Jul 27, 2007

မိုးပုံပြင် (၃)


နင်္လာနေ့ မနက်ကျောင်းတက်တိုင်း ကျောင်းမှာ ကျောင်းအုပ်ဆရာကြီးအပါအ၀င် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားအားလုံး စုပေါင်းပြီး နိုင်ငံတော်အလံကို အလေးပြု၊ နိုင်ငံတော်သီချင်း သီဆိုကြရပါတယ်။ ပြီးမှ ကျောင်းအုပ်ဆရာကြီးက ကျောင်း စည်းကမ်းတွေနဲ့ ပတ်သက်ပြီး သူပြောချင်တာတွေကို ပြောဆိုမှာကြား ဆုံးမလေ့ရှိပါတယ်။ အဲဒီနေ့က ကျွန်တော်ကျောင်းကိုနောက်ကျမှ သွားပါတယ်။ တွက်ထားတဲ့အတိုင်းပါပဲ။ အခန်းထဲမှာ တစ်ယောက်မှမရှိတော့ဘူး။ ကျွန်တော် ရင်ခုန်စွာနဲ့ ရွှေစင်ရဲ့ စာသင်ခုံအဖုံး လေးကိုဖွင့်လိုက်တယ်။

သူ့ရဲ့ အဖြူရောင် ကချင်လွယ်အိတ်လေးကို တွေ့လိုက်ရတယ်။ ကျွန်တော် ဘယ်လောက်တောင် ရင်တွေခုန် ပြီး အချိန်တွေကြာသွားလဲမသိဘူး။ ကျောင်းသားတွေပြန်လာတဲ့ အသံကိုကြားလိုက်ရတယ်။ ကျွန်တော် ခပ်မြန်မြန်ပဲ သူ့လွယ်အိတ် ထဲက စာအုပ်လေး တစ်အုပ်ကြားထဲကို ကျွန်တော်ညက ရေးလာတဲ့စာ ထည့်လိုက်တယ်။ လွယ်အိတ်ကို ပုံစံမပျက်ပြန်ထားပြီး နေရာမှာထိုင်ရုံပဲ ရှိသေးတယ်၊ သူငယ်ချင်းတွေအားလုံး အခန်းထဲကို ၀င်လာကြတယ်။ မျိုးဝင်းက ကျွန်တော့်ကို တွေ့တွေ့ချင်း မျက်စ ပစ်ပြတယ်။ အနေအထားဘယ်လိုလဲပေါ့။ ကျွန်တော် လက်မထောင်ပြလိုက်တယ်။ အိုကေပေါ့။ နောက်ပိုင်း အခြေအနေတွေကို မသိချင်သေးပါဘူး။ လောလောဆယ်တော့ ရင်ထဲမှာရှိတဲ့ ချစ်ခြင်းသံစဉ်လေးတွေကိုတော့ စာရွက်လေးတစ်ရွက် အရင်းပြူလို့ဖွင့် ထုတ်လိုက်မိပြီ။ ပထမ အင်္ဂလိပ်စာအချိန်က အေးအေးဆေးဆေးပါပဲ။ ဒုတိယ သင်္ချာအချိန်ကျတော့ သူ့လွယ်အိတ်ထဲက စာအုပ် တစ်အုပ် ထုတ်လိုက်တာတွေ့လိုက်ရတယ်။ စာမျက်နှာတွေကို လှန်နေတုန်း တစ်နေရာ အရောက်မှာ တန့်သွားတယ်။ ကျွန်တော့်ရဲ့ အချစ်သ၀ဏ်လွှာလေးလဲတွေ့ရော နောက်ကို တစ်ချက်လှည့်ကြည့်တယ်။ ကျွန်တော်လည်း ခပ်တည်တည်ပဲ သင်္ချာပုစ္ဆာတွေကို ငုံ့ကြည့်နေလိုက်တယ်။ ရုတ်တရက် သူ မတ်တပ်ထရပ်တယ်။ ပြီးတာနဲ့ ဆရာမဆီကိုလျှောက်သွားပါတော့တယ်။ ချက်ခြင်းပဲ ကျွန်တော် ခြေဖျားလက်ဖျားတွေ အေးဆက်သွားတယ်။ သူ ဆရာမကို သွားတိုင်ပြီထင်တယ်။ ရက်စက်လှချည်လား ရွှေစင်ရယ်။ အခုအချိန်မှတော့ ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘယ်အချိန် ဆရာမ ကျွန်တော့်နာမည်ကို လှမ်းခေါ်မလဲဆိုတာဘဲ စောင့်နေလိုက် တယ်။ သူပြန်လာပြီး ထိုင်ခုံမှာထိုင်တယ်။ ခဏကြာတော့ ဆရာမ က

"ပြီးခဲ့တဲ့ အပတ်က ဆရာမပေးလိုက်တဲ့ နံပါတ် ၂ ပုစ္ဆာကိုပြန်ကြည့်၊ ရွှေစင်လာပြောမှ သတိထားမိတယ်။ x မှာ နှစ်ထပ်ကိန်းမပါဘူး"

ဟာ၊ အဲဒီအချိန်မှဘဲ ကျွန်တော်သက်ပြင်း ချနိုင်တော့တယ်။ ကျွန်တော်ထင်တာက စာပေးလို့ဆရာမကို သွားတိုင်တယ်ထင်တာ ဘယ်ဟုတ်မလဲ သူက စာသွားမေးတာကိုး။ ကို့စာကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရွှေစင်ရယ်။ ကျွန်တော် ချစ်နေတာကို သူ့ကို အသိပေးပြီးတဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်စိတ်ထဲနည်းနည်း ပေါ့သွားတယ်။ စာသင်နေတဲ့အချိန်မှာ သူ့ကို ခိုးခိုး ကြည့်နေရင်းနဲ့ ငါ ချစ်တယ်ဆိုတာကို သူ သိနေပြီပဲ ဆိုတဲ့အတွေးကလေးက အရမ်းကြည်နူးဖို့ ကောင်းပါတယ်။ ချစ်တယ် ရွှေစင် ရယ်။ အရမ်းချစ်တယ်။

တစ်နေ့မှာတော့ သူ့ရဲ့ပတ်စပို့ ဓာတ်ပုံလေးတစ်ပုံ ကျွန်တော် ရခဲ့ပါတယ်။ သူက ကြည်ကြည်ဖြူဖြူ ပေးလို့တော့ မဟုတ်ပါဘူး။ အတန်းပိုင်ဆရာမက စာမေးပွဲဖြေခွင့် ဖောင်တွေယူလာပြီး သတ်မှတ်ထားတဲ့ ပတ်စပို့စ် ဓာတ်ပုံတွေ ပြည့်မပြည့် ကျွန်တော့်ကိုကူပြီး စစ်ခိုင်းပါတယ်။ အဲဒီလို စစ်နေရင်းနဲ့ သတ်မှတ်ထားတဲ့ ဓာတ်ပုံ ၃ ပုံနေရာမှာ သူက ၄ ပုံဖြစ်နေတယ်။ အလစ်မှာပဲ ဆရာမ မသိ အောင် ကျွန်တော် သူ့ဓာတ်ပုံလေးတစ်ပုံကို ယူထားလိုက်တယ်။ အရာရာ အားလုံးအတွက် ကံကြမ္မာနဲ့ရွှေစင်ကို ကျေးဇူးတင်ပါ တယ်။ အချိန်တွေတစ်ဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ ကျောင်းသူ၊ ကျောင်းသားတိုင်း ရင်ဆိုင်ရမယ့် စာမေးပွဲကြီးလည်း နီးနီး လာပါတယ်။ သူနဲ့ပတ်သက်ပြီးတော့လည်း ထိုထက်ပိုပြီး ဘာမှမကြိုးစားခဲ့ပါဘူး။ အဖေ၊ အမေနဲ့ ဒေါ်ကြီးတို့ဖြစ်စေချင်တဲ့ အတိုင်း ၁၀ တန်းစာမေးပွဲကြီးကို ကောင်းမွန်စွာနဲ့ ဖြေဆိုနိုင်အောင် ပွဲမ၀င်ခင် အပြင်မှာလေ့ကျင့်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကျွန်တော်ကြိုး စားပြီး ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအတွက် ရလာဒ်ကတော့ စာမေးပွဲဆိုတာကြီးနဲ့ တကယ်နဖူးတွေ့ ဒူးတွေ့ ကြုံဆုံလာတဲ့အချိန်မှာ ကြောက်ရွံ့ မှုမရှိဘဲ ရင်ဆိုင်ကျော်လွှားနိုင်ခဲ့တယ်။ နောက်ဆုံးဘာသာရပ်ဖြစ်တဲ့ လူမှုရေးဘာသာကို ဖြေဆိုပြီးတဲ့နေ့မှာဘဲ သူနဲ့ ကျွန်တော့်ကိုဆုံတွေ့ဖို့ အကြောင်းဖန်လာပါတယ်။ အတန်းပိုင်ဆရာမရဲ့ အစီအစဉ်အရ ကျွန်တော်တို့ တန်းခွဲမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ကြတယ်။ စာမေးပွဲဆိုတာကြီး ပြီးဆုံးသွားလို့ ပေါ့ပါးလန်းဆန်းသွားသလို သူနဲ့ခွဲရတော့မှာပါလားဆိုတဲ့ အသိက စိတ်ကို အနည်းငယ်မွန်းကျပ်သွားစေပါတယ်။ မင်းနဲ့ မတွေ့ရတဲ့နေ့တွေမှာ ကိုယ်ဘယ်လိုနေရမှာလဲ ရွှေစင်ရယ်။ ဓာတ်ပုံရိုက်ပြီးတော့ တစ်ယောက်ကို တစ်ယောက်နှုတ်ဆက်ကြရင်း ကျွန်တော်သူ့နောက်ကလိုက်ပြီး လမ်းလျှောက် လာခဲ့တယ်။ တိုက်ဆိုင်လိုက်တာများ ကျွန်တော့်စက်ဘီးဘေးနားမှာ သူ့စက်ဘီးလေးကို ယှဉ်ရပ်ထားတာ တွေ့လိုက်ရတယ်။ ခွဲခွာရ တော့မယ့် လူနှစ်ယောက်ကို အမှတ်တရ ဖြစ်စေဖို့ မြားနတ်မောင်က ဖန်တီးပေးလိုက်ပြီထင်တယ်။ ကျွန်တော် စက်ဘီးသော့ဖွင့်ရင်း စကားဆိုမိပါတယ်။

"ရွှေစင် အားလုံးဖြေနိုင်တယ် မဟုတ်လား"
"အင်း ဖြေနိုင်ပါတယ် နင် ရော "
"အင်း ငါလည်းဖြေနိုင်ပါတယ်"
"အချိန်ရရင် ငါနင့်ကို အအေးတိုက်ပါရစေ လိုက်သောက်မယ် မဟုတ်လား"

သူ နာရီကို တစ်ချက် ကြည့်ပြီး ခေါင်းလေးငြိမ့်ပြတယ်။ သူနဲ့ကျွန်တော် အအေးဆိုင်မှာ ထိုင်ဖြစ်ကြတယ်။ စတော်ဘယ်ရီ ဖျော်ရည် တွေမှာထားပြီး မိနစ်အတော်ကြာကြာ ဘာမှ မပြောပဲ ထိုင်နေမိတယ်။ မပြောဘဲသိ မကြည့်ဘဲမြင်တဲ့ မနောအသိများ သူ့မှာရှိနေရင် သိပ်ကောင်းမှာပဲဗျာ။ ဘာလို့လဲဆိုတော့ ကျွန်တော့် မျက်လုံးတွေကိုကြည့်ပြီး ခံစားချက်တွေ သိနိုင်အောင်လို့ပါ။ လှုပ်ရှားနေတဲ့ စိတ် တွေကို အတတ်နိုင်ဆုံး ထိန်းချူပ်၊ အေးစက်နေတဲ့ ဖျော်ရည်ခွက်လေးကို ကြည့်ပြီး ရင်ထဲက စကားတွေ ဖိတ်လျှံကျလာခဲ့ပါတယ်။

