Dec 26, 2007

ကို Zero ကို ဘာသာပြန်ကြည့်ခြင်း ....

ကျွန်တော်နဲ့သူ ဆုံဖြစ်တဲ့နေရာလေးကတော့ နည်းနည်းထူးဆန်းနေပါတယ်။ ကျွန်တော်ကလည်း ရပ်မြေခြား ကနေ ပြန်ရောက်ကာစ၊ သူကလည်း လမ်းကြောင်းတစ်ခုပေါ်မှာ ရပ်တည်နိုင်အောင် ရှိသမျှ ခွန်းအားတွေနဲ့ ကြိုးစားနေတဲ့အချိန် ကျွန်တော်တို့ တွေ့ဖြစ်ကြတာပါ။ တွေ့တော့ ဘာလုပ်ဖြစ်လဲ စကားတွေ ပြောဖြစ်ကြတယ်။ တွေ့ဆုံတဲ့နေရာလေးကတော့ Restaurant တစ်ခုမှာပါ။
ကျွန်တော်။ ။ ကို Zero ကြိုက်တာမှာဗျာ။ ကြိုပြောထားမယ်။ ကျွန်တော် တိုက်မှာနော်။
ကို Zero။ ။ ဟာ မဟုတ်တာဘဲ မိုးစက်ရာ။ အစ်ကိုက အိမ်ရှင်ဘဲ၊ အစ်ကိုတိုက်မှာပေါ့။ ခဏနေအကြာမှာတော့ မမြင်ရတာကြာတဲ့ မြန်မာယမကာ ရောက်လာတယ်။ ကျွန်တော်တို့ ခွက်ကို မြှောက် လိုက်ပြီး ချီးယားလုပ်တော့ “ဘာဘဲလုပ်လုပ် အောင်မြင်ပါစေဗျာ” လို့ ကျွန်တော်စပြီး ပြောဖြစ် တယ်။ ကို Zero က ကျွန်တော်ပြောတဲ့ စကားကိုထောက်ခံတဲ့အနေနဲ့ ပြုံးလို့။ တစ်ကြိုက်လောက်မော့ ပြီးချိန်မှာတော့ကျွန်တော် တို့ တစ်ယောက်ကို တစ်ယောက်ထပ်ပြီး မိတ်ဆက်ဖြစ်တယ်။
ကျွန်တော်။ ။ ကျွန်တော် အစ်ကို့ကို သတိထားမိတာ၊ အစ်ကို့ဘလောဒ့်ကို ပထမဆုံးရောက်တဲ့ အချိန်က ဘလောဒ့်ဂါ တစ်ယောက်ဘဲဗျ …ကျွန်တော်မမှတ်မိတော့ဘူး။ သူက ကျွန်တော် စီပုံးမှာ သွားရောက်ဖတ်ရှု့ဖို့ တိုက်တွန်းပါတယ်ဆိုပြီး link ထားခဲ့တယ်။ ကျွန်တော်လည်း အဲဒီ link ကိုသွား ကြည့်တော့မှ အစ်ကို ဘလောဒ့် ဖြစ်နေတာ။ Blogger များလက်ဆင့်ကမ်းပေးကြပါ ဆိုတဲ့ post လေး ကိုဖတ်မိပြီး၊ အဲဒီမှာ comment ရေး၊ ပြီးတာနဲ့ ကျွန်တော့်ဘလောဒ့်မှာ “တိုက်တွန်းလိုပါတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘေးမှာ link ချိတ်ထားလိုက်တယ်။ အဲဒီနောက်ပိုင်း အစ်ကိုနဲ့ ကျွန်တော် စတင်ပြီး ရင်နှီး သွားတယ်လို့ ထင်တယ်။
ကို Zero။ ။ ဟုတ်တယ် မိုးစက်…ကိုယ်လည်း မင်းရဲ့ comment ကိုတွေ့၊ မင်းဘလောဒ့်ကိုလာ ကြည့်၊ ပြီးတော့ ကိုယ့်ရဲ့ Idea လေးကို မင်းကခေါင်းစဉ်လေးတပ်ပြီး link ချိတ်ထားတော့ ပိုပြီးတော့ ၀မ်းသာသွား တာပေါ့ကွာ။ ဟုတ်တယ် ကိုယ်လည်း မင်းကို အဲဒီအချိန်ကစပြီး သတိထားမိသလို၊ စိတ် ထဲလည်း မှတ်မှတ်ရရ ရှိခဲ့တယ်။ ကျွန်တော်။ ။ ဟုတ်တယ်အစ်ကို၊ အဲဒီ post လေးကိုဖတ်ပြီးတော့မှ ကျွန်တော်ဖိုးဝကို သိခဲ့ရတာ။ ဖိုးဝ ကတော်တော်ကို ကဏ္ဍစုံလင်စွာပါတဲ့ Web Portal တစ်ခုပါ။ ကျွန်တော်တော့ သဘောကျတယ်။ ဒါပေမယ့် ….. ( ကျွန်တော် ယမကာ တစ်ကြိုက်လောက် ထပ်သောက်လိုက်တယ် )
ကို Zero။ ။ ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေကွာ … ကျွန်တော်။ ။ တစ်ခုခု ဆွဲဆောင်မှုလိုနေသလားလို့၊ ကဏ္ဍစုံလင်တယ်ဆိုတာ မှန်တယ် အစ်ကိုရာ၊ ဒါပေမယ့် ဆွဲဆောင်မှုလိုနေတယ် အစ်ကိုရ။
ကို Zero။ ။ အင်း ဆွဲဆောင်မှုလိုနေတယ်လို့ဘဲ ထားကွာ။ ဘယ်လို လိုအပ်တယ်ဆိုတာ မင်း အမြင်လေး ပြောကြည့် …
ကျွန်တော်။ ။ ဖိုးဝမှာ Music, International News စသဖြင့် ရှိတဲ့ ကဏ္ဍတွေမှာပြင်ဆင်ထားတဲ့ ပုံစံတွေ အားလုံးကောင်းတယ်အစ်ကို။ Webtemplate တွေအရမ်းလှတယ်။ Home Page တစ်ခုဘဲ ဖွင့်လိုက်တာနဲ့ ဆွဲဆောင်မှုအပြည့်လေးရှိစေချင်တာပေါ့။ အစ်ကိုက Button တွေအထဲမှာတော့ Flash Annimation တွေသုံး ထားတာ တော်တော်လှတယ်။ ဥပမာ- model ကဏ္ဍမှာပေါ့။ သုံးထားတဲ့ Flash Annimation Design လေး တော်တော်လှတယ်။ Home Page မှာဆိုရင်အစ်ကိုက Flash ကိုသုံးမ ထားဘူးနော်။ ကျွန်တော့်စိတ်အထင် ပြောရင် Home Page မှာလည်း Flash Annimation တွေကို ကဏ္ဍအလိုက်ထည့်ပြီး ဆွဲဆောင်လိုက်မယ် ဆိုရင် ပိုပြီးကောင်းသွားမလားလို့ ထင်မိတယ်အစ်ကို။
