခိုင်ဇင်…ရေလေးတစ်ခွက်လောက် ခပ်ပေးလိုက်ပါဦး။
သူကျွန်တော့်ကို တစ်ချက်လှည့်ကြည့်ပြီး ဆိုင်ထဲကိုပြန်ဝင်သွားတယ်။ သူလှည့်ကြည့်တဲ့ အကြည့်မှာ ငါသူ့ကိုမြင်ဘူးတယ်ဆိုတဲ့ အသိကလေးပါတယ်လို့ ကျွန်တော်ထင်မိတယ်။ ရှေးရှေးဘ၀ က ရေစက်တွေကြောင့်ထင်ပါရဲ့ … သူခပ်လာတဲ့ရေခွက်လေးကို ကျွန်တော့်ကို လှမ်းပေးပြီး
ရှင့်ကို ကျွန်မ မြင်ဘူးသလိုပဲ …

ဟုတ်တယ်…ခင်ဗျား မမှတ်မိဘူးထင်တယ် …ယောနသံ လက်ဘက်ရည်ဆိုင်ရှေ့မှာ ကျွန်တော်တောက်လိုက်တဲ့ ဆေးလိပ်က ခင်ဗျားရဲ့ ခြေထောက်ပေါ်ကြသွားတာလေ
ကျွန်တော် အဲဒီလိုပြောနေတုန်း သူရဲ့ခြေထောက်လေးတစ်ဖက်က အလိုလိုနောက်ကိုဆုတ် သွားတယ်။ မျက်နှာလည်း အနည်းငယ်ပျက်သွားသလိုပဲ
အဲဒီတုန်းက ကျွန်တော်တောင်းပန်စကားပြောမလို့ပဲ…ခင်ဗျားက ထွက်ပြေးသွားတော့ ကျွန်တော် ဘာမှမပြောလိုက်ရဘူး။ Major နဲ့ Year လည်းမသိတော့ …
ရပါတယ် …ကိစ္စမရှိပါဘူး…

ရေခွက်လေးကိုင်ပြီး သူအထဲကိုပြန်ဝင်သွားခဲ့တယ်။ ခါးထိ ရှည်လျားပြီး ပျော့အိအိဆံ နွယ်တွေဆီက သင်းပျံ့တဲ့ရနံ့လေးတစ်ခု ကျွန်တော်ရလိုက်တယ်။ စိတ်ထဲမှာ စွဲထင်ကျန်တဲ့ ပုံရိပ်ကလေး အမည်က ခိုင်ဇင်တဲ့လား။ အတန်ကြာ သူ့နာမည်လေးကို နှုတ်ဖျားကရေရွတ်နေ မိတယ်။ မိုးယံမှာ လက်ဘက်ရည်သောက်ရင်းနဲ့ နောက်အပတ်တွေလည်း ကျွန်တော် လိုက်ခဲ့ မယ်လို့ ပြောတော့ ကိုဇော် ကရယ်နေတယ်။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလို့ လူတွေအမြဲ ပြောကြတယ်နော်။ ကမ္ဘာကြီးနဲ့နှိုင်းယှဉ်လိုက်ရင် ကျွန်တော်တို့ မန္တလေးတက္ကသိုလ်ကြီးက သေးသေးလေးပဲဖြစ်သွားမှာပေါ့။ ကျွန်တော်သွားတဲ့နေရာတိုင်း သူ့ကိုအမြဲတမ်းရှာခဲ့တယ်။ ကျွန်တော်ကပဲ ရှာတာညံ့လို့လား၊ မိန်းကြီးကပဲ ကျယ်လွန်းနေလို့လား မသိပါဘူး။ ရှာလို့မတွေ့ခဲ့ ဘူးဗျာ။