"ရွှေစင် ငါ အခုပြောတဲ့ စကားတွေကို သေချာနားထောင်ပေးပါ။ ချစ်တယ်ဆိုတဲ့ စကားကို ဘ၀ တစ်သက်တာလုံးအတွက် တစ်ယောက်တည်းကိုဘဲ ငါပြောချင်တယ်။ နင် ကို ငါ အရမ်းချစ်တယ် ရွှေစင်။ ငါ့ဘ၀မှာ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းကို နင့်ကို ပထမဦးဆုံးပြောဖြစ်တာပါ။ ငါက တောသားဆိုတော့ ချစ်တယ်ဆိုတဲ့ အကြောင်းကို ဖွဲ့နွဲ့ ပြီး ကဗျာဆန်ဆန် မပြောပြတတ်ဘူး။ ဒါပေမယ့် ငါ နင့်ဆီက အဖြေကိုတော့ အခုတို့ဖြေထားတဲ့ ၁၀ တန်းအောင်စရင်းထွက်တဲ့ နေ့ကျရင် သိချင်တယ်…ဟာ"

အရဲစွန့်ပြီး ရင်ထဲက စကားတွေလည်း ပြောပြီးရော သူ့မျက်နှာလေးကို မော့ကြည့်လိုက်တော့ တစ်ခြားမိန်းကလေးတွေလို ရှက်ပြီး ပါးအို့တွေ ဘာတွေ နီမနေဘူး။ ခေါင်းငုံ့မနေဘူး။ ကျွန်တော့်ကို ပြုံးပြီးကြည့်နေတယ်။ ခဏကြာတော့မှ စကားဆိုလာပါတယ်။

"နင် ပြောချင်တာ ပြောပြီးသွားပြီးလား။ အဲဒါဆို ငါပြန်တော့မယ်။ နင်က ရည်စားစကားကို အအေးတိုက်ပြီးမှ ပြောတာပေါ့ ဟုတ်လား"
"နင် ငါပြောတာတွေရော သေချာ ကြားရဲ့လား ရွှေစင်ရယ် …ငါ့ကို မနောက်ပါနဲ့"
"ငါ ဘယ်မှာ နောက်လို့လဲ၊ နင်ပြောတာတွေကို ငါ တစ်လုံးမကျန် ပြန်ပြောပြရမလား၊ ပြီးတော့ နင်ပဲပြောတယ်လေ အဖြေကို အောင်စရင်း ထွက်တဲ့နေ့မှာ လိုချင်တယ်ဆို၊ ငါကဘာဆက်ပြောရမှာလဲ။ နင်ပဲ ရည်စားစကားပြော နင်ပဲ အဖြေပေးရမယ့်ရက် သတ်မှတ်ပေးပြီးတော့၊ အေး နင့်ကို ငါ တစ်ခုတော့ ပြောလိုက်မယ်။ အောင်စရင်းထွက်တဲ့ နေ့ကျရင် ငါ နင့်ကို ပေးထားတဲ့ ထီးလေး ယူလာခဲ့ ဟုတ်ပြီနော်။ ကဲ ငါပြန်တော့မယ်။ ကျောင်းပိတ်ရက်တွေမှာ ကျန်းမာရေးကို ဂရုစိုက်"

ကျွန်တော့်ကို စကားတွေ အများကြီး ပြောပြီး သူမ ထထွက်သွားတယ်။ အဲဒီနေ့ကျရင် ကိုယ်ဝမ်းသာရမှာလား ရွှေစင်။ အဲဒီနောက် ပိုင်းမှာတော့ ကျွန်တော် ရွာကိုခဏပြန်တယ်။ အဖေတို့ကို လယ်တောတွေထဲမှာ ကူလုပ်ပေးရင်းနဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေ ကို ကုန်လွန်စေခဲ့ပါတယ်။ အလုပ်တွေလုပ်နေရင်းမှာ သူ့ကိုသတိရ လွမ်းဆွတ်မှုတွေဟာ မသိသာပေမယ့် အားလပ်ချိန် ညပိုင်း မှာတော့ ကြယ်ရောင်စုံတွေ လင်းလက်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ကြည့်ပြီး သူ့အကြောင်းတွေ တွေးတောနေမိတယ်။ သူရော အခုအချိန်မှာ ဘာတွေလုပ်နေမလဲ။ ကျွန်တော့်ကိုရော သတိရနေပါ့မလား။ လွမ်းတယ် ရွှေစင်ရယ်၊ အရမ်းသတိရတယ်။

နေ့လေးတစ်နေ့
ကျွန်တော့်အတွက်တော့ အမှတ်တရ နေ့လေးတစ်နေ့ပါပဲ။ ဇူလိုင်လ နောက်ဆုံးအပတ်ရဲ့ တနင်္ဂနွေနေ့။ ၁၀ တန်းအောင်စာရင်းတွေ ထွက်တယ်။ မနက်အစောကြီးကတည်းက ဒေါ်ကြီးနဲ့အမေတို့ထပြီး ဘုရားမှာ ဆွမ်းကပ်၊ သစ်သီးတွေကပ်ပြီး ဆုတွေတောင်းနေကြ တယ်။ ဒေါ်ကြီးနဲ့အမေကို နှုတ်ဆက်ပြီး ကျွန်တော် ထွက်လာခဲ့တယ်။ အောင်စာရင်းကို ကြည့်လိုက်တော့ ကျွန်တော်က ဂုဏ်ထူး ၂ခု၊ ရွှေစင်က ဂုဏ်ထူး ၃ ခု၊ မျိုးဝင်းနဲ့ မင်းလှိုင် ကတော့ရိုးရိုးပဲ အောင်တယ်။ လူအုပ်ကြီး ကြားထဲကနေ ကြည့်ပြီး ပြန်ထွက်လာ တော့ ကိုရွှေမိုးက ရွာပါလေရောဗျာ။ ရွှေစင်ပေးထားတဲ့ ထီးကလေးကိုဆောင်းပြီး မိုးရွာကြီးထဲမှာ လိုက်ရှာနေမိတယ်။ တွေ့ပါပြီ ဗျာ တွေ့ပါပြီ ကျွန်တော့်ရဲ့ နတ်သမီးလေး အောင်စာရင်းကြည့်ပြီး လူအုပ်ထဲကနေထွက်လာတယ်။ သူက ကျွန်တော့်ကိုလည်းမြင်ရော နေသူရိန် အဆောင်ကြီးရဲ့ အနောက်ဖက်ကို ထွက်သွားတယ်။ ကျွန်တော်သူ့ဆီကို လျှောက်သွားမိတယ်။ ခုန်နေတဲ့ရင်တွေဟာ မီးရထားကြီး ခုတ်မောင်းနေသလားပါပဲ။

"ရွှေစင် နေကောင်းတယ်နော်…ဒီနေ့ ဘာနေ့လဲဆိုတာ သိလား"
"အင်း သိတယ် … တနင်္ဂနွေနေ့လေ"
"အေးလေ အဲဒါ…ငါတောင်းထားတဲ့အဖြေ "
"သြော်….ဒါလား" နှုတ်ခမ်းလေးမှာ အပြုံးလေးတစ်ပွင့်ချွေလိုက်ပြီး .."ငါ ပေးပြီးသွားပြီလေ "
"ရွှေစင်ရယ်… ငါ့ကို ရင်တွေတုန်အောင် မလုပ်ပါနဲ့၊ ငါ့ကို ချစ်လား၊ မချစ်ဘူးလား ပြောပါဟာ"
"ငါ အဖြေ ပေးပြီးသွားပြီ နင် မသိဘူးလား"

ရုတ်တရက် ကျွန်တော် ကြောင်သွားတယ်။ သူက ဆက်ပြောတယ်။

"နင်ကလေ တောသားလို့ မပြောရဘူး …အရမ်း အ တာဘဲ။ ငါက မိန်းကလေးဟ၊ သိလား။ ဒီလောက် အ နေရင်ငါပြောပြမယ် နင့်ကိုပေးထားတဲ့ ထီးရဲ့အမိုးကို ကြည့်လိုက် "

ကျွန်တော်မိုးရွာထဲမှာ ခဏဖယ်ပြီး ထီးအမိုးကို ကြည့်လိုက်တယ်။ အမိုးပေါ်မှာ အင်္ဂလိပ်စာလုံး Mr ကိုတွေ့လိုက်ရတယ်။

"အေးလေ … အဲဒါ ဘာဖြစ်လဲ"
"ငါ့ထီးအမိုးကို ကြည့်လိုက်"
သူ့ရဲ့ထီးအမိုးကိုကြည့်လိုက်တော့ Mrs ဆိုတဲ့ စာလုံးလေးတွေ့လိုက်ရတယ်။ ကျွန်တော်ရုတ်တရက် ကြောင်သွားတယ်။ ချက်ခြင်းသဘောမပေါက်သေးဘူး။ ခဏကြာမှ ...

ဟာ…သိပြီ…သိပြီ နင်ဆိုလိုချင်တာက Mr & Mrs အဲဒါကိုဆိုလိုချင်တာ ဟုတ်တယ် မဟုတ်လား ရွှေစင် ဟုတ်တယ် မဟုတ်လား"
ကျွန်တော် မေးလိုက်တော့ သူ ခေါင်းလေးငြိမ့်ပြတယ်။
"အဲဒါဆို နင် ငါ့ကို ချစ်တယ်ပေါ့ ဟုတ်လား ရွှေစင် "
သူထပ်ပြီး ခေါင်းငြိမ့်ပြတယ်။ ကျွန်တော် ချက်ခြင်းပဲ ဆောင်းထားတဲ့ ထီးလေးကို ဖယ်ပြီး မိုးရွာကြီးထဲမှာ ခုန်ပေါက်နေမိတယ်။ ကျွန်တော်ပျော်နေတာလေးကို ကြည့်ပြီး Mrs ဆိုတဲ့ ထီးလေးဆောင်းထားပြီး သူ ရယ်နေခဲ့တယ်။ ကျွန်တော်က သူ့လက်ကလေးကို မ၀ံ့မရဲလေး ကိုင်လိုက်တော့ သူ စကားတစ်ခွန်းဆိုတယ်
"မိုးစက်ဝင်း ငါလည်း ဘ၀တစ်သက်တာလုံးမှာ ချစ်တယ်ဆိုတဲ့ စကားကို နင်တစ်ယောက်တည်းကိုပဲ ပြောခဲ့တာပါ။ တို့နှစ်ယောက် သစ္စာရှိကြေးနော်"
"ငါ ယုံပါတယ် ရွှေစင်ရယ် ယုံပါတယ်။ နင်ပြောသလို တို့နှစ်ယောက် သစ္စာရှိကြေးနော်"

မြားနတ်မောင်ရဲ့ မြားချက်ကြောင့် အဲဒီနေ့က မိုးရွာကြီးထဲမှာ Mr & Mrs ဆိုတဲ့ထီးလေးနှစ်လက်ကို ဆောင်းထားတဲ့ ကောင်လေး နဲ့ ကောင်မလေး နှစ်ယောက်ဟာ အတူလက်တွဲပြီး ချစ်သူတွေရဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်အောင် လျှောက်လှမ်းသွားကြမယ်လို့ မိုးမင်းကြီးကို သက်သေထားပြီး ဆန္ဒတွေပြုခဲ့ကြတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ဇူလိုင်လ (၂၅) ရက်နေ့ မိုးတွေရွာနေတဲ့နေ့ပေါ့…

အမြဲရွှင်လန်းချမ်းမြေ့ပါစေ
မိုးစက်
27 . 7 . 2007 ( PM 4:14)

ဆက်ဖတ်ရန်...