ကို Zero။ ။ အင်း…ကိုယ့်ညီပြောတာလည်း အစ်ကို လက်ခံပါတယ်။ အစ်ကို့ရဲ့ ဖိုးဝ ကို ဒီထက်ပိုပြီး လူသိ များအောင်၊ တွင်ကျယ်အောင်လို့ အစ်ကိုက Chat room, Forum စသဖြင့် ထပ်မလားလို့ တောင် စဉ်းစားမိ သေးတယ်။ ဒါပေမယ့် အစ်ကိုက ဖိုးဝ ကို Web Portal အစစ်ဖြစ်အောင်လုပ်ချင်တာ ကြောင့် အဲဒါတွေကို မထည့်တာ။ အခု လက်ရှိ ရှိနေတဲ့ ဖိုးဝ ကိုလည်း အစ်ကိုဒီလောက်နဲ့ မကျေနပ် သေးဘူး။ ထပ်ထည့်၊ ထပ်လုပ် ဖို့ရှိပါသေးတယ်။ အခုလုပ်ထားတာ Beta Version လောက်ဘဲလုပ် ထားတုန်းဘဲရှိတယ်။ ဒီထက်ပိုပြီး ကဏ္ဍစုံ အောင် ထပ်ထည့်မှာပါ။ ကဏ္ဍအလိုက် သတင်း၊ ဓာတ်ပုံအား လုံးကို update ဖြစ်အောင်လည်း အမြဲကြိုးစား နေတာပါ။ အခက်အခဲတွေတော့ တော်တော်ရင်ဆိုင်ရ တယ်။ ဒါပေမယ့် အစ်ကို့ကတော့ အားလုံးကို ပျော်ပျော် ဘဲ ရင်ဆိုင်လိုက်တာပါဘဲ။
ကျွန်တော်။ ။ ဟဲ … ဟဲ ဒါပေါ့အစ်ကိုရာ၊ အခက်အခဲတွေကတော့ ရင်ဆိုင်ရမှာပေါ့။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမြဲအားပေးနေမှာပါ။
ကို Zero။ ။ No… No… ညီလေး … အစ်ကိုက အားပေးတာတွေ လိုချင်တာမဟုတ်ဘူး။ စိတ်အား လည်း မငယ်တတ်ပါဘူး။ ကိုယ်တစ်ကယ်လိုနေတာက ထောက်ခံမှု ကွ။ အစ်ကိုလုပ်နေတာ၊ လုပ်ချင် တာကို ထောက်ခံတဲ့ သူလိုနေတာ။ လိုအပ်ရင် အကြံဥာဏ်တောင်းခံမယ်ကွာ။ ဒီလောက်ဘဲ … ဆုံးဖြတ်ချက် ချပြီးရင် တော့ ဘယ်တော့မှ မပြင်တတ်ဘူး ကိုယ့်လူရေ ….. ညီလေးပြောတဲ့ Home Page အတွက် အစ်ကို့လူတွေနဲ့ တိုင်ပင်ပြီး ထပ်လုပ်လိုက်ဦးမယ်ကွာ။
ကျွန်တော်။ ။ ကျွန်တော်က ကျွန်တော့်အမြင်ပြောတာနော်အစ်ကို၊
ကို Zero။ ။ အင်းပါကွာ…..ပေါက်ပါတယ် ….
ကျွန်တော်။ ။ ကဲ …ပေါက်ရင်လည်း လက်ကျန်လေး ရှင်းလိုက်ရအောင်ဗျာ…ကျွန်တော်တို့ နှစ်ယောက်ထပ် သောက်ဖြစ်ကြတယ်။ ကို Zero ကဆက်ပြီး သူရဲ့ ခံယူချက်တွေ၊ လုပ်ချင်တာတွေကို ဆက်ပြောပြတယ်။ ကို Zero။ ။ မိုးစက်ရ …အစ်ကိုက စီးပွားရေးနဲ့ပါတ်သက်ရင် ငွေကို အဓိက သိပ်မထားဘူး။ လုပ်ငန်း လုပ်တဲ့ နေရာမှာ အစ်ကိုက အတွေ့အကြုံသစ်၊ အတွေးသစ်၊ အမြင်သစ်တွေလိုချင်တယ်။ ရလာတဲ့ အတွေး အမြင်သစ်တွေနဲ့ လမ်းတစ်ခုကို ထွင်ပြီး လျှောက်ချင်တာ…
ကျွန်တော်။ ။ အဲဒီခံယူချက်ကိုတော့ အစ်ကိုနဲ့ လူချင်းမတွေ့ခင်ကတည်းက သိခဲ့တာပါ။ “ ထွင်ရင် ထွင် မထွင်ရင်သေ” ဆိုတဲ့ ခံယူချက်လေ။ အဲဒီခံယူချက်ကိုတော့ တကယ်သဘောကျတယ်ဗျာ။ အဲဒီ post မှာ comment ရေးတော့ “ကိုယ်တိုင်ဖောက်တဲ့လမ်းက ကြမ်းမယ်။ ဒါပေမယ့် ခိုင်ခံ့မှုတော့ အပြည့်ရှိပါတယ်” လို့ ရေးခဲ့တာပေါ့။ တစ်ခုတော့ ရှိတယ်ဗျ။ အဲဒါဘာလဲဆိုတော့ အခု အစ်ကိုလုပ်တဲ့ လုပ်ငန်းက မြန်မာပြည် အနေအထားနဲ့ဆိုရင် သိပ်ပြီးတော့ မတွင်ကျယ်သေးဘူး။ ကိုယ်က စလုပ်တဲ့ အနေအထား မျိုးဖြစ်နေတယ် ပေါ့လေ။ ၀ါသနာ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ရပ်တည်ထားတဲ့ စီပွားရေး လုပ်ငန်းဆိုတော့ အမြတ်အစွန်းဆိုတာ သိသာထင်ရှားလာမှာတော့ မဟုတ်ဘူး။ အမြဲတမ်း အိတ်စိုက် နေရမယ်။ မစိုက်ရရင်တော့ ကွတ်တိလောက် ဘဲရှိမယ်။ ကျွန်တော်စိတ်အလိုရ ဥပမာ တစ်ခုပေးရရင် အစ်ကိုအနေနဲ့ ရာဇာနေ၀င်းကို အတုယူသင့်တယ်ဗျ။ ကို Zero။ ။ ဘာဖြစ်လို့လဲ မိုးစက်ရ…