အပတ်တိုင်း ကိုဇော်နဲ့အတူ သူရဲ့ For You ဆိုတဲ့ စိုက်ပျိုးရေးအရောင်းဆိုင်လေးကို ရောက်ဖြစ်တယ်။ ရောက်ဖြစ်တိုင်းလည်း သူနဲ့အနည်းဆုံးစကားလေးတစ်ခွန်းစ၊ နှစ်ခွန်းစပြော ဖြစ်အောင် ကြိုးစားခဲ့တယ်။ ကောင်းထက် အပင်အဟာရဖျော်ရည်နဲ့ပတ်သတ်တဲ့ စကားတွေ၊ အရောင်းမြှင့်တင်ရေးဆိုင်ရာအချက်တွေကို ကိုဇော်ကနေတဆင့်လည်း မေးထားရသေးတယ်။ သူ့ကို မြင်နေ တွေ့နေခွင့်ရတဲ့ ကိုဇော်နဲ့ကောင်းထက် တို့ကိုကျေးဇူးတင်နေမိပါတယ်။ တစ်ပတ်မှာတော့ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် ကိုဇော်နဲ့အတူ For You ကိုမရောက်ဖြစ်ဘူး။ အဲဒီအတွက် ရလာဒ်ကတော့ ကိုဇော်ယူလာတဲ့သတင်းကောင်းတစ်ခုပါ။ မင်းကို ကောင်မလေးက မေးတယ်။ အစ်ကိုနဲ့အတူလာနေကျ လူရော မမြင်ပါ့လား တဲ့။ အဲဒီ စကားကိုကြားရတော့ ကျွန်တော်ပြုံးနေမိတယ်။ သွားတွေဖြီးလို့ပေါ့။
ငါ နွားပွဲစားမဟုတ်ဘူးကိုယ့်လူ။ ဒီတစ်ခါတော့ မင်းက လက်ဘက်ရည်ပြန်တိုက်ကွာ
ရတယ် ကိုဇော်…လက်ဘက်ရည်တင် မဟုတ်ဘူးမုန့်ပါကျွေးဦးမယ်…
ခိုင်ရဲ့ ရင်ထဲမှာ၊ ခိုင့်ရဲ့ အတွေးတွေထဲမှာ ကို ရှိနေတယ်ဆိုတာသိလိုက်ရတော့ ကို အရမ်းပျော်သွားခဲ့တယ် ခိုင်ရယ်။ ကိုယ်မှတ်မိပါသေးတယ်။ ခိုင်ရဲ့ အတန်းနဲ့မေဂျာကိုသိခွင့် ရတဲ့အချိန်ကပေါ့။

ဆက်ရန်....

မိုးစက်

16 . 8 . 2007 ( AM 10:25)

ဆက်ဖတ်ရန်...

Aug 8, 2007

အချစ်ဆိုသည်မှာ .... (၁)

ယောနသံ

ဒီနာမည်ကိုရေရွတ်မိတိုင်း မန္တလေးတက္ကသိုလ်ကြီးကို မြင်ယောင်မိတယ်။ မိန်းထဲက စိန်ပန်းပြာတွေ၊ မိန်းအဆောင်ကြီးက လှေကားထစ်တွေ၊ အင်္ဂတေတိုင်လုံးကြီးတွေ၊ တီးဘန်ဂ လိုလေးတွေရှိတဲ့ မိန်းထဲက Ruby လက်ဖက်ရည်ဆိုင်လေးရယ်။ သူနဲ့အတူတွဲလျှောက်ခဲ့ဘူး တဲ့ လမ်းလေးတွေရယ်။ သူနဲ့အတူတွဲထိုင်ခဲ့တဲ့ အုတ်ခုံလေးတွေရယ် အားလုံး၊ အားလုံးကို မြင်ယောင်နေမိပါတယ်။ လူတိုင်း၊ လူတိုင်းမှာ ကိုယ်စီအားနည်းချက်တွေရှိတယ်။ စိတ်ပိုင်းဆိုင် ရာအားနည်းချက်၊ ရုပ်ပိုင်းဆိုင်ရာအားနည်းချက်၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းဆိုင်ရာ အားနည်း ချက်၊ မျိုးရိုးဗီဇဆိုင်ရာအားနည်းချက် အစရှိသဖြင့်ပေါ့။ ကိုယ်စီရှိကြတာချည်းပါပဲ။ အဲဒီအား နည်းချက်တွေက အားငယ်စိတ်အဖြစ်ပြောင်းလဲမသွားဖို့သာ အရေးကြီးဆုံးလို့ထင်ပါတယ်။ တစ်ချို့အားနည်းချက်တွေက ပြင်ဆင်လို့ရတဲ့ အားနည်းချက်တွေ ရှိသလို၊ ပြင်ဆင်လို့မရတဲ့ အားနည်းချက်တွေလည်း အများကြီးပါပဲ။။ ခိုင်ရယ်… ခိုင်မှာရှိတဲ့ အားနည်းချက်တွေက၊ အားငယ်စိတ်တွေအဖြစ် ဘာဖြစ်လို့ ခိုင် ခံစားနေရတာလဲ ဟင်။ ချစ်တဲ့စိတ်နဲ့ သူ့ကိုဘာမှ သတိမထားဖြစ်ခဲ့တဲ့၊ ကိုယ်အတွက်ဘာမှမဖြစ်နိုင်ဘူးလို့ထင်တဲ့ အသေးအဖွဲလေးက သူ့အ တွက်ကျတော့ အကြီးမားဆုံးကြီးကို ဖြစ်နေပါပေါ့လား။