Jul 26, 2007

မိုးပုံပြင် (၂)


မိုးရေတွေ စိုပြီးပြန်လာတဲ့ ကျွန်တော့်ကို ဒေါ်လေးက ဆီးကြိုပြီးမေးပါတယ်။ ပထမဦးဆုံးနေ့မှာဘဲ ဒေါ်လေးကို စပြီးမုသားသုံးမိ တယ်။ ဆရာမ ကိုငှားလိုက်လို့ လို့ …



ကျွန်တော့်ဒေါ်ကြီးဆိုတာက အဖေ့ရဲ့ အစ်မပါ။ အရင်ကတော့ အထက်တန်းပြဆရာမ တစ်ဦး ပါ။ ဆရာမ ဒေါ်ခင်စန်းဝင်းဆိုရင် ကျောင်းသားဟောင်းတွေ တော်တော်များများ သိကြပါတယ်။ အခုတော့ ဆေးပင်စင်ယူလိုက်ပြီး အိမ်မှာပဲ တရားစာအုပ်လေးဖတ်၊ ပုတီးလေးစိတ်နဲ့ပေါ့။ သားသမီးလည်း မရှိတော့ တူ၊ တူမတွေဖြစ်တဲ့ ကျွန်တော်တို့တစ်တွေကို အရမ်းချစ်ပါတယ်။ ကျွန်တော် န၀မတန်းလည်း အောင်ရော ဒီနှစ် ၁၀တန်း ငါ့တူလေးကို တာဝန်ယူပြီးမြို့မှာ ကျောင်းထားပေးမယ်လို့ ခွင့်တောင်းတော့ သားသမီး မရှိတဲ့ဒေါ်ကြီးကို စာနာပြီး ခွင့်ပြုလိုက်ပါတယ်။ ကျောင်းတက်ပြန်တော့လည်း ကျွန်တော့်ကို သူများတွေ လို ကျူရှင်တွေ၊ ၀ိုင်းတွေ မတက်ရဘူး။ ဒီစာတွေလောက်တော့ ငါ ကိုယ်တိုင်သင်နိုင်တယ် ဆိုပြီး အိမ်မှာပဲ စာပြပေးပါတယ်။
ဒီနေ့လည်း ဒေါ်ကြီး ဘာတွေသင်လို့ သင်သွားမှန်း မသိပါဘူး။ ကျွန်တော့် အတွေးထဲမှာတော့ ညနေက သူ ကျွန်တော့်ဆီက ထီးလေးယူပြီး လှည့်ထွက်သွားတဲ့ မျက်နှာလေးရယ်၊ ကျေးဇူးပဲ ဆိုတဲ့စကားသံချိုချိုလေးတွေကိုပဲ မြင်ယောင်ကြားယောင်နေ မိတယ်။ သူ့နာမည် ဘယ်သူလဲ၊ ဘယ်အတန်းကလည်း ဆိုတာတွေကို အရမ်းသိချင်လာပါတယ်။ တကယ့်ကို စွဲထင်ကျန်ရစ်နေခဲ့တဲ့ အသံလေးနဲ့ မျက်နှာလေးပါပဲ။ အိပ်ရေးမပျက်ပေမယ့် အိပ်မက်ထဲမှာ အဲဒီအမည်မသိတဲ့ မချောလေးနဲ့ ဆုံတွေ့ရတာတော့ ရင်ခုန်စ ရာကောင်းလွန်းလှပါတယ်။ အိပ်မက်သည်စိတ်၏ ခြေရာတဲ့။ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ကျွန်တော့်စိတ်ထဲမှာ အဲဒီ ကောင်မလေးက အဲဒီလောက်နေရာယူသွားပြီးလားဆိုတာ ကိုယ်တိုင်တောင် မသိလိုက်တော့ပါဘူး။ ဒါပေမယ့် အဲဒီအိပ်မက်ကို ကျွန်တော်ကျေနပ်တယ်။ အချစ်ဆိုတာ ဒီလိုပဲ စတင်တတ်သလား အာဒမ်ရယ်။ ဖြေစမ်းပါဦး။
နောက်နေ့ ကျွန်တော် ကျောင်းကိုရောက်တော့ ကျောင်းတက်နေပြီ။ အခန်းထဲကို ၀င်ဖို့အတွက် ဆရာမကိုခွင့်တောင်းပြီး ကိုယ့်နေ ရာမှာထိုင်လိုက်တယ်။ ကျွန်တော်ရောက်တော့ ဆရာမက အတန်းတက်နာမည်တွေ စခေါ်နေပါပြီ။ ယောကျာ်းလေးတွေ နာမည်ခေါ် ပြီး မိန်းကလေးတွေနာမည်တွေ ခေါ်ပါတယ်။ ကျွန်တော်လည်း သင်ရမယ့်စာအုပ်ကိုထုတ်ဖို့အတွက် လွယ်အိတ်ကိုဖွင့်နေတဲ့အချိန်
"နန်းရွှေစင်ထွန်း"
"လာပါတယ်ဆရာမ "
အခိုက်အတန့်လေးမှ တကယ့်ကို အခိုက်အတန့်ခဏလေးပါပဲ။ အင်္ဂလိပ်စာအုပ်တွေကို လွယ်အိတ်ထဲကထုတ်ရင်း ရင်းနှီးနေတဲ့ အသံလေးရဲ့ ပိုင်ရှင်ကို ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့ သွေးလည်ပတ်မှုတွေ ခေတ္တခဏ ရပ်ဆိုင်းသွားခဲ့ရတာပေါ့။ ကြည့်စမ်းပါဦး။ ဘယ်လောက်များ ထူးဆန်းလှပလိုက်တဲ့ ကံကြမ္မာရဲ့ ကျီစယ်မှုပါလဲ။ လမ်းပေါ်မှာထွက်ရပ်ပြီး ကမ္ဘာကြီးက ဘယ်နေ ရာမှာလဲလို့ မေးနေတဲ့လူတစ်ယောက်လို ပါပဲ။ ကျွန်တော့် အိပ်မက်တွေအားလုံးကို စိုးမိုးထားခဲ့တဲ့ သူမ ဟာ ကျွန်တော့်ရှေ့က ထိုင်ခုံ မှာထိုင်တဲ့ အလှဧကရီလေးဖြစ်နေတာကိုး။ နာမည်လေးလည်းလှ၊ လူကလည်း ချစ်စရာကောင်းတဲ့ နန်းရွှေစင်ထွန်း ဆိုတဲ့ ကောင်မလေးရယ်။ ပြီးတာနဲ့ ဆရာမက ရင်ဘတ်တံဆိပ် မပါသူတွေကို မတ်တတ်ရပ်ခိုင်းပါတယ်။ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကို သ တိရမိပါတယ်။ ဟာ…သွားပြီ ချည်တံဆိပ် မကပ်ရသေးဘူး။ ကျွန်တော်လည်း ခပ်တည်တည်ပဲ။ အိတ်ကပ်ထဲက ချည်တံဆိပ်လေး ထုတ်ပြီး ရင်ဘတ်ပေါ် အသာလေး တင်ထားလိုက်တယ်။ ကျွန်တော့် အပြုအမူကို တွေ့သွားတဲ့ နန်းရွှေစင်ထွန်း ကမတ်တပ်ရပ်ပြီး
ဆရာမ သူတံဆိပ်ပါ မလာဘူး
ရုတ်တရက် ကျွန်တော်ကြောင်သွားတယ်။ ချက်ခြင်းပဲ ဆရာမ က တံဆိပ်မပါပဲနဲ့ ဘာလို့ မတ်တပ်မရပ်တာလဲ … ကျွန်တော်လက် ကလေးပိုက်ပြီး ဆရာမရှေ့ကို သွားရပ်မိတယ်။ နောက်နေ့အပ်ချည်နဲ့သေချာချုပ်ပြီး တပ်လာခဲ့ကြားလားဆိုပြီး လက်ထဲကကြိမ်လုံးနဲ့ ကျွန်တော့်ခေါင်းကို တစ်ချက်ခေါက်ပြီး ပြန်ထိုင်ခိုင်းတယ်။ ကျွန်တော်ဆရာမ ရှေ့ကပြန်လာပြီး သူ့ကို ကြည့်လိုက်တော့ ခေါင်းလေးငုံ့ ပြီး ရယ်နေတဲ့ သူ့မျက်နှာလေးကို တွေ့လိုက်ရတယ်။ အရမ်းလှတယ် သူရယ်။ နေ့လည်ထမင်းစားဆင်းတော့ ထမင်းဗူးလေးယူပြီး လက်ဘက်ရည်ဆိုင်ကို သွားမလို့ လုပ်တုန်း သူက နောက်ကိုလှည့်ပြီး ကျွန်တော့်ကိုပြောတယ်။
" မိုးစက်ဝင်း၊ မနေ့က နင့်ထီးကို ငါ ကျူရှင်မှာ မေ့ကျန်ခဲ့တယ်။ အားနာလိုက်တာဟာ။ အဲဒါနောက်နေ့မှ ငါ ပြန်ဝယ်ပေးမယ်နော် ရတယ် မဟုတ်လား"
"ရပါတယ် ပျောက်သွားရင်လည်း ၀ယ်ပေးမနေပါနဲ့တော့၊ အမှတ်တရပေါ့ဟာ၊ ကိစ္စမရှိပါဘူး "
"ဘယ်ဟုတ်မလဲ ငါပြန်ဝယ်ပေးပါ့မယ်"
ကျွန်တော် ဘာမှပြန်မပြောဘဲ ထမင်းဘူးလေးကိုင်ပြီး အခန်းထဲက ထွက်လာခဲ့တယ်။ တန်ဘိုးက ဘယ်လောက်မှ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်နဲ့သူ့ အကြားမှာ အမှတ်တရလေး တစ်ခုဖြစ်သွားတာပေါ့။ နောက်ရက်တွေ နောက်ရက်တွေတိုင်း ကျွန်တော့်မှာ အလုပ်တစ်ခုပိုလာတယ်။ ဘာလဲဆိုတော့ သူ့မျက်နှာလေးကို ဘေးတိုက်အနေအထားနဲ့ စာသင်နေတဲ့ အချိန်မှာ ခိုး ခိုးကြည့်ရလို့ ပေါ့။ အဲဒီလိုလေး သူ့မျက်နှာလေးကို ခိုးကြည့်နေတဲ့ အချိန်မှာ ကျွန်တော်ရင်တွေခုန်တယ်။ စိတ်တွေ ကြည်နူးမိတယ်။ အမှတ်တမဲ့ သူ နောက်ကို လှည့်ကြည့်နေတဲ့ အချိန်တွေ နဲ့ တိုက်ဆိုင်လို့ အကြည့်ခြင်းဆုံသွားခဲ့ရင် ကျွန်တော်ပိုပြီး ရင်တွေခုန်ခဲ့ရတယ်။ သူ့ကို စပြီး စိတ်ဝင်စားမိတဲ့ အချိန်ကစလို့ တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တွေ၊ ရင်ခုန်မှုတွေ အားလုံး ကျွန်တော့်မှာ ဖြစ်တည်ခဲ့တယ်။ တစ်ရက်ပြီးတစ်ရက် အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ သူ့အနားမှာ နေရတဲ့ကျောင်းချိန်ကာလလေးကို ကျွန်တော်မက်မောလာ တယ်။ ဒေါ်ကြီး စာသင်ပြီးလို့ အခန်းထဲမှာ တစ်ယောက်တည်း စာကြည့်နေတဲ့အချိန်တွေမှာ ခဏ ခဏ သူ့အကြောင်းတွေက အတွေးတွေထဲ ၀င် ၀င်လာတယ်။ ဘယ်လောက်ထိ သူက စိုးမိုးထားသလဲဆိုရင် ကဗျာဆိုတာဘာလဲ၊ ကာရံလိုက်အောင်ဘယ်လို ရေးဖွဲ့ ရလဲဆိုတာ မသိခဲ့တဲ့ ကျွန်တော်ဟာ သူ နဲ့ ပတ်သက်တဲ့ ခံစားချက်တွေကိုတော့ ကဗျာလိုလို၊ စာလိုလို ချရေးတတ်နေပြီ။ အဲဒီ ဖြစ်တည်မှုတွေကိုသာ အချစ်လို့ ခေါင်းစဉ်တပ်မယ်ဆိုရင် သူ့ကို ကျွန်တော် ချစ်တယ်လို့ ၀န်ခံရတော့မှာဘဲ။
တစ်ရက် ထမင်းစားဆင်းလို့ ထုံးစံအတိုင်း မျိုးဝင်း၊ မင်းလှိုင်တို့နဲ့အတူ လက်ဘက်ရည်ဆိုင်မှာ ထမင်းစားနေတုန်း ကျွန်တော့်ရင်ထဲ မှာရှိတဲ့ ခံစားချက်တွေအားလုံးကို အိတ်သွန်ဖာမှောက် သူငယ်ချင်းတွေကို ပြောပြမိတယ်။ တစ်ယောက်တည်း စိတ်ထဲမှာ ခံစားနေ တာထက်စာရင် ရင်ဖွင့်ပြောပြလိုက်ရရင် ပေါ့သွားမှာပါဆိုတဲ့ ရည်ရွယ်ချက်လည်း ပါ ပါတယ်။ မျိုးဝင်းက စကားတစ်လုံးမှ မဆိုပဲ လက်ညှိုးညွှန်ပြနေလို့ လိုက်ကြည့်မိပါတယ်။
"ဟေ့ကောင် မင်းက ဘာလဲကွ။ ငါကဘာကို ကြည့်ရမှာလဲ"
"ဟိုမှာလေ ရွှေစင် တည်ခိုးခန်း ဆိုတာကိုတွေ့လား"
" အေးတွေ့သားပဲ၊ အဲဒါဘာဖြစ်လဲ"
"ဟာ …မင်းကလဲ ဘာဖြစ်ရမှာလဲကွ၊ အဲဒါ ရွှေစင်တို့တည်းခိုးခန်းလေကွာ။ ရွှေစင့် မိဘတွေပိုင်တယ်"
"ဟာ ဟုတ်ရဲ့လားကွာ" ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံချမ်းသာတဲ့ ကျောင်းသူတွေလို ကြွားဝါ ခြင်း၊ တန်ဖိုးကြီးအလှပြင် ပစ္စည်းတွေကိုသုံးပြီး အဆမတန် ပြင်ဆင်လွန်းခြင်းမရှိ။ အမြဲတမ်း ကြည့်လိုက်တိုင်း သနပ်ခါးလေးနဲ့ ရိုးရိုး ယဉ်ယဉ် ပုံစံလေးနဲ့ပဲ မြင်နေရလို့ပါ။ မင်းလှိုင်ကတော့ မှတ်ချက်ချပြီး ဆက်ပြောပါတယ်။
"ငါ ထင်တော့ ထင်သားပဲ။ အတန်းထဲမှာ မင်း ရွှေစင် ကို ခိုးခိုးကြည့်နေတာကို ငါရိပ်မိတယ်။ ဘာဖြစ်လဲကွာ ယောက်ျားလေးက မိန်းကလေးကို ချစ်တာပဲ အဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုပြောချင်တာက ရွှေစင်က အိနြေ္ဒကြီးတယ်ကွ။ သူများတွေလို စကားလိုက်ပြောတာတို့ ဘာတို့ လုပ်ရင်တော့ သူမင်းကို အထင်သေးသွားလိမ့်မယ်။
"ဟာကွာ၊ အဲဒီလိုလဲ ငါ မလုပ်ရဲပါဘူး"
" ဒါပေမယ့် မင်း ချစ်နေတယ် ဆိုတာတော့ သူသိအောင် တစ်နည်းနည်းနဲ့ ပြဖို့ အရေးကြီးတယ်ကွ"
"ငါ ပါးစပ်ကနေတော့ ဖွင့်မပြောချင်သေးဘူးကွာ။ ပြောလည်းမပြောရဲဘူး။ အခုချိန်မှာ ပြောလည်း သူ စိတ်ဝင်စားမှာ မဟုတ်ဘူးကွ"
" အေး အဲဒါတော့ ဟုတ်တယ်၊ မင်းစိတ်အေးအေး ထားပါကွာ အချိန်တွေ အများကြီး ရှိပါသေးတယ်"
" ငါ့ ခံစားချက်တွေကို နားလည်ပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးအများကြီး တင်ပါတယ်ကွာ"
ဆရာ၊ ဆရာမတွေနဲ့ အတူ ဒေါ်ကြီးရဲ့ သင်ကြားပြသမှု ကောင်းတာတွေကြောင့် အတန်းထဲက စာတော်တဲ့သူတွေထဲမှာ ကျွန်တော် ပါလာတယ်။ မန္တလေးမြို့ရဲ့ အခြေခံပညာအထက်တန်းကျောင်းတစ်ခုမှာ စာတွေလေ့လာ သင်ယူရင်း တဖြည်းဖြည်းနဲ့ ဒီဇင်ဘာ ကျောင်းပိတ်ရက်တွေ ရောက်လာတယ်။ ကျောင်းပိတ်ရက်တွေ ရောက်လာတော့ ဒေါ်ကြီး နဲ့ ဦးကြီးက ကျွန်တော့်ကို မန္တလေးမြို့ရဲ့ အထင်ကရ နေရာတွေလိုက်ပို့ပေးတယ်။ သူ့ကို သတိရမှုတွေဟာ နေ့ခင်းဘက်တွေမှာ သွားလာလည်ပတ်ရင်း မသိသာပေမယ့် ညပိုင်းအခန်းထဲမှာ တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေမှာ ပိုပြီး သိသာလာတယ်။ အခန်းထဲက ပြတင်းပေါက်ဘောင်လေးမှာ ထိုင် ကောင်းကင်ကြီးကို မော့ကြည့်ပြီး တစ်ယောက်တည်း ချစ်သူကို သတိရနေမိတယ်။ လွမ်းတယ် ရွှေစင်ရယ်။ ဖတ်ဖူးတဲ့ ကဗျာ တစ်ပုဒ်ကို ဖွဖွပြန်ရွတ်နေမိတယ်။ ကိုဥာဏ် (ပန်းလောင်မြေ) ရဲ့ကဗျာတစ်ပုဒ်ပါ။ လက်တွေ့ ကျွန်တော်ခံစားနေရတဲ့ ဝေဒနာလေး တွေနဲ့လည်း ထပ်တူကျနေလို့ပါ။ ရွတ်နေရင်းလည်း စာဆိုရှင်လည်း ငါ့လိုခံစားချက်တွေရှိခဲ့လို့နဲ့ တူပါရဲ့ဆိုပြီး စာနာမိပြန်ပါတယ်။ ကဗျာနာမည်က "ပြည့်စုံတဲ့ဘ၀" တဲ့ …