ကျွန်တော်။ ။ ရာဇာနေ၀င်းရဲ့ Style က သူများတွေနဲ့ မတူဘူးလေ။ သူအနုပညာလောကထဲကို စပြီးဝင်လာ တာ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းကဘဲလေ။ လုံးဝ မပေါက်ဘူး။ သူ့ပုံစံက ဘယ် မင်းသားနဲ့မှ မတူဘူးလေ။ Style က သူများတွေထက် ချွန်ထွက်နေတော့ ရူးတူးတူး၊ ပေါတောတော ဖြစ်နေတော့ ဘယ်သူမှ သိပ်လက်မခံချင်ကြဘူး။ သူတစိုက်မတ်မတ်နဲ့ ပရိတ်သတ်တွေ လက်ခံလာ အောင် ကြိုးစားလာခဲ့တာ ၂၀၀၃၊ ၂၀၀၄ လောက်အရောက်မှာ သူအောင်မြင်လာတာဘဲလေ။ သူ့ရဲ့ Style ကို ပြောင်းလဲလာတဲ့ ခေတ်ကရော၊ လူငယ်တွေကရော သဘောကျ လက်ခံလာတော့ အရမ်းကို အောင်မြင်လာတာ ရာဇာကလုံးတွေတောင်ပေါ် လာတဲ့ ကြည့်ပါလား။ အစ်ကိုရဲ့ Web Portal က လည်း အခုမှ အစဘဲရှိသေးတာလေ။ ရာဇာနေ၀င်း အစလို ပေါ့ဗျာ။ လူတွေက ဝေးနေတော့ သိပ်ပြီး မအောင်မြင်ချင်သေးဘူးပေါ့။ နောက်ပိုင်းကျရင်တော့ ကျယ်ပြန့်လာ ပြီး၊ ဖိုးဝ ဆိုတာ Online က လူတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အထိ မဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး လေ။ အဲဒါကြောင့် ရာဇာကို အတုယူသင့်တယ်လို့ ပြောတာပါ။
ကို Zero။ ။ ဟား ဟား …..မိုးစက်တို့ကတော့ လုပ်ပြီကွာ …
စကားပြောလိုက် သောက်လိုက်၊ သောက်လိုက် စကားပြောလိုက်နဲ့ တစ်ဂျား ကုန်သွားပါလေရော… ကို Zero က စာပွဲထိုးညီလေး တစ်ယောက်ကိုခေါ်လိုက်ပြီး “ ညီလေး နောက် တစ်ဂျား ထပ်ပေးကွာ… မြန်မြန်စားလို့ရ မယ့် အမြည်း ၂ ခုလောက်ပါ ယူခဲ့ဦး”
ကျွန်တော်။ ။ အစ်ကို … ကျွန်တော့် ဆန္ဒအရဆိုရင် နောက်ထပ် ကဏ္ဍလေးတစ်ခု ဖိုးဝမှာ ထပ် ထည့်ချင်တယ်ဗျာ။
ကို Zero။ ။ ဘယ်လိုကဏ္ဍမျိုးလည်းကွ၊ ပြောပါဦး။ ကျွန်တော်။ ။ စီးပွားရေး ကဏ္ဍလေးပေါ့အစ်ကိုရာ။ လိုင်းသီးသန့်လေးပေါ့။ အင်တာဗျူးတွေ ပါမယ်။ အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ အကြောင်းတစေ့တစ်စောင်းရေးမယ်။ ပြီးတော့ မြန်မာ ပြည်မှာ လူငယ်တွေစိတ်ဝင်တစား လုပ်ကိုင်လာကြတဲ့ စီးပွားရေးတွေအကြောင်း ကိုယ့် Idea လေးနဲ့ ကိုရေးပြီး ဖော်ပြမယ်။ အာ…နေဦး … အရေးကြီးတာ တစ်ခုကျန်သေးတယ်။ အဲဒါဘာလဲဆိုတော့ ငွေကြေးလဲလှယ်မှုနှုန်း ပေါ့။ ဒေါ်လာ ငွေကြေးဈေးနှုန်း၊ မြန်မာငွေကြေးဈေးနှုန်းနဲ့ ရွှေဈေး အတက် အကျပေါ့ဗျာ။ အဲဒီကဏ္ဍထဲမှာ ထည့်ရင်ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရပ်ခြား ရောက်နေတဲ့ သူတွေက ဒေါ်လာကနေ မြန်မာငွေကြေးလဲလှယ်မှုနှုန်းသိချင်ရင် ဘယ်ကိုသွားကြည့် အဲဒီမှာ ဘယ်လောက်ရေးထားတယ်။ အဲဒါအမှန်ဘဲ စသဖြင့် ပြောဆိုပြီး ၀က်ဆိုက်ဒ်ကို လမ်းညွှန်တာ တွေရှိတယ်။ အရင်တုန်းကတော့ ဧရာဝတီ မှာသွားကြည့် တယ်။ နောက်ပိုင်းတော့ myanmarcupid မှာ သွားကြည့်ကြတယ်။ အစ်ကိုက update ဖြစ်နေတဲ့ ငွေကြေး ဈေးနှုန်းတွေကိုသာ နေ့စဉ်တင်ပေး ထားမယ်ဆိုရင် အဲဒီကဏ္ဍလေးထည့်လိုက်တဲ့အတွက် ပိုပြီး လူသိများ အောင်မြင်လာမယ်လို့ ကျွန်တော်ထင်တယ်။
ကို Zero။ ။ အင်း … ဟုတ်တယ်ကွ။ ညီလေးပြောတဲ့ ကဏ္ဍကို အစ်ကိုလည်း ထည့်မယ်လို့ စဉ်းစား ထားပြီးသားပါ။ ဒါပေမယ့် ထုံစံအတိုင်း သူများနဲ့ မတူအောင်လေး လုပ်ချင်တဲ့ ဥာဉ်လေးက ရှိ နေတော့ အချိန်ကြာနေတာပါ။ ကောင်းတယ် မိုးစက်။ Good Idea …..
ဘလောဒ့်စရေးပြီး သိပ်မကြာခင်မှာဘဲ စတင်ခင်မင်ရင်းနှီးခဲ့တဲ့ ကို Zero ရဲ့ ရေးသမျှပို့စ်တွေကို ဖတ်ပြီး အစ်ကို့ရဲ့ စိတ်သဘောထားကို အတတ်နိုင်ဆုံးဘာသာပြန်ထားပြီး အပြင်မှာ လူချင်းတွေ့ပြီး ရင်းနှီးစွာ စကားပြောတဲ့ ပုံစံလေးရေးဖွဲ့ထားတာပါ။ ကို Zero ကလည်း သဘောကျ ကြည်ဖြူစွာ အခု ပို့စ်လေးကို တင်ခွင့်ပြုတဲ့အတွက် အရမ်းဘဲ ၀မ်းသာပီတိဖြစ်မိပါတယ်။ အခါအခွင့်သင့်လို့ ဆုံစည်းကြ ရင်ဖြင့် မြန်မာတွေရင်ထဲရောက်အောင် လောင်းထည့်ကြဆို့ဦးကွယ်ရို့ …..
မိုးစက်
26 . 12 . 2007 (11:53 AM)