ကျွန်တော်နဲ့ သိန်းဇော် ယောနသံလက်ဘက်ရည်ဆိုင် အ၀င်ဝစားပွဲမှာ ထိုင်နေကြ တယ်။ ဆိုင်ရှင်ဖွင့်ထားတဲ့ ခင်မောင်တိုးရဲ့ ညို့သူ သီချင်းလေးကို လိုက်ဆိုညဉ်းရင်း Lucky Strike ဆေးလိပ်လေးကို သောက်နေမိတယ်။ ကုန်ခါနီး စီးကရက်ကိုနောက်ဆုံး တစ်ခါ လောက်ဖွာ လိုက်ပြီး တိုကျန်နေတဲ့ဖင်စီခံလေးကို လက်ခလယ်နဲ့လက်မကြားထဲကို ညှပ်လိုက် ပြီး အမှတ်တမဲ့ပဲ ဆိုင်အပြင်ကိုတောက်ထုတ်လိုက်တယ်။ ဆိုင်အရှေ့ဘက်ကနေပြီး ရုတ်တ ရက်ဝင်လာတဲ့ တစ်ယောက်ကို မြင်လိုက်ရတဲ့အချိန်မှာတော့ နောက်ကျသွားပြီဆိုတဲ့အသိ ကလေးပဲဝင်လာတော့တယ်။ ဆေးလိပ်ကတော့ ကျွန်တော့်လက်ကြားကနေလွတ်ထွက်သွားပြီ လေ။ ညာခြေထောက်တစ်ဖက်ရှေ့ကိုအလှမ်း ကျွန်တော်ရဲ့စီးကရက်တိုလေးအကျနဲ့ ကွက် တိပါပဲ။ ကျွန်တော် ပြာပြာသလဲထိုင်ရာကနေထပြီး သူ့ခြေထောက်လေးပေါ်ကြသွားတဲ့ မီးဖွား လေးတွေကိုခါပေးမယ်ဆိုတဲ့အတွေးနဲ့ သူ့အရှေ့ကိုအသွားမှာပဲ ရတယ်၊ ရတယ်၊ မလိုဘူး၊ ဘာမှမဖြစ်ဘူး။ ပြောရင်းဆိုရင်းနဲ့ ဆိုင်ထဲကိုမ၀င်တော့ပဲ အပြင်ကိုပြေးထွက်သွားတော့တယ်။ ပျော့ပြောင်းလှတဲ့ ဆံနွယ်တွေကြားထဲက သနပ်ခါးလေးလိမ်းထားတဲ့ ခိုင်ရဲ့မျက်နှာကို ဖျတ်ခနဲ မြင်လိုက်ရတဲ့ အကြည့်မှာတင် ကိုယ့်ရင်ထဲမှာစွဲကျန်ရစ်ခဲ့တာပါ ခိုင်။ ကိုယ့်ရဲ့တောင်းပန် စကားလေးတောင် ခိုင် လက်မခံခဲ့ဘူး။ ခိုင်သိရဲ့လား။ အဲဒီနေ့ကစပြီး ကိုယ်ဆေးလိပ် မသောက် တော့ဘူးလေ။ ခိုင်နဲ့ပတ်သက်ပြီး ကိုယ်ဆေးလိပ်မသောက်ရတဲ့အကြောင်းကို သိန်းဇော်ကိုပြောပြတော့ ကိုယ့်ကိုမှတ်ချက်ပေးတယ်။ ကြောင် လိုက်တဲ့ကောင်ကွာ တဲ့။ ခိုင်ရဲ့ နာမည်၊ အတန်း ဘာမှမသိရသေးခင်ကတည်းက ကိုယ့်ရင်ထဲမှာ စွဲမြဲစွာဖြစ်တည်နေခဲ့ပါတယ် ခိုင်။

ကျွန်တော် ဆက်ရေးပါ့မယ် ... လောလောဆယ် ကျွန်တော်စိတ်တွေညစ်နေလို့ ...

မိုးစက်

8. 8 . 2007 ( AM 1:21)

ဆက်ဖတ်ရန်...

Aug 3, 2007

ကြက်ဆူစေ့နဲ့ ပတ်သက်၍


ကြက်ဆူစေ့တွေကို အစားမှားပြီး အစာအဆိပ်သင့်တယ်ဆိုတဲ့အကြောင်းလေးရေးထားတာပါ။ မြန်မာပြည်က မိဘ ပြည်သူတွေအဓိက သိစေချင်တဲ့ရည်ရွယ်ချက်လေးနဲ့ မွန်းသက်ပန် ရေးထားတဲ့ post လေးကို ဒီနေရာလေးမှာ ဖတ်ကြည့်နိုင်ပါတယ် ခင်ဗျာ။

ဆက်ဖတ်ရန်...