ဘ၀ရဲ့ ပြည့် စုံခြင်းဆိုတာ
ငွေတွေ …
ဂုဏ်တွေ …
ကားတွေ …
အပေါ်ယံပကာသနတွေတဲ့လား။

ငါ့အတွက်ပြည့်စုံခြင်းကတော့ …
ညအခါ လသာသာမှာ …
ချစ်သူကိုထွေး
ပါးကိုမွှေးပြီး
ကြယ်လေးတွေအကြောင်း ပြောပြနေရခြင်းပါ…။

ဟုတ်တယ် ရွှေစင်ရယ်။ ဂုဏ်တွေ၊ ငွေတွေကို ကိုယ်မမက်မောပါဘူးကွယ်။ ရွှေစင်နဲ့အတူ ကြယ်လေးတွေကို အတူရေကြည့်ချင် တယ်။ ချစ်နေရသူအကြောင်း တွေးနေရင်း ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချမိတယ်။ ဘာလဲဆိုတော့ ဒီတစ်ခေါက် ကျောင်းတွေ ပြန်ဖွင့်ရင် ကျွန်တော် ချစ်နေတာကို သူသိအောင် တစ်နည်းနည်းနဲ့ ဖော်ပြမယ်ဆိုတာပေါ့။ ကြယ်ရောင်စုံတွေနဲ့ လင်းလက်တောက် ပနေတဲ့ ကောင်းကင်ပြင်ကြီးကိုကြည့်ပြီး တစ်ယောက်တည်း စိတ်ကူးရေယာဉ်ကြောထဲမှာ မျောနေရင်းနဲ့ ရင်ထဲမှာ ကြည်နူးလာမိပါ တယ်။ ရှိတဲ့ ခံစားချက်လေးတွေကို ကျွန်တော်တတ်သလို ကဗျာလေး တစ်ပုဒ်အဖြစ် ချရေးမိတယ်။

အဆင့်ခြင်းရယ် မတူ
အမြင့်လူကိုမှ
ကြင်နာခဲ့ရ
ကို့ဘ၀ ရင်မောရရပါလား …

ချစ်နေတာကို မဖွင့်ဟ
ခံစားချက်ကို မဖော်ပြရဲ
သူငယ်ချင်းဆိုတဲ့
အဖြူရောင်စည်းနားမှာ
ရပ်နေမိတာ ကြာပါပြီ …

အခုတော့ …
နှလုံးသားရဲ့ စေခိုင်းမှု
ရင်ခုန်သံတွေရဲ့
တောင်းဆိုမှုအရ
ကမ္ဘာကြီးကို သက်သေထားပြီး
ချစ်တယ်လို့ပြောပါရစေ …

ကျောင်းပြန်ဖွင့်တဲ့ ပထမဆုံးနေ့မှာပဲ ကျွန်တော် ကျောင်းကို အစောကြီး ရောက်နေခဲ့တယ်။ သူ့ကို တွေ့ချင်တဲ့ စိတ်ကဘယ်လောက် တောင်စိုးမိုးနေသလဲ မသိပါဘူး။ အခန်းထဲရောက်တော့ ဘယ်သူမှ မတွေ့ရဘူး။ ကျွန်တော် ထိုင်ခုံနားမှာ ထိုင်ပြီး နာရီ လက်တံတွေ ကိုပဲ ငေးကြည့်နေမိတယ်။ တိုက်ဆိုင်လိုက်တာဗျာ … အဲဒီအချိန်မှာဘဲ ရွှေစင် ဘုရားပန်းအိုးလေးကိုင်ပြီး အခန်းထဲကိုဝင်လာတယ်။ ကျွန်တော်ထင်တာက အခန်းထဲကို ပထမဦးဆုံးရောက်တဲ့သူက ကျွန်တော်ဘဲလို့ ထင်ထားခဲ့တာ။ အခုတော့ သူက ကျွန်တော့်ထက် အရင်ဆုံးရောက်နှင့်နေတာပေါ့။ လွယ်အိတ်ကို စာသင်ခုံထဲ ထည့်ထားတော့ ကျွန်တော် သတိမထားမိခဲ့တာပါ။
"မိုးစက်ဝင်း အစောကြီး ရောက်နေပါလား"
"ဟုတ်တယ်ဟာ ဒီနေ့ဘယ်လိုဖြစ်နေမှန်း မသိဘူး ကျောင်းကို အစောကြီး လာချင်နေတာနဲ့ တစ်ယောက်တည်း ထွက်လာခဲ့တာဘဲ"
"ငါ နင့်ကို ပေးစရာ ရှိတယ်ဟ"
ပြောပြောဆိုဆိုနဲဘဲ့  စာသင်ခုံကို ဖွင့်လွယ်အိတ်ထဲကနေပြီး ပစ္စည်းလေးတစ်ခုထုတ်ပေးတယ်။ ဘာပစ္စည်းလည်းဆိုတာ ခင်ဗျားတို့ သိနေမှာပါ ။ ဟုတ်ပါတယ်။ သိပ်လှပတဲ့ ထီးလေးတစ်ချောင်းပါ။
"နင့်ကို ပေးမယ် ပေးမယ် နဲ့ ပြန်မပေးဖြစ်ဘူး ဘာလို့လဲဆိုတော့ ငါ့မုန့်ဖိုးထဲကနေ စုပြီး ပြန်ဝယ်ပေးချင်တာနဲ့ နည်းနည်း အချိန်ကြာ သွားတာပါ"
"ရပါတယ်ဟာ ငါက မေ့တောင် မေ့နေပြီ"
သူ ကျွန်တော့်ကို အလှပဆုံး ပြုံးပြပြီး စကားတစ်ခွန်းဆိုတယ်
"နင်နဲ့ငါ အတွက် အမှတ်တရ ပေါ့တဲ့။ တကယ်လည်း အမှတ်တရပါပဲ ရွှေစင်ရယ်"