ဆက်ဖတ်ရန်...

Dec 13, 2007

ပြန်လည်နိုးထလာစေချင်သော ပုံရိပ်များ (၁)

ကျွန်တော် ညစာထမင်းစားပြီးတဲ့အချိန်၊ စာကြည့်မလို့လုပ်တုန်းမှာပဲ ကျွန်တော့်အစ်ကိုက လာခေါ်တယ်။ မိန်းထဲသွားမယ် လိုက်မလားတဲ့။ ( ကျွန်တော်တို့ မန္တလေးသား၊ မန္တလေးသူ တွေက တက္ကသိုလ်ဘက်သွားမယ် ဆိုရင် မိန်းထဲကို၊ မိန်းဘက်ကို သွားမယ်လို့ ပြောလေ့ရှိပါတယ် ) ကျွန်တော် က အလယ်တန်းကျောင်းသားဘဲ ရှိသေးတာဆိုတော့ မိန်း ဆိုတာ ကြားဘဲ ကြားဘူးသေးတာ။ မရောက်ဘူးတော့ လိုက်ကြည့်ချင်တဲ့ စိတ်က တားမရဘူး။ အဲဒါနဲ့ အစ်ကိုနဲ့အတူ မိန်းထဲကို လိုက်သွား ဖြစ်တယ်။ အိမ်က ကားနဲ့ ဗန်းမော်တိုက် လမ်ကြားထဲ ကို မောင်းဝင်သွားတယ်။ လမ်းထဲက ထမင်းဆိုင် တစ်ဆိုင်မှာ သူ့သူငယ်ချင်း တစ်ယောက်ကို ၀င်ခေါ်တယ်။ ပြီးတာနဲ့ ကျွန်တော်တို့ မိန်းနားက လက်ဘက်ရည်ဆိုင် တစ်ဆိုင်ကို သွားကြတယ်။ အဲဒီမှာ ကျွန်တော့်အစ်ကိုရဲ့ သူငယ်ချင်း ၅ ယောက်လောက် ထိုင်ပြီး စောင့်နေကြလေရဲ့။ ကျွန်တော့်အစ်ကိုက " ကျော်ကြီး လူစုံပြီလား၊ သွားကြမယ်လေ၊ တော်ကြာအဆောင်ရှေ့မှာ အဖွဲ့တွေများနေရင် မကောင်းဘူး၊ အရင်နေ့ကကောင်တွေနဲ့ရော ညှိပြီး ပြီ လား … တော်ကြာ ရက် တိုက်နေဦးမယ်" " ဟာကွာ၊ မင်းကလည်း ကျော်ကြီးပါ၊ အားလုံး Arrange လုပ်ပြီးသား" " အိုကေ …အဲဒါဆို ငါတို့ ဒိုးကြမယ်" အဲဒီအဖွဲ့ထဲက အစ်ကိုတစ်ယောက်က ရေနွေးအိုး ကိုကိုင်ပြ ပြီ "နေဦး ငှက်ကြီးရ ( ကျွန်တော့်အစ်ကို) ဒီတစ်အိုး ကုန်ရင်ထမယ်ကွာ၊ ခဏလေး ကုန်တော့မယ်" "အိုကေ … အိုကေ အဲဒါဆိုလုပ်လုပ်" ကျွန်တော်လည်း ရေဆာသလိုရှိတာနဲ့ ရေနွေး ဖန်ခွက်ကလေးကို ကိုင်ပြီး ရေနွေး ခရားကိုကိုင်ပြီး ထည့်မယ်လိုအလုပ် " ဟာ … ဟာ ညီလေး မလုပ်နဲ့ မလုပ်နဲ့ အထဲက ရေနွေးတွေမဟုတ်ဘူး" ပြောပြောဆိုဆိုနဲ့ ကျွန်တော်လက်ကို လှမ်းတားပါတယ်။ "ညီလေးသောက်ချင်ရင် လက်ဘက်ရည်မှာသောက် နော်" ဆိုပြီး ကျွန်တော့်အတွက် လက်ဘက်ရည် တစ်ခွက်မှာပေးပါတယ်။ နောက်မှသိရတယ်။ ရေနွေးခရား အိုးထဲကို Mandalay Rum တွေထည့်ပြီး သောက်နေကြတာလေ။ လက်ဘက်ရည်ဆိုင်မှာ အရက်သောက်မယ် လို့ ကျွန်တော်လည်း မထင်ဘူး ပေါ့။ နောက်မှ ကိုကျော်ကြီးဆိုသူက " လူစုမယ်လို့ ပြောထားတာ လက်ဘက် ရည်ဆိုင်ဆိုပြီး ပြော လိုက်လို့ ဆိုင်မှာမသောက်တော့ဘဲ ဒီမှာဘဲ သောက်လိုက်တော့တယ်။ ဆိုင်ရှင်က နည်း နည်းရစ်တတ် လို့ ရေနွေးအိုးထဲ ထည့်ပြီးသောက်နေကြတာ" တဲ့။ ပြီးတာနဲ့ ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ကနေ ထွက်ခဲ့ကြတယ်။ ကားကို ကိုကျော်ကြီးတို့ အဆောင်ရှေ့မှာ ထားခဲ့ပြီး ကျွန်တော်တို့ အဖွဲ့ လမ်းလျှောက် ထွက်ခဲ့ကြတယ်။