တစ်ယောက်အကြောင်း တစ်ယောက်ပြောကြရင်း သူရဲ့လှပတဲ့ အပြုံးတွေ၊ ချိုလွင်တဲ့ စကားသံတွေထဲမှာ နစ်မျောရင်းတိုတောင်းတဲ့ အချိန်ကာလလေးကို ရင်ခုန်လှုပ်ရှားစွာ ပျော်ဝင်နေမိခဲ့တယ်။ ဒီဇင်ဘာလရဲ့အေးချမ်းတဲ့ ဒဏ်ကိုခံနိုင်ဖို့ အဖြူရောင်ဆွယ်တာလေး ၀တ်ဆင်ထားတဲ့သူမ ဟာ ကျွန်တော့်မျက်ဝန်းထဲမှာတော့ တကယ့်နတ်သမီးလေး တစ်ပါးပါပဲ။ သြော်…ပြောဖို့တစ်ခုမေ့ကျန်ခဲ့တယ်။
ဘာလဲဆိုတော့ အဖြူရောင်ဆွယ်တာလေးရဲ့ ဘယ်ဘက်မှာ အနီရောင်ချည်စလေးတွေနဲ့ ရေးထားတဲ့ စာတန်းလေး တစ်ခုရှိတယ်။ Sweet Heart တဲ့။

နေ့လည် ထမင်းစားဆင်းတော့ မနက်က သူနဲ့ကျွန်တော် အကြောင်းကို မျိုးဝင်းနဲ့ မင်းလှိုင်ကို ပြောပြဖြစ်တယ်။ မျိုးဝင်းက ဘာပြော လဲဆိုတော့ မင်းချစ်နေတယ်ဆိုတာကို သူသိအောင်လုပ်တော့တဲ့ …
"အေး ငါလဲ အဲဒါကို စဉ်းစားနေတာကွ ပါးစပ်နဲ့တော့ ဖွင့်မပြောရဲဘူးကွာ။ စာလဲ လိုက်မပေးရဲဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး"
"အေး အဲဒါဆို ငါပြောပြမယ် မင်း သေချာနားထောင်"
မျိုးဝင်း က ကျွန်တော့်ကို အကြံဥာဏ်တစ်ခုပေးတယ်။ အဲဒီအတိုင်းစွန့်စားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ သတ်မှတ်ရက်က တနင်္လာနေ့။

ဆက်ရန် ...

မိုးစက်
26.7.2007 (AM 10:28)


ဆက်ဖတ်ရန်...

Jul 24, 2007

မိုးပုံပြင် (၁)


မိုးတွေရွာနေတဲ့ ဇွန်လတစ်လရဲ့ နေ့တစ်နေ့မှာ မွေးဖွားခဲ့လို့ အဖေနဲ့အမေက ကျွန်တော့်ကို မိုးစက်ဝင်း လို့ပေးခဲ့တာတဲ့။ အဲဒါကြောင့် မို့လား မသိပါဘူး။ မိုးနဲ့ ပတ်သက်ရင် ကျွန်တော့်ဘ၀မှာ အမှတ်တရတွေချည်းပါပဲ။ ဘ၀တစ်သက်တာလုံးအတွက် ရင်ထဲမှာ အမှတ် တရတွေချည်း ကျန်ခဲ့တဲ့ နေ့လေးတစ်နေ့ရှိပါတယ်။ အဲဒါကတော့ သူမကို စတင်တွေ့ရှိခဲ့တဲ့ နေ့လေးတစ်နေ့ပါ။ မှတ်မှတ်ရရ အဲဒီနေ့ လေးမှာလည်း မိုးတွေရွာနေတာပါပဲ။


ဇွန်လ တစ်ရက်နေ့ ၊
ဒီနေ့ ကျွန်တော် ကျောင်းစတက်ရတယ်။ ကျောင်းသားသစ် ကျွန်တော့် အတွက် အရာအားလုံးဟာ အသစ်အ ဆန်းတွေချည်းပါပဲ။ ကျောင်းလာအပ်ကတည်းက ဒေါ်ကြီးပြထားတဲ့ လမ်းအတိုင်း စက်ဘီးကလေး နင်းလာမိတယ်။ ကျောင်းဝင်းထဲ ကိုရောက်ရောက်ခြင်း ပတ်ဝန်းကျင် အသစ်ထဲကို ကျွန်တော် ရောက်ရှိသလို ခံစားရတယ်။ သူငယ်ချင်းမရှိ၊ အသိမိတ် ဆွေမရှိ။ နေသူရိန် ကျောင်းဆောင်ကြီးလို့ အများက သတ်မှတ်ကျတဲ့ ကျောင်းဆောင်ကြီးပေါ် ကျွန်တော်တက်လာမိတယ်။ ကျွန်တော်တက်ရမယ့်အခန်းက ဒသမတန်း(ခ)။ ဆရာမ ချပေးတဲ့နေရာလေးမှာ ၀င်ထိုင်ရင်း ကျွန်တော့်ဘေးနားက သူငယ်ချင်းတွေ နှစ်ယောက်ကိုကြည့်မိတယ်။ သူတို့တွေက ဒီကျောင်းရဲ့ ကျောင်းသားဟောင်းတွေပါ။ မျိုးဝင်း နဲ့ မင်းလှိုင်တဲ့။ ပထမဦးဆုံးနေ့မို့ထင်ပါ တယ်။ ဆရာမက အတန်းတက် နာမည်တွေကခေါ်ပြီး ကျောင်းသား၊ ကျောင်းသူတွေနဲ့ ရင်နှီးမှု ရယူပါတယ်။ ပြီးတာနဲ့ ဆရာမက ကျောင်းစည်းကမ်းတွေ၊ အခန်းတွင်းစည်းကမ်းတွေကို ပြောပြပါတယ်။ အဓိကကတော့ ကျောင်းဝတ်စုံတွေမှာ ကျောင်းအမှတ် ရင်ကပ်တံဆိပ်ကို မနက်ဖြန်မှာစပြီး တပ်ဆင်လာဖို့ ပြောပါတယ်။ ပြီးတာနဲ့ စာဆက်သင်တယ်။ သင်တဲ့ဘာသာရပ်က အင်္ဂလိပ်စာ ဘာသာရပ်။ ဆရာမရဲ့ အသင်အပြ ကောင်းမှုကြောင့်ထင်ပါရဲ့ ကျွန်တော်တို့တစ်တွေ စာသင်တဲ့ဆီမှာ စိတ်ဝင်စားနေလိုက်တာ ထမင်းစားခေါင်းလောင်းထိုးမှ စောစောက ငြိမ်သက်နေတဲ့ အခန်းဟာပြန်ပြီး ဆူညံအသက်ဝင်လာပါတယ်။ ကျွန်တော်က ပါလာတဲ့ ထမင်းချိုင့်လေးကို ကိုင်ပြီး အတန်းထဲမှာပဲ စားမလို့လုပ်နေတုန်း မျိုးဝင်းက သူတို့နဲ့အတူလိုက်စားဖို့ခေါ်တာနဲ့ ကျောင်းနားက လက်ဖက်ရည်ဆိုင်မှာ စားဖြစ်တယ်။ မျိုးဝင်း၊ မင်းလှိုင် နဲ့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက် ဖြစ်တယ်။ နယ်က လာတဲ့ ကျွန်တော့်လို ကျောင်းသားသစ် တစ်ယောက်အတွက် မျိုးဝင်းနဲ့ မင်းလှိုင် ဟာ ပထမဦးဆုံး အခင်ဆုံးသူငယ်ချင်းတွေပါပဲ။ ထမင်းစားပြီးတော့ ကျွန်တော်တို့ ၃ယောက် ကျောင်းခန်းထဲကို ပြန်ဝင်လာတယ်။ ညနေကျောင်းဆင်းချိန်မှာ သူငယ်ချင်းတွေနဲ့ နှုတ်ဆက်ပြီး စက်ဘီးထားရာကို လာခဲ့ပါတယ်။
အဲဒီမှာတင် ပြသနာတက်တော့တာပဲ။ မနက်က ကျွန်တော်ထားခဲ့တဲ့နေရာမှာ စက်ဘီးမရှိတော့ဘူး။ ကျောင်းသား တစ်ယောက်ကို မေးကြည့်တော့ အစ်ကိုကြီးစက်ဘီးကို သော့ခတ်ထားခဲ့လားတဲ့။ အဲဒီအချိန်ကျမှဘဲ စက်ဘီင်္းသော့ကို ရှာမိတယ်။ မတွေ့ဘူး။ မနက်က အတွေးတွေလွန်ပြီး သော့ခတ်ဖို့မေ့နေပြီ။ ညီလေးက ဆက်ပြောတယ်။ သော့ခတ်ဖို့ မေ့နေပြီဆိုရင်တော့ ဆရာဥာဏ်ကြီး နဲ့တွေ့ပြီတဲ့။ ပြောပြောဆိုဆိုနဲ့ထွက်သွားတယ်။ ကျွန်တော် ဟိုကြည့် ဒီကြည့်နဲ့ ဆရာဥာဏ်ကြီး ဆိုတာ ဘယ်သူလဲ၊ ဘယ်လိုပုံစံလဲ ပေါ့။ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ကျောင်းဆင်ဝင်အောက်နဲ့ မနီးမဝေးမှာ စက်ဘီး ၂ စီး ရပ်ထားတာတွေ့တယ်။ စက်ဘီးတွေ ဘေးနားမှာ တိုက်ပုံဝတ်ထားတဲ့ ဆရာတစ်ယောက်ကိုပါ တွေ့လိုက်ရတော့ ခုနက ညီလေး ပြောတဲ့ ဆရာဥာဏ်ကြီး ဆိုတာဖြစ်မှာပေါ့ဆိုတဲ့ အတွေးနဲ့ လျှောက်သွားမိတယ်။ သူ့ရှေ့ မှာလည်း ကောင်မလေးတစ်ယောက်ရပ်လို့။ လျှောက်သွားနေတုန်း သိပ် မကြာပါဘူး ဇွန်လရဲ့ ပထမရက်ပဲရှိသေးတယ်။ ကိုရွှေမိုးက ရွာပါလေရော။ ဆရာကြီးက ကျောင်းစည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌကြီးတဲ့။ ဒီကျောင်းရှေ့ ကော်ရစ်တာမှာထားတဲ့ စက်ဘီးတွေထဲမှာ မင်းတို့နှစ်စီးပဲ သော့မခတ်တာ။ ကျောင်းဖွင့်တာ ပထမဦးဆုံးနေ့မို့လို့ မင်းတို့ကိုခွင့်လွှတ်လိုက်မယ်။ နောက်တစ်ခါ သော့မခတ်တဲ့ ဘီးတွေထဲမှာ မင်းတို့နှစ်ယောက်ရဲ့ စက်ဘီးတွေ ထပ်ပါလာရင်တော့ ဒါနဲ့တွေ့မယ် ဆိုပြီး လက်ထဲကကြိမ်လုံးကြီးကို ပြတယ်။ ပြီတော့ ချိန်းသော့ကြီးနဲ့ တွဲခတ်ထားတဲ့ ကျွန်တော့်တို့ စက်ဘီး ၂ စီးကိုဖွင့်ပေးလိုက်ပြီး ထွက်သွားပါတော့တယ်။ ကျွန်တော်က စက်ဘီးရရချင်းထွက်သွားမလို့ လွယ်အိတ်ထဲက ဒေါ်လေး ထည့် ပေးလိုက်တဲ့ ထီးကို ထုတ်လိုက်တယ်။ အဲဒီကျမှ ကျွန်တော့်ဘေးနာမှာ ရှိတဲ့ သူမကို ကြည့်လိုက်မိတယ်။ သူ့ကြည့်ရတာ မိုး ဒဏ်ကို ကာကွယ်ဖို့ ဘာမှမပါဘူးထင်တယ်။ ချက်ခြင်းပဲ သူ့ကို ကျွန်တော့်ထီးလေးကို ပေးမိတယ်။ ဒီမှာ ထီးမပါဘူးဆိုလည်း ငါ့ထီး ကို ယူသွားပါလား။ ငါက ဘယ်မှသွားစရာမရှိဘူး။ အိမ်တန်းပြန်မှာ။ တော်ကြာ နင် ကျူရှင်တွေ ဘာတွေ သွားစရာရှိရင် နောက်ကျ နေမယ်။ မိုးကလည်း တော်တော်နဲ့ တိတ်သေးမှာ မဟုတ်ဘူး။ အားမနာပါနဲ့ ဟာ ယူသွားပါ။ ငါက မိုးတိတ်အောင် စောင့်ပြီးမှ ပြန် လိုက်မယ်။ သူ ကျွန်တော့်ကို စကားတစ်ခွန်းပဲ ပြန်ပြောတယ်။ ကျေးဇူးဘဲ တဲ့။ သူ စက်ဘီးလေးနင်းပြီး ထွက်သွားတာကို ကြည့်ရင်း ကျွန်တော် စိတ်ထဲမှာ တစ်မျိုးလေး ခံစားရတယ်။ တစ်ခုခုတော့ တစ်ခုခုပဲဗျာ။ ကျွန်တော် မပြောတတ်ဘူး။ မိုးရွာကြီးထဲမှာ စက်ဘီး နင်းပြီး အိမ်ကို ပြန်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး သူ့ကို ကျွန်တော့် သတိထားမိခဲ့သလို၊ စိတ်ထဲမှာလဲ မှတ်မှတ်ရရ ရှိခဲ့ပါတယ်။
ဆက်ရန်.... မကြာမီ.....လာမည် ..... မျှော် ...
မိုးစက်
24 . 7 . 2007 ( AM 1:46 )

ဆက်ဖတ်ရန်...

Jul 21, 2007

ဖွင့်ဟ ၀န်ခံခြင်း (၁)

ဘလောဒ့်ရေးတာ အထီးကျန်မှုတွေကိုပြေပျောက်စေတယ်တဲ့။ အထီးကျန်သူတွေအတွက် ဘလောဒ့် က အကောင်းဆုံးထွက်ပေါ်က်တစ်ခုပဲလို့ ဘယ်ဘလောဒ့်မှာလည်း မမှတ်မိတော့ဘူး ကျွန်တော်ဖတ်လိုက် ရတယ်။ အထီးကျန်မှုတွေကို ၀ါသနာအပေါ်အရင်းတည်ပြီး ဘလောဒ့်ရေးခြင်းနဲ့ ထွက်ပေါက်ပေးလိုက်တယ်လို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုတော့ ငါစာတွေတော်တော်ရေးနေမိပြီပဲလို့ထင်နေမိတာ။ ကျွန်တော့်ဘလောဒ့် စ ရေးတော့ အစ်ကိုတစ်ယောက်က သူလည်းအားပေးမယ် ဘလောဒ့်နာမည်ကိုပြော၊ ဘာတွေရေးတာလဲ၊ ရသလား၊ သုတလားတဲ့။ ကျွန်တော်ဘာဖြေလို့ ဖြေရမှန်းမသိဘူး ဖြစ်သွားတယ်။ ကိုယ့်ကိုယ်ကိုတော့ စာတွေ ရေးနေတာ ပဲ။ ဘယ်လိုအမျိုးအစားတွေရေးနေသလဲ ဆိုတာ ကိုယ့်ကိုယ်ကို မသိဘူးဖြစ်နေတယ်။ စာရေးတာ ၀ါသနာ တော့ပါတယ်။ သေချာပြန်စဉ်းစားကြည့်တော့မှ ကိုယ်ရေးတဲ့စာတွေက ဘယ်အမျိုးအစားထဲမှ မပါပဲ ဖရိုဖရဲ ဖြစ်နေသလိုပဲ။ မဖြစ်သေးပါဘူး သေချာပြန်လုပ်ကြည့် ဦးမှပဲဆိုပြီး အတွေးကလေးတော့ ၀င်လာ မိတယ်။ ကျွန်တော့်ကိုစာတွေရေးတတ်လာအောင်၊ စာတွေရေးဖြစ်အောင် အားပေးခဲ့၊ လမ်းပြပေးခဲ့တဲ့သူက တော့ ကိုဥာဏ်(ပန်းလောင်မြေ) ပါ။ သူနဲ့စကားတွေပြောဖြစ်ရင်း စာတွေရေးဖို့တိုက်တွန်းပေးခဲ့သူပေါ့။ ပထမဦး ဆုံး ၀ထ္တုတိုလေးတစ်ပုဒ် စရေးဖြစ်တယ်။ ရေးပြီးပြီးခြင်း သူ့ကိုပြကြည့်တယ်။ လိုအပ်တာလေးတွေဖြည့်စွက်ပြီး၊ အင်တာနက်ဂျာနယ်တစ်ခုကိုပေးပို့ဖြစ်တယ်။ သိပ်မကြာပါဘူး အဲဒီလထုတ် ဂျာနယ်ရဲ့ဝထ္တုတိုအခန်းကဏ္ဍလေး မှာ ကျွန်တော့်ရေးထားတာလေးတွေကို ဖော်ပြခြင်းခံခဲ့ရတယ်။ ဂျာနယ်ရဲ့ PDF ဖိုင်လေးထဲက ကျွန်တော့်ရဲ့ ၀ထ္တု တိုလေးကို အကြိမ်ကြိမ်ပြန်ဖတ်ကြည့်ရင်း ပျော်ရွှင်ပီတိတွေဝေခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျွန်တော် ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကအကြောင်းအရာလေးတွေကို ရေးဖြစ်တယ်။ ရေးဖြစ်တဲ့အကြောင်းအရာတွေကို ပြန်ကြည့်ရင် အထက်တန်းကျောင်းသားဘ၀က နေ့ရက်တွေများပါတယ်။ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်က ကျဉ်းများနေလို့လား၊ ဒါမှမဟုတ် ကိုယ်ကပဲအရာရာကိုစူးစမ်းချင်စိတ် နည်းလို့လားတော့မသိဘူး။ ရေးချင်တဲ့ အကြောင်းအရာနဲ့၊ ကိုယ်ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့က နည်းနည်းလေးကွဲခြားနေတယ်လို့ စိတ်ကထင်နေ မိတယ်။ လူငယ်ဆိုတော့ နှလုံးသားထဲက ရင်ခုန်သံတွေရေးကြည့်ချင်တယ်။ ကိုယ်ကျင်လည်ခဲ့ဘူးတာက အထက်တန်းကျောင်းသားဘ၀လေးလောက်ပဲ ရှိတာဆိုတော့ ရေးချင်တဲ့အကြောင်းအရာနဲ့ ရေးသင့်တဲ့အချိန် က ကွဲပြားခြားနားမှုလေးတွေ ရှိနေတယ်လေ။ တက္ကသိုလ်ဆိုတဲ့ပတ်ဝန်းကျင်ကို ရောက်ခဲ့ဘူးတယ်။ ဒါပေမယ့် မကျင်လည်ခဲ့ဘူးတော့ ရေးရမှာကိုယ်နဲ့မဆိုင်သလိုကြီးခံစားနေရတယ်။ ရေးချင်တဲ့စိတ်ရှိရင်တောင် ရေးဖို့ ရှက်နေမိတယ်။ ကိုယ်မရောက်ဘူးတဲ့နေရာတစ်ခုကို ရောက်ခဲ့ဘူးသလိုလို စိတ်မျိုး၊ အတွေးမျိုးနဲ့ရေးရမှာ စိတ်ထဲလည်း မလုံတာနဲ့မရေးဖြစ်တော့တဲ့ခံစားချက်တွေ အများကြီးရှိခဲ့ပါတယ်။ ဒီခံစားချက်တွေကို ကိုဥာဏ် (ပန်းလောင်မြေ) ကိုပြောပြတော့ အဲဒီလိုလည်း ပြောလို့မရဘူးပေါ့ကွာ၊ မင်းရေးချင်တဲ့အကြောင်းအရာကို မင်း ကျင်လည်ခဲ့ဘူးတဲ့ ပတ်ဝန်းကျင်နဲ့ကိုက်ညီအောင်ဆွဲသွင်းကြည့်လိုက်ပေါ့။ အကိုက်ညီဆုံးဖြစ်မယ်ထင်တာလေး တွေရေးကြည့်ပေါ့ကွာ လို့သူကအားပေးစကားတွေပြောပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ကိုက ကျွန်တော်ရေး ထားတာကို အချိန်ကုန်ခံပြီးလာဖတ်တဲ့ ညီ၊ အစ်ကိုမောင်နှမတွေကို ကျွန်တော်ကျင်လည်ခဲ့ဘူးတဲ့ ပတ်ဝန်း ကျင်ကအကြောင်းအရာ၊ ခံစားချက်အစစ်အမှန်တွေကိုပဲ ဖတ်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဘလောဒ့် လေးမှာ ရေးထားတဲ့အကြောင်းအရာတွေက ကျွန်တော်ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင် သေးသေးလေးက အကြောင်းအရာလေးတွေကို၊ စိတ်ထဲက ခံစားချက်ဖြစ်ပေါ်လာတဲ့အတိုင်းလေး ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။ သုတ လား၊ ရသ လား၊ စသဖြင့် ကျွန်တော်ကိုယ်တိုင်လည်း မခွဲခြားတတ်ပါဘူး။ ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို စိတ်ထဲက ခံစားချက်တွေအတိုင်း၊ မှန်ကန်စွာရေးသားထားခြင်းဖြစ်ပြီး၊ ဘလောဒ့်ကို လာရောက်လည်ပတ်တဲ့ ညီအစ်ကိုမောင်နှမတွေ အနေနဲ့ တခုခုသော ရသ တစ်မျိုးမျိုးကိုရရှိခံစားနိုင်လိမ့်မယ် လို့မျှော်လင့်မိပါတယ်။
မိုးစက်
21.7.2007 ( PM 6:41 )

ဆက်ဖတ်ရန်...

Jul 18, 2007

ရေခြား မြေခြား ...ဝေးတစ်နေရာမှ

ရေခြား၊ မြေခြားဆိုတဲ့အဓိပ္ပာယ်ကို ကျွန်တော်ကောင်းကောင်းမသိဘူး။ အဲဒီစကားစုကိုလည်း စာရေးတဲ့အခါမှာရော၊ စကားပြောတဲ့အခါမှာရော တစ်ခါမှမသုံးဘူး ဘူး။ ဗွီဒီယိုကားတွေထဲမှာတော့ မင်းသားက အကြောင်းအမျိုးမျိုးကြောင့်နိုင်ငံခြားကိုသွားတော့မယ် ဆိုရင် မင်းသမီးကိုနှုတ်ဆက်တဲ့ အခါတွေမှာ ကို… ရေခြားမြေခြားကိုသွားတော့မယ် ဆိုပြီးပြောနေတာ ကိုတော့ကြားဘူးတယ်။ ကိုယ် ကိုယ်တိုင်အဲဒီစကားမျိုး ပြောရလိမ့်မယ်လိုတော့ မထင်မိဘူး။
လေဆိပ်အပြင်ကို အကြာကြီးငေးကြည့်နေမိတယ်။ မိုးလေးဖွဲဖွဲကြနေတယ်။ တစ်ခါ တစ်ခါ လျှပ်စီးလက်နေတာကိုလည်း တွေ့ရတယ်။ သူ မလာဘူးဆိုတာသိနေရက်နဲ့လည်းလူသွားစင်္ကြန် ဘက်ကို ခဏ၊ ခဏကြည့်နေမိတယ်။ ဦးလေးက ပက်စ်ပို့၊ ဗီဇာနဲ့ လေယာဉ်လက်မှတ်အားလုံးကို ကျွန်တော့်လက်ထဲလာပေးပြီး ပြန်ထွက်သွားတယ်။ သား သူ့ကိုနှုတ်ဆက်ချင်ရင် ဖုန်းဆက်လိုက်လေ လို့ အဖေကပြောတယ်။ အချိန်အတန်ကြာဝေးရာကိုသွားရမယ့် လူတစ်ယောက်ကို နှစ်သိမ့်တဲ့စကား ဆိုတာ ကျွန်တော့်စိတ်ထဲက သိလိုက်ပါတယ်။ ကျွန်တော်ဖုန်းဆက်ရင်ကော သူက စကားပြန်ပြောမှာ လားအဖေလို့ စိတ်ထဲကနေပြန်ပြောလိုက်မိတယ်။ အတတ်နိုင်ဆုံးပြုံးရင်းနဲ့ ရပါတယ်အဖေ မဆက် တော့ပါဘူး။ ပစ္စည်းတွေအားလုံး Check up လုပ်ပြီးတဲ့အချိန်မှာတော့ အားလုံးကိုနှုတ်ဆက်ပြီး ပြင်ပထွက်ခွာဆိုတဲ့ ဆိုင်းဘုတ်အနားထိ မိသားစုအားလုံးလိုက်ပို့ကြတယ်။ သားအောင်မြင်မှု တွေနဲ့ပြန်လာတာကို အဖေတို့အားလုံးစောင့်ကြိုနေမယ်တဲ့။ လေယာဉ်ပေါ်က မှန်ပြတင်းကနေ အချိန် အတော်ကြာခွဲခွာရတော့မယ့် မြင်ကွင်းတွေကိုလိုက်ကြည့်မိတယ်။ လေယာဉ်ဘီးတွေ မြေပြင်နဲ့ခွာပြီး ကောင်းကင်ယံကိုပြန်တက်သွားတဲ့အချိန်မှ မျက်လုံးကိုအသာကလေးမှိတ်လိုက်တယ်။ မရပါဘူး ဘယ်လိုမှမရဘူး။ မျက်လုံအိမ်ထဲမှာ သူ့ကိုမြင်နေတယ်။ သူ့အပြုံးတွေ၊ သူ့ပုံရိပ်တွေမြင်နေရတယ်။
တိုးတက်ဖွံ့ဖြိုးနေတဲ့ ဒီနိုင်ငံကိုရောက်ပြီးတဲ့အချိန်ကစပြီး ကျွန်တော့်စိတ်တွေအားလုံးကို အရင်ကနေမတူအောင်နေထိုင်ဖြစ်ခဲ့တယ်။ အတတ်နိုင်ဆုံး ကျောင်းစာတွေထဲမှာပဲနစ်မြုပ်ထား မိတယ်။ ဆရာတစ်ယောက်က ပြောဘူးတယ်။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ချမ်းသာတယ်ဆိုတာ သိချင်ရင်၊ အဲဒီနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူ၊ ပြည်သားတွေ တစ်နေ့ကို Energy (စွမ်းအင်) ဘယ်လောက်သုံးနိုင်သလဲဆိုတဲ့ အပေါ်မှာမူတည်တယ်တဲ့။ ကျွန်တော် နားမလည်သလိုဖြစ်သွား တယ်။ ဆရာက ဆက်ပြောပါတယ်။ မင်းမှာပိုက်ဆံရှိရင် တီဗွီ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် စသဖြင့်ဝယ်နိုင်တယ်။ ဒါပေမယ့်လျှပ်စစ်မရှိရင် အဲဒီပစ္စည်းတွေ မင်းအသုံးပြုလို့ရမလား။ လျှပ်စစ်ဆို တဲ့ Energy ရှိမှ မင်းအဲဒီပစ္စည်းတွေသုံးနိုင်မယ်။ အဲဒါကြောင့် နိုင်ငံတစ်နိုင်ငံ ချမ်းသာတယ်၊ ဆင်းရဲ တယ်ဆိုတာကို Energy ဘယ်လောက်သုံးနိုင်သလဲဆိုတာတွေနဲ့တိုင်းတာတယ်တဲ့။ ပိုင်ဆိုင်တဲ့အရာ ၀ထ္တုတွေထဲမှာ စိတ်ကိုအကောင်းဆုံးထွက်ပေါက်ပေးနိုင်တဲ့အရာကတော့ ကျွန်တော့်အတွက် ကွန်ပြူတာပါပဲ။ အရင်တုန်းကတော့ သူမကိုသတိရလွမ်းဆွတ်မှုတွေကို အဖြူရောင်စာရွက်တွေပေါ်မှာ ရေးချတတ်တဲ့ ကျွန်တော်ဟာ၊ ဒီရောက်တဲ့အခါမှာ Word ထဲမှာစာလေးတွေရိုက်ပြီး သတိရမှုတွေ သိမ်းဆည်းတတ်နေပြီလေ။
-- . -- . ၂၀၀၆ အဲဒီနေ့လေးကို ကျွန်တော်အမှတ်တရရှိနေတုန်းပါပဲ။ သူမရဲ့မွေးနေ့လေးပေါ့။ အဝေးကနေပြီး အမှတ်တရဖြစ်အောင်၊ တစ်နည်းအားဖြင့် သူ့မွေးနေ့လေးကိုကျွန်တော်သတိတရ ရှိတယ်ဆိုတာလေး သူသိအောင်ပြောပြချင်တယ်။ မွေးနေ့ကိတ်မုန့်လေးတစ်လုံးဝယ်လာပြီး သူငယ်ချင်းတွေကို ကျွေးဖြစ်တယ်။ ဘာအတွက်ကျွေးတာလဲလို့ မေးတော့ ငါချစ်ရတဲ့သူရဲ့မွေးနေ့ လို့ ဖြေမိတယ်။ Oversea ဖုန်းကဒ်လေးကိုလက်ထဲမှာကိုင်ထားပြီး ချေတုံချတုံဖြစ်နေမိတယ်။ သူဖုန်းလာ ကိုင်ပါ့မလား။ ကျွန်တော့်အသံကြားသွားရင်ရော သူဘာပြောမှာလဲ။ ဖုန်းခွက်ကိုပြန်ချသွားမှာလား။ ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ ငါဖုန်းဆက်တယ်ဆိုတာ သူသိရင် သူ့မွေးနေ့လေးကို ငါသတိတရရှိတယ်ဆိုတာ သူသိမှာပါလေ ဆိုတဲ့အတွေးနဲ့ မြန်မာပြည်ရဲ့ မြို့တစ်မြို့ကသူရှိတဲ့နေရာလေးကို ဖုန်းခေါ်မိတယ်။ ဟယ်လို …ဆိုတဲ့အသံလေးကြားလိုက်ရတယ်။ သူဖုန်းချသွားမလားဆိုတဲ့အတွေးနဲ့ခဏစောင့်ကြည့် မိတယ်။ အသက်ရှုသံ သဲ့သဲ့လေးကို လေလှိုင်းတွေကြားကနေကြားနေရတယ်။ သူဖုန်းခွက်ကို ကိုင်ထား သေးတယ်ဆိုတဲ့သဘောပေါ့။ Happy Birthday ပါ မ …လို့ပြောလိုက်တော့ Thank You …ဆိုတဲ့ အသံလေးထပ်ကြားလိုက်ရတယ်။ ရင်တွေခုန်ပြီး အရမ်းပျော်ရွှင်ခဲ့ရတယ်။ ၁၁ မိနစ်ခန့် ဖုန်းပြောပြီးတဲ့ အချိန်မှာတော့ စိတ်ထဲမှာ တစ်ခုခုနားလည်လိုက်သလိုပဲ။ ဘာလဲဆိုတော့ ကျွန်တော့်မြားနတ်မောင် ပစ်လိုက်တဲ့ မြှားနဲ့၊ သူ့မြားနတ်မောင်ပစ်လိုက်တဲ့ မြှား ဆုံမှတ်တစ်ခုမှာ ဆုံတွေ့သွားကြပြီလို့ထင် မိတယ်။
အချိန်ကာလတစ်ခုကိုဖြတ်သန်းလာပြီးတဲ့နောက်မှာတော့ သူ့ဆီကနေ တစ်ဘ၀လုံးစာအတွက် ချစ်တယ်ဆိုတဲ့ အဖြေစကားလေးကို ကျွန်တော်ရရှိခဲ့တယ်။ အဲဒီအဖြေလေးသူပေးပြီးတဲ့အချိန်မှာ တော့ သူ့ရှေ့မှာပဲ သူမအမြဲတမ်းပျော်ရွှင်အောင်၊ အရာအားလုံးပြည့်စုံ အောင် ကျွန်တော့်ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ တစ်သက်တာလုံးကြိုးစားသွားပါ့မယ်လို့ ကတိသစ္စာတစ်ခုပြုခဲ့တယ်။ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ၊ သစ္စာခိုင်မြဲမှုတွေနဲ့ ချစ်သူတွေအဖြစ်ရပ်တည်လာခဲ့တာ ၁နှစ်၊ ၃လနဲ့ ၄ နာရီ ရှိပါပြီ။
အခုဆိုရင် ရေခြား၊ မြေခြားဆိုတဲ့ အဓိပ္ပာယ်ကိုကျွန်တော် ကောင်းကောင်းသိနေပြီ။ ချစ်သူနဲ့စကား တွေပြောတိုင်း ရေခြား၊ မြေခြားဝေးတစ်နေရာကနေ နှစ်သိမ့်မှုတွေပေးတတ်နေပြီ။ ရေခြား၊ မြေခြားဆို တာ တစ်ယောက်နဲ့တစ်ယောက်၊ တွေ့ဆုံဖို့အင်မတန်ခက်ခဲပြီး၊ လိုအပ်တဲ့အချိန်မှာ၊ လိုအပ်သလို ဖြည့်ဆည်းနှစ်သိမ့်မှုတွေ မပေးနိုင်ပါလားလို့တွေးထင်မိပါတယ်။ ချစ်ရသူချင်းတော့ နှလုံးသားတွေ နီးစပ်နေတယ်။ ရင်ခုန်သံတွေထပ်တူကြနေတယ်။ စောင့်စည်းမျိုသိပ်မှုတွေနဲ့ ပြန်လည်ဆုံတွေ့ကြရင် ဆိုတဲ့အတွေးကလေးနဲ့ ကိုယ်စီရင်ခုန်နေမိကြတယ်။ ကျွန်တော်သိပ်ချစ်ရတဲ့ သူမဆီကိုပြန်လည် ရောက်ရှိမယ့်နေ့…… ကျွန်တော်လည်းရင်တွေအရမ်းခုန်နေတာပါပဲ …..
ဟိုးအဝေးတစ်နေရာမှာ …ငါ့တိုင်းပြည်၊ ငါ့လူမျိုး၊ ငါ့မိသားစုနဲ့ ငါ့ချစ်သူရှိနေကြတယ်….
ကျွန်တော်နဲ့သူမရဲ့ အမှတ်တရ နေ့လေးတစ်နေ့အတွက်
မိုးစက်
17 . 7 . 2007
PM 11:47

ဆက်ဖတ်ရန်...

Jul 12, 2007

အာဇာနည်နေ့နှင့်ကျောင်းသားဘ၀ အမှတ်တရ

မင်္ဂလာပါဗျာ…

အခုတစ်လော ဘလောဒ့်ဘက်ကိုလုံးဝ လှည့်မကြည့်ဖြစ်ဘူး။ ပို့စ်တွေလည်း အသစ် မရေးဖြစ်ဘူ။ အလုပ်တွေရှုပ်နေတယ်ပေါ့ဗျာ။ ဒီနေ့ကျမှ မမေဒါဝီရဲ့ဘလောဒ့်ကို သွားဖတ်ဖြစ် တယ်။ အဲဒီမှာ စတွေ့တာပဲ။ တစ်ခြားတော့ မဟုတ်ပါဘူး။ မမေဒါဝီရဲ့ ဘလောဒ့်မှာ အာဇာနည် နေ့ ကိုကြိုဆိုဂုဏ်ပြုထားတာလေးတွေ့လိုက်ရတယ်။ အာဇာနည်ခေါင်းဆောာင်ကြီးတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီး အခုလိုဂုဏ်ပြုထားတာတွေ့ရတော့ အရမ်းလည်း ၀မ်းသာပီတိ ဖြစ်ရပါတယ်။ တစ်ဆက်တည်းဆိုသလို ကျွန်တော့်ဘ၀ရဲ့ အမှတ်တရ တစ်ခုကိုလည်း သွားပြီး သတိရမိပါတယ်။ ဇူလိုင် (၁၉) နဲ့ပတ်သတ်ပြီးတော့ပေါ့ဗျာ။