ရေနီမြောင်းကရေတွေ တစ်သွင်သွင် စီးဆင်းနေကြတယ်။ အဆောင်ရှေ့က မီးချောင်းရဲ့ အလင်းက ရေပေါ် မှာထင်ဟပ်ပြီး အလင်းတွေပြန်ကျဲနေတယ်။ အဆောင်ရှေ့က ခုံတန်းလျားလေးမှာ ကျွန်တော်တို့ အဖွဲ့ထိုင်မိ ကြတယ်။ ကိုကျော်ကြီးက ဂစ်တာတစ်လက်ကို ကြိုးညှိတဲ့ အနေနဲ့ Intro လေးစတီးတယ်။ Intro လေးအပြီးမှာ တော့ သံစဉ်တစ်ခုကို ချပြပြီးတီးတယ်။ မှတ်မှတ်ရရ ပထမဦးဆုံး စတီးတဲ့ သီချင်းလေးက ခင်မောင်တိုးရဲ့ " တံခါးဖွင့်ပေးပါ" သီချင်းလေးပါ။ သံစဉ်အလိုက် သီချင်းစာ သားတွေကို အစ်ကိုတို့အဖွဲ့တွေ စည်းချက်ညီညီ လိုက်ဆိုနေကြတယ်။ လက်ဖ၀ါးလေးနဲ့ ပေါင်လေး တွေပုတ်လိုက်၊ လက်ဖျောက်လေးတီးတိုး တီးလိုက်နဲ့ သီဆို လိုက်ကြတာ သီချင်းသံစဉ်လည်းဆုံးရော အဆောင်တံခါးဝမှာ ခေါင်းလေးတွေ ပြူတစ်၊ ပြူတစ်နဲ့ ဟိုတစ်ဖွဲ့၊ ဒီတစ်ဖွဲ့ ထွက်လာကြတယ်။ အစ်ကို တို့က သူတို့အဖွဲ့မှန်းသိအောင် လက်နဲ့ သင်္ကေတလေးတွေလုပ်ပြတယ်။ ထူးအိမ်သင်၊ စိုင်းထီးဆိုင်၊ စိုးလွင်လွင်၊ ဇော်ဝင်းထွဋ်တို့ရဲ့ သီချင်းတွေ ဆက်တိုက်ဘဲ အများဆုံး ဆက်တီး ကြတယ်။ ခဏကြာ တော့ အဆောင်စောင့် ဦးလေးကြီးတစ်ယောက်က လင်ပန်းလေးကိုင်ပြီး အစ်ကိုတို့ကို လာပေးတယ်။ ကျွန်တော့်အစ်ကိုက ၄၅ကျပ်တန်တစ်ရွက် ဦးလေးကြီးကို ထုတ်ပေးလိုက်တယ်။ လင်ပန်းထဲမှာ ဘာ တွေပါတယ်လို့ထင်လဲ … ရေနွေးဓာတ်ဘူး၊ ရေးနွေးခွက် ၅ ခွက်၊ လက်ဖက်သုပ်တစ်ပွဲ၊ ဂျင်းသုပ်တစ် ပွဲ၊ ထန်းလျက်ထုပ် တစ်ထုပ် ပါလာတယ်။ လက်ဖက်သုပ် ပန်းကန်မှာ ဂျိန်းဖောသူ၊ ဂျင်းသုပ်မှာ ပန်းကန်မှာ တောင်ကြီးသူ ဆိုပြီး စာလေးတွေပါ ကပ်ထားတာကို တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့ ဆိုစေချင်တဲ့ သီချင်း လေးတွေကိုလည်း စာရွက်လေးတစ်ရွက်မှာ ရေးပြီးတော့ ပေးလိုက်သေးတယ်။ ရေနွေးသောက်၊ လက်ဖက် သုပ်၊ ဂျင်းသုပ်စား ၅ မိနစ်လောက်နားကြတယ်။ ကျွန်တော်က ဘာလို့စာ လေးတွေ ရေးထား တာလဲလို့ မေး ကြည့်တော့ အဆောင်မှာ အခြမ်း ၂ ခြမ်းခွဲထားတယ်တဲ့။ ကိုကျော် ကြီးရဲ့ ကောင်မလေးက မြစ်ကြီးနားက ဆို တော့ ဂျိန်းဖောသူလို့ တင်စားခေါ်ဝေါ်ကြပြီး၊ ကျွန်တော့် အစ်ကိုရဲ့ကောင်မလေးကတော့ တောင်ကြီးကမို့လို့ တောင်ကြီးသူလို့ ခေါ်တာဆိုပြီး ပြောပြတယ်။ လက်ဖက်သုပ်၊ ဂျင်းသုပ် ပန်းကန်လေးတွေကိုင်ပြီး အဆောင် ဘက်ကို ကိုင်ပြပြီး စားပြနေကြတယ်။ ပြီးတာနဲ့ သူတို့ ဆိုပြဖို့ ပြောပြလာတဲ့ သီချင်းစာရွက်လေးကို ထုတ်ပြီး တစ်ပုဒ်ပြီး တစ်ပုဒ် တီးပြ၊ ဆိုပြ ကြတယ်။ ကိုကျော်ကြီးက ဂစ်တာတီးတော်တော် ကောင်းတယ်ဗျာ။ သီချင်း အားလုံးကို ဘာ Note မှ မကြည့်ဘဲ တီးသွားတာ။ အရမ်းပျော်ဖို့ ကောင်းတာဘဲဗျာ။ ည ၁၁ နာရီကျော်ကျော် လောက်မှာ အဖွဲ့ ၁ ဖွဲ့ရောက်လာတယ်။ အဖွဲ့ထဲက တစ်ယောက်က အစ်ကိုတို့ဆီလာပြီးတော့ သူတို့အဖွဲ့ သီချင်း ၃ ပုဒ် လောက် တီးချင်လို့ပါဆိုပြီး ပြောပြလာတယ်။ အစ်ကိုတို့လည်း ခွင့်ပြုလိုက်ရော သူတို့ သီချင်း ၃ ပုဒ် တီးကြပါတယ်။ သူတို့ အဖွဲ့ သီချင်းစပြီးဆိုတဲ့အချိန်မှာဘဲ အဆောင်က အခန်းတစ်ခန်းက မီးလေး ပွင့် လာပါတယ်။ အဲဒီဘက်က အစ်ကိုတွေလည်း အားတွေတက်သွားပြီး အပြုံးတွေနဲ့ သီချင်းတွေ ဆက် တီးကြ တယ်။ သီချင်း ၃ ပုဒ်လည်း ဆိုပြီးရော သူတို့ ကျေးဇူးတင်တဲ့ အကြောင်းပြောပြီး အေးအေး ဆေးဆေးဘဲ ပြန် သွားကြတယ်။ တက္ကသိုလ်ကျောင်းသား အချင်းချင်း နားလည်မှုထားတဲ့ စိတ်သ ဘောထားလေးကို ကျွန်တော် အရမ်းကြိုက်သွားတယ်ဗျာ။ ၁၂ နာရီလောက်မှာ ကျွန်တော်တို့ အဖွဲ့ ပြန်လာကြတယ်။ ကိုကျော်ကြီးတို့ကို နှုတ် ဆက်ပြီး ကျွန်တော်နဲ့အစ်ကို ပြန်လာကြတယ်။ အိမ်ပြန်လာ တဲ့ လမ်းတစ်လျှောက်မှာ အစ်ကိုက သူ့ကောင်မ လေးနဲ့ စတွေ့ခဲ့တာလေးကို ပြောပြလာတယ်။ သူတို့ မေဂျာက ပုဂံ၊ ညောင်ဦး၊ ပုပ္ပါးကိုဘုရားဖူး လေ့လာရေး ခရီးထွက်တဲ့ အချိန်မှာ တွေ့ကြတယ်လို့ ပြောတယ်။ အစ်ကိုရဲ့ ကောင်မလေးက အစ်ကိုတို့မေဂျာက မဟုတ် ဘူး။ တစ်ခြားမေဂျာကနေပြီး သူ့သူငယ်ချင်းတွေခေါ်လို့ လေ့လာရေးခရီးကို လိုက်လာတယ်ဆိုတဲ့အကြောင်း၊ ညပိုင်း ပျော်ရွှင်ဖို့  ကောင်းတဲ့ မီးပုံပွဲအကြောင်း၊ ပါဆယ်ဂိမ်းအကြောင်းလေးတွေကို ပြောပြတယ်။ ကိုယ်တိုင်ပါဝင်ခဲ့သူ မပြောနဲ့ တစ်ဆင့်ပြန်ကြားရတဲ့ ကျွန်တော်တောင် ပုံရိပ်တွေကို မြင်ယောင်ပြီး ကြည်နူးနေမိပါတယ်။ တက္ကသိုလ်ဆိုတာ အဲဒီလို ပျော်ဖို့ကောင်းတာပါလား၊ လွတ်လပ်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ တက္ကသိုလ် ဆိုတာကို ကျွန်တော် အရမ်းတက်ချင်၊ ရောက်ချင်သွားတယ်။ ရောက်အောင်ကို ကြိုးစားမယ်ကွာလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားလိုက်မိတယ်။ အဲဒီတုန်းက ကျွန်တော် ၅ တန်းဘဲ ရှိပါသေးတယ်။ ကျွန်တော် ၁၀ တန်းအောင်တော့ တက္ကသိုလ်မိန်းကြီးထဲမှာ မတက်ရတော့ဘူးတဲ့။ ဦးပိန်တံ တားဘက်မှာ အသစ်ဖွင့်ထားတဲ့ ရတနာပုံ တက္ကသိုလ်ဆိုတာကြီးမှာ သွားတက်ရတယ်။ မိန်းထဲက စိန်ပန်းပင်တွေနဲ့ အဝေးဆုံးကို ရောက်သွားတယ်။ အစ်ကိုနဲ့ အတူမိန်းထဲကို လိုက်လည်တုန်းက ငါ တက္ကသိုလ်ရောက်ရင် ဘယ်ဆိုင်မှာ ထိုင်မယ်။ ဒီစိန်ပန်းပင်ကြီးအောက်မှာ ကဗျာတွေလာရေးမယ်… စသဖြင့် ကျွန်တော်ရဲ့ စိတ်ကူးပုံရိပ်တွေအား လုံး ဝေးလွင့်ခဲ့ရတယ်။ အဆောင်တွေဆိုရင်လည်း ပုံစံ တွေ အနေအထားတွေ အားလုံး ပြောင်းလဲခဲ့တယ်။ ရင်နှီးတဲ့ သူငယ်ချင်းတော်တော်များများက ရတနာပုံ တက္ကသိုလ်အနားက အဆောင်တွေမှာ နေတာများတယ်။ ကိုယ်က မြို့ထဲမှာနေတဲ့ သူဆို တော့ သွားရလာရ အရမ်းခက်ခဲတော့ ညပိုင်းတွေ မသွားဖြစ်ဘူး။ ကျွန်တော့် အစ်ကိုနဲ့ အတူ လာတုန်း က မိန်းကြီးရဲ့ ပုံရိပ်တွေနဲ့ အခုကျွန်တော်ကြုံတွေနေရတဲ့ မိန်းကြီးနဲ့က အရမ်းကို ကွာခြားသွားတယ်။ ပျော်ဖို့တော့ အထိုက်အလျောက်ကောင်းပါတယ်။ ဒါပေမယ့် ပုံရိပ်တွေ ကွာခြားနေတယ်လို့ ကျွန်တော် ခံစားရတယ်။ ဖြစ်နိုင်ရင် ကျွန်တော် ငယ်ငယ်တုန်းကလို ကျွန်တော်တို့ မိန်းကြီးရဲ့ ပုံရိပ် တွေကို ပြန်လည်နိုးထလာစေချင်ပါတယ်။ တစ်ခါတည်းပါ ….. တစ်ကယ် တစ်ခါတည်းပါ …..
မိုးစက်
13 . 12 . 2007 ( 2:58 AM )

ဆက်ဖတ်ရန်...

Dec 3, 2007

ဘယ်သူ ဘယ်ဝှာမှန်း မသိတဲ့သူရေ ...

ကျွန်တော် တော်တော်ကို စိတ်ညစ်သွားတယ်ဗျာ။ တကယ်ပါ။ လုပ်လည်း လုပ်ရက်တဲ့ သူလို့ စိတ်ထဲ မှာ ထင်လိုက်မိပါတယ်။ ကိုယ့်ရဲ့ လုပ်အားခ အဖြစ် ရရှိလာတဲ့ ငွေလေးကို ပိုက်ဆံ အိပ်ကပ်ထဲမှာ ထည့်ထား လိုက်မိတယ်။ ပြီးတော့ အလွယ်တကူဘဲ ကျွန်တော် ထားနေကျ နေရာလေးမှာ ထားလိုက်မိတယ်။ ၁၀၀၀ တန် အသစ်တွေ ကို မျက်လုံးထဲမှာ မြင်ယောင်မိတုန်းပါဘဲဗျာ။ နောက်နေ့မနက်မှာ ကျွန်တော် လိုအပ်တဲ့ ပစ္စည်း တစ်ချို့ အပြင်မှာ သွားဝယ်တယ်။ လိုအပ်တဲ့ ငွေအနည်းငယ်လောက်ဘဲ ယူသွားပြီး ထားနေကျ နေရာလေးမှာ ဘဲ ပြန်ထားလိုက်မိတယ်။ အဆောင်နေတဲ့ လူတစ်ယောက်ဆိုတော့ လည်း အခန်းလာတဲ့ လူက ဗြောက် သောက်ပေါ့ဗျာ။ ကျွန်တော့် အခန်းဖော်တွေတော့ ကျန်ခဲ့ တာပေါ့။ ပစ္စည်းထွက်ဝယ်တာ ညနေပိုင်းမှ ပြန် ရောက်တယ်။ ပြန်လည်းရောက်ရော ထားနေကျ နေရာလေးမှာ ကြည့်လိုက်တော့ ကျွန်တော့် လစာတွေ မရှိ တော့ဘူးဗျာ။ အခန်းဖော်တွေကို မေးကြည့်တော့လည်း မသိကြဘူးတဲ့။ သွားတာပေါ့ဗျာ။ ကိုယ့်ရဲ့ လုပ်အား ခငွေလေး ကြက်ပျောက်၊ ငှက်ပျောက်ကို ဖြစ်သွားတယ်။ ဥစ္စာပျောက် ငရဲရောက်ဆိုတဲ့ အတိုင်း ဘယ်သူ့ ဘယ်သူ ကိုမှ မထင်လည်း မထင်သလို၊ အပြစ်လည်း မဆိုတော့ပါဘူး။ ကိုယ့် အသုံးမကျလို့၊ ငါ့ကို ဒီလိုတော့ မလုပ်ကြပါဘူး ဆိုတဲ့အတွေး၊ လူတိုင်းကို ယုံကြည်ပြီး ငွေကို အလွယ်တကူ ထားတတ်တဲ့ ကျွန်တော့်ကို၊ သူက ( ဘယ်သူ ဘယ်ဝှာမှန်းမသိ) သင်ခန်းစာ ကောင်းကောင်း ပေးသွားတာပါဘဲ။ ကျွန်တော် အခု တကယ်ကို စိတ်တွေ ညစ်နေပါတယ်ခင်ဗျာ။ ဒီလ ဘယ်လို နေထိုင်စားသောက်ရမလဲဆိုတာ မတွေးတတ်အောင်ပါဘဲ။ မတတ်နိုင်ဘူးလေ။ ကိုယ်မှ အသုံးမကျတာဘဲ ဟာ။ ဘယ်လိုမှကို မတတ်နိုင်ပါဘူး ခင်ဗျာ။ ချီးငှားပြီး အတတ်နိုင်ဆုံး ခြိုးခြံချွေတာပြီး သုံးစွဲရမှာပေါ့။ ဘယ်သူ ဘယ်ဝှာမှန်း မသိတဲ့ သူရေ … မင်းပျော်နိုင်ပါစေကွာ
မိုစက်
3 . 12 . 2007 ( 1:10 AM)

ဆက်ဖတ်ရန်...

Nov 24, 2007

ဗုဒ္ဓသြ၀ါဒ (၂)

လောင်းကစားသူအပြစ် ၆ ပါး
အောင်သူရန်ပွါး၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မ၀င်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန် အပြစ်တည်း။

မိတ်ဆွေပျက် ၆ ပါး
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊ လှည့်စားတစ်ထောက်၊ မျက်မှောက် လှည့်ချက်၊ နိုင်ထက်လုယူ၊ ဤသူခြောက်ပါး၊ မိတ်ဆွေထားက၊ ပျက်ပြား မိတ်ဆွေအပြစ်တည်း။

ပျင်းရိခြင်းအပြစ် ၆ ပါး
အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလွန်းလှရောင်၊ ဆာလောင်ပြင်းပြ၊ ၀မ်းဝလွန်းထွေ၊ နေကပညာ၊ မပွါးရာသည်၊ ခြောက်ဖြာ ပျင်းသူအပြစ်တည်း။

အကြီးအကဲကျင့်ဝတ် ၆ ပါး
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု့၊ ဤခြောက်ခုကား၊ ကြီးသူ့ကျင့်ရာ တရားတည်း။

ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ၀စီပရမ မိတ်ဆွေတု၊ အပြောသမား မိတ်ဆွေတု ဟုခေါ်သည်။

ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု
၁။ မကောင်းမှု ပြုသည်ကိုလည်း သဘောတူခြင်း၊
၂။ ကောင်းမှု ပြုသည်ကိုလည်း သဘောတူခြင်း၊
၃။ ရှေ့မှောက်တွင် ချီးမွမ်းခြင်း၊
၎။ နောက်ကွယ်၌ ကဲ့ရဲ့ခြင်း၊
ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အနုပ္ပိယဘာဏီ မိတ်ဆွေတု၊ ချစ်ဖွယ်ဆိုတတ်သော မိတ်ဆွေတု ဟုခေါ်သည်။

အပါယ်ဖော် မိတ်ဆွေတု
၁။ အရက်သေစာသောက်စားရာ၌ အဖော်လိုက်သူ၊
၂။ ညအခါ အခါမဲ့သွားလာရာ၌ အဖော်လိုက်သူ၊
၃။ ပွဲလမ်းသဘင်ကြည့်ရှု့ရာ၌ အဖော်လိုက်သူ၊
၎။ လောင်းကစားရာ၌ အဖော်လိုက်သူ၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အပါယသဟာယ မိတ်ဆွေတု၊ အပါယ်ဖေါ် မိတ်ဆွေတု ဟု ခေါ်သည်။