ကျွန်တော် မူလတန်း၊ အလယ်တန်း ကျောင်းသားဘ၀ထိ ပညာရည်ချွန်ဆု တစ်ခါမှ မရဘူး ဘူး။ (၉) တန်းကျောင်းသားဘ၀က နေ့ရက်လေးတစ်ရက်မှာတော့ ကျောင်းသွားဖို့ ဆိုပြီး အဖေ့ဆီကနေ မုန့်ဖိုးတောင်းတယ်။ အဖေက ၂၀ တန်တစ်ရွက်ကို အိတ်ကပ်ထဲကနေ ထုတ်ပေးရင်းနဲ့ ငါ့သား၊ မင်းနဲ့ပတ်သက်ပြီး ကျောင်းကဆုပေးပွဲအခမ်းအနားမှာ အဖေတက်ဖူး ချင်တယ်၊ ဘယ်လိုဆုမျိုးပဲ ရ ရ ကွာ၊ အဖေတက်ချင်တယ်လို့ ဆိုလာတယ်။ ကျွန်တော် ကလည်း ကျွန်တော်ပဲအေးအေးဆေးဆေးပဲ နေတတ်ပြီး ပုံမှန်လောက်ပဲကြိုးစာနေချင်တာ ဆိုတော့ အဖေကိုဆုပေးပွဲ အခမ်းအနားရောက်ဖို့ ဘယ်လို၊ ဘယ်ပုံနည်းနဲ့ခေါ်ရမလဲဆိုပြီး စဉ်းစားရကျပ်နေခဲ့တယ်။ တစ်ရက်မှာတော့ မြန်မာစာ ဆရာမ ဒေါ်ခင်မာအေး ( အခုတော့ ကွယ်လွန်သွားပါပြီ ) က ကျွန်တော့်စာအုပ်ကိုယူစစ်ရင်းနဲ့ လက်ရေးလှ၊ သပ်ရပ်လို့ဆိုပြီး ကျွန်တော့်နာမည်ကို မှတ်သွားခဲ့တယ်။ သိပ်မကြာပါဘူး။ ဆရာမ က အခုလာမယ့် အာဇာနည် နေ့ကိုဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ကျောင်းမှာ စာစီစာကုံးပြိုင်ပွဲရှိတယ်။ မင်း ၀င်ပြိုင်ပါလားဆိုပြီး ပြောလာတာနဲ့ ကျွန်တော်ခေါင်းငြိမ့်လိုက်တယ်။ စာစီစာကုံးခေါင်းစဉ်က အမှတ်တရှိပြီး ကြားလိုက်တာနဲ့ ၀မ်းနည်းကြေကွဲဖို့ကောင်းပါတယ်။ ဆရာမပြောလိုက်တာနဲ့တင် ကျွန်တော် တောင် စိတ်ထဲမှာ ၀မ်းနည်းလာသလို ရေးရမယ့်ခေါင်းစဉ်က ကြီးကျယ်မြင့်မြတ်နေတယ်လို့လဲ စိတ်ထဲမှာခံစားမိပါတယ်။ ဆရာမ ဆီကပြန်လာပြီး လမ်းတစ်လျှောက်လုံးမှာ စာစီစာကုံး ခေါင်းစဉ်လေးကို ပါးစပ်ကနေ တတွတ်တွတ်ရွတ်ဆိုလာမိတယ်။ အတန်းထဲကို ရောက်တာနဲ့ ဗလာစာအုပ်လေး တစ်အုပ်ထုတ်ပြီး ခေါင်းစဉ်လေးကို ချရေးဖြစ်တယ်။ ခေါင်းစဉ် နာမည်က မျက်ရည်ဖြိုင်လို့ ရွာသွန်းဖြိုး ဇူလိုင် တစ်ဆယ့်ကိုး ဆိုတဲ့ အမည်လေးပါ။ နောက်ရက်တွေက စပြီး အာဇာနည်နေ့ တစ်နည်းအားဖြင့် ဇူလိုင် တစ်ဆယ့်ကိုး နဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ စာစီစာကုံးတွေ၊ ဂုဏ်ပြုကဗျာတွေ တော်တော်များများကို လက်လှမ်းမှီသလောက် ရှာဖွေပြီး ဖတ်ရှု့လေ့လာဖြစ်တယ်။ ငါတို့ခေါင်းဆောင်တွေ ဘယ်လိုကျဆုံးသွားတာလဲ၊ ဘယ်သူတွေက လုပ်ကြံသက်ဖြတ်ကျတာလဲ၊ ဘာအတွက်ကြောင့် အခုလိုလုပ်ရတာလဲ၊ စသဖြင့် ဘ နဲ့ပတ် သက်တဲ့မေးခွန်းတွေက ကျွန်တော့်ခေါင်းထဲကိုတန်းစီပြီ ၀င်လာပါတယ်။ အဲဒီအချိန်ထိ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေကို ဂဠူန်ဦးစောနဲ့ အပေါင်းအပါတစ်စု ကလုပ်ကြံသတ် ဖြတ်တယ်ဆိုတာလောက်ပဲ သိပါတယ်။ အသေးစိတ် တစ်ခုမှ မသိဘူး။ အဲဒီမှာတင် ကျွန်တော် စာအုပ်တစ်အုပ်သွားတွေ့တယ်။ စာရေးဆရာကြီး လင်းယုန်မောင်မောင် ရေးသား တဲ့ သွေးစွန်းသောနေ့ရက်များ ဆိုတဲ့ စာအုပ်ပါ။ အမေရိကန် သမ္မတ လင်ကွန်း၊ ဂန္ဓီ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ရဲ့ သွေးစွန်းသောနေ့ရက်တွေအကြောင်း ရေးသားထားတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်တွေရဲ့ သွေးစွန်းသောနေ့ရက်အကြောင်းကို စဖတ်တော့ မယ့်အချိန်မှာ စိတ်ထဲမှာတော့ လေးလေးပင်ပင်ကြီး ဖြစ်နေပေမယ့်၊ သိချင်တဲ့ဇောကတော့ စာရွက်တွေကို တစ်ရွက်ပြီး တစ်ရွက်ပြီးလှန်နေမိပါတယ်။ ဂြိုလ်မွှေတဲ့ ထိုစနေ ဆိုတဲ့ခေါင်းစဉ် ကနေပြီး စတင်ဖတ်ရှုလိုက်တာ၊ ဖြစ်ရပ်တွေနဲ့ စာသားတွေက လူကိုဘယ်လောက်တောင်စိုးမိုး ထားသလဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေရဲ့ ပုံရိပ်တွေပါ ၀ိုးတ၀ါးမြင်ယောင်လာ တဲ့အထိဖြစ်ခဲ့ပါတယ်။ စာအုပ်ကို ဖတ်ရှုလို့လဲပြီးရော အဖေဆီမှာရှိတဲ့ အဆိုတော် ဒေါ်ခင်ညွန့်ရည် ရဲ့ ဇာတိမာန် တေးစီးရီးထဲက အာဇာနည်နေ့ ဆိုတဲ့ သီချင်းလေးကိုပါ မှတ်မှတ် ရရ နားထောင်ဖြစ်တယ်။

မှတ်မှတ်ရရ ပါပဲ။ ဇူလိုင်လ ၁ ရက်နေ့မှာပဲ စာစီစာကုံးပြိုင်ရတယ်။ စိတ်ထဲမှာ ခံစားရ တဲ့ခံစားချက်တွေ၊ ကိုယ်သိတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေရဲ့ အကြောင်းတွေကို စာရွက်တွေပေါ်မှာ ညီညာလှပစွာနဲ့ စာစီကုံးနေမိတယ်။ ကျွန်တော်တို့ရဲ့ အာဇာနည်တွေက တော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ သခင်မြ၊ ဦးအုန်းမောင်နဲ့ ရဲဘော်ကိုထွေး တို့ဖြစ်ပါတယ်။ စာစီကုံးလို့ အပြီးမှာတော့ သတ်ပုံသတ်ညွှန်း မှန်မမှန် သေချာပြန်စစ်ဆေးပြီးတာနဲ့ ဆရာမဆီကို အပ်ပြီး စာဖြေခန်းမထဲကနေ ထွက်လာခဲ့တယ်။

ဒီလိုနဲ့ ဒီဇင်ဘာလ နေ့တစ်နေ့မှာပဲ ကျွန်တော်တို့ကျောင်းမှာ ဆုပေးပွဲအခမ်းအနား ပြုလုပ်ကျင်းပဖြစ်တယ်။ အခမ်းအနားမကျင်းပခင် တစ်ပတ်လောက်အလိုမှာတော့ ဆု ရည်မှန်းထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ သူသူကိုယ်ကိုယ် ရင်တွေခုန်ကျရင်း ဆုပေးပွဲကျင်းပရေးအဖွဲ့တွေ ဘယ်အချိန်များ အခန်းထဲကိုဝင်လာပြီး၊ ဘယ်သူတွေ၊ ဘယ်လို ဆုမျိုးရတယ်ဆိုတာ ဖတ်ပြမယ့်အချိန်ကိုစောင့်နေကြတာ တမျှော်မျှော်နဲ့ပါပဲ။ ညနေကျောင်း ဆင်းခါနီးအချိန် မှာတော့ကျင်းပရေးအဖွဲ့ဝင်တွေ အခန်းထဲကို ၀င်လာပြီး ဆုရတဲ့သူတွေကို ဖတ်ပြတယ်။ ကျွန်တော်က အေးဆေးသမားဆိုတော့ ဘာမှရင်ခုန်မနေပါဘူး။ နေရာမှာတင် ငြိမ်ငြိမ်လေး ထိုင်ပြီး နားထောင်နေလိုက်တယ်။ ပညာရည်ချွန်ဆု၊ ဘာဆု၊ ညာဆုဆိုပြီး ခေါင်းစဉ်တွေ အတိုင်းဆုရတဲ့သူတွေရဲ့ အမည်တွေကိုဖတ်ပြအပြီး၊ နောက်ဆုံးဆုကတော့ စာစီစာကုံးဆု ဖြစ်ပါတယ်။ စာစီစာကုံး ဆုမှာတော့ ပထမဆု န၀မတန်း (ခ)မှ မောင်မိုးစက်ဝင်း …ဒုတိယ ဆု ….၊ တတိယဆု ………။ ရုတ်တရက် ကျွန်တော်နားကို ကျွန်တော် မယုံကြည်သလိုဖြစ်သွားတယ်။ ဟုတ်ပါတယ်…ဒါ ငါ့နာမည် ပါ။ အဲဒါဆို ငါ ဆုရ တယ်ပေါ့။ ဟုတ်တယ် …ငါ ဆုရတယ်ပေါ့နော်။ အဲဒီလို တွေးနေတုန်းပဲရှိသေးတယ် ကျွန်တော့် ဘေးနားက သူငယ်ချင်းက ဒါမှ ငါ့ ပါတနာကွ ဆိုပြီးကျွန်တော့်လက်ကို မြဲမြဲဆုပ် ကိုင်ပြီး ပြောတော့မှ ၀မ်းသာပီတိ ဖြစ်ခဲ့ရ တယ်။ ညနေကျောင်းဆင်း ခေါင်းလောင်းတီတဲ့ အချိန်မှာတော့ မတ်တပ်ရပ်၊ လက်နှစ်ဘက်ကို ဘေးမှာ အသေကပ်ထပ်ပြီး နိုင်ငံတော် သီချင်းကို ကျွန်တော် အကျယ်ကြီးသီဆိုဖြစ်ခဲ့တယ်။ စိတ်ထဲမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်း ဆောင်ကြီးတွေကို နိုင်ငံတော်သီချင်းသီဆိုပြီး အလေးပြုနေမိတယ်။ ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ လမ်းတစ်လျှောက်မှာတော့ ဒီနှစ် ဆုပေးပွဲ အခမ်းအနားမှာ ဂုဏ်ယူမှုအပြုံးတွေနဲ့ တက်ရောက်နေမယ့် အဖေ့ရဲ့ မျက်နှာကို မြင်ယောင်နေမိပါတော့တယ်။

အာဇာနည်နေ့နှင့် ကျောင်းသားဘ၀အမှတ်တရ ……
ဆရာမ ဒေါ်ခင်မာအေး ( ကွယ်လွန်) အား အဝေးကနေ ကန်တော့ပါ၏။

မိုးစက်
၁၂ . ၇ . ၂၀၀၇
၂း ၄၃

ဆက်ဖတ်ရန်...