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို သမာနသုခဒုက္ခ မိတ်ဆွေစစ်၊ ဆင်းရဲအတူ ချမ်းသာ အမျှ မိတ်ဆွေစစ် ဟု ခေါ်သည်။

အကျိုးစီးပွါး ပြောကြားသော မိတ်ဆွေစစ်
၁။ မကောင်းမှုကို မပြုရန် တားမြစ်သူ၊
၂။ ကောင်းမှုကို ပြုရန်တိုက်တွန်းသူ၊
၃။ မကြားဘူးသေးသော သိမ်မွေ့နက်နဲသည့် အကြောင်းအရာကို ပြောကြားသူ၊
၎။ နတ်ရွာနိဗ္ဗာန် ရောက်ကြောင်း လမ်းကောင်း လမ်းမှန် ညွှန်ပြ ပြောဆိုသူ၊

ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အတ္ထက္ခာယီ မိတ်ဆွေစစ်၊ အကျိုးစီးပွါး ပြောကြား သော မိတ်ဆွေစစ် ဟု ခေါ်သည်။

စောင့်ရှောက်သော မိတ်ဆွေစစ်
၁။ မိမိ၏ ဆုတ်ယုတ်ပျက်စီးမှုကို မနှစ်သက်သူ၊
၂။ မိမိ၏ တိုးတက်ကြီးပွါးမှုကိုသာ နှစ်သက်သူ၊
၃။ မိမိအကြောင်း မကောင်းပြောသူကို တားမြစ်သူ၊
၎။ မိမိ၏ ဂုဏ်ကျေးဇူးပြောဆိုသူကို ချီးမွမ်းသူ၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အနုကမ္ပက မိတ်ဆွေစစ်၊ စောင့်ရှောက်သော မိတ်ဆွေစစ် ဟု ခေါ်သည်။

သောတာပန် ဖြစ်ကြောင်း ၄ ပါး
သူတော် သူမြတ်၊ ဆည်းကပ်မှန်စွာ။
သူမြတ်တရား၊ နာကြားသေချာ။
သင့်အောင်စိတ်ထား၊ တရားကျင့်ရာ၊
သောတာစစ်၊ ဖြစ်ဖို့ ကြောင်းလေးဖြာ။

မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် သာမညဖလ အခါတော်နေ့ အမှတ်တရ

မိုးစက်
24 . 11 . 2007 ( 11:30 AM )

ဆက်ဖတ်ရန်...

Nov 22, 2007

အဘိုးနှင့် သူ၏ငယ်ချစ်

တစ်ရက်မှာ ကျွန်တော်အစ်ကိုဒေါက်တာမျိုးဆွေနဲ့ စကားစမြည်းပြောဖြစ်ကြပါတယ်။ ထုံးစံအတိုင်း ရေနွေး သောက်ပြီး စကားပြောနေကြတာလား။ ဟင့် အင်း ဟုတ်ပါဘူး။ ညဉ့်နက်နက်ဖန်အိမ်ထဲက လရောင်တွေကို သောက်သုံးရင်း စကားစမြည်းတွေ ပြောဖြစ်ကြတာပါ။ သူနဲ့ကျွန်တော်ကတော့ ဆုံဖြစ်ခဲပါတယ်။ အဲဒီလို ဆုံဖြစ် ခဲ့ရင်လည်း ဆေးလိပ် အလွန်သောက်တဲ့ ကျွန်တော့်ကို ဆေးလိပ်ဖြတ်ဖို့အမြဲပြောလေ့ရှိပါတယ်။ “ မိုးစက် မင်း ဆေးလိပ် ဘယ်တော့ဖြစ်မှာလည်းကွာ၊ ငါကဆရာ
ဝန်မို့လို့ မင်းကို တရားချနေတာ မဟုတ်ဘူး၊ တကယ်ကို မကောင်းလို့ မင်းကို ဖြတ်ခိုင်းနေတာပါကွာ” “ဟုတ်ကဲ့ပါ အစ်ကိုရာ၊ လုပ်ငန်းခွင်ထဲမှာဝင်နေရတော့ စိတ်ထွက်ပေါက်ပေးတဲ့ အနေနဲ့ သောက်နေတာပါ” “အေး ထားလိုက်ပါတော့ကွာ စိတ်ထွက်ပေါက်ပေးတယ်ပေါ့၊ ဆေးလိပ်နဲ့ ပါတ်သက်ပြီး အဖြစ်အပျက်လေးတစ် ခုကို အစ်ကို ပြောပြချင်တယ်ကွာ”ဆိုပြီး ဆေးလိပ်နဲ့ ပါတ်သက်တဲ့အကြောင်းလေး ပြောဖြစ်ကြပါတယ်။ သူနဲ့ ကျွန်တော် ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာလေးကို ကျွန်တော် ဆေးလိပ်ရဲ့ ကျေးကျွန် ဆိုတဲ့ အမည်နဲ့ စာရေး ခဲ့ပါတယ်။
“ဟုတ်ပြီ။ အစ်ကိုက ကျွန်တော့်ကို ဆေးလိပ်ဖြတ်ခိုင်းတယ်။ အစ်ကိုအရက်သောက်တာကရော ကောင်း လို့လား၊ အရက်ဆိုတာ ငါးပါးသီလထဲမှာ တစ်ပါးအပါအ၀င်နော်။ ကျွန်တော့်ဆေးလိပ်က မပါဘူးဗျ ဟဲ…ဟဲ” “ အေး … ငါ့အရက်က ငါးပါးသီလထဲမှာတော့ ပါတာမှန်တယ်။ ဒါပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်ရင် ကောင်းတယ်ကွ။ အဲဒါနဲ့ ပါတ်သက်ပြီးတော့လည်း မင်းကို ငါ့အဘိုးအကြောင်း ပြောပြရဦးမယ် ဆိုပြီး ပြောပြ လေရာ … ကျွန်တော် အခုရေးသားသော အဘိုးနှင့် သူ၏ ငယ်ချစ် ဆိုသည့် Blog ပေါ်ပေါက်လာရပေသည်။ ကျွန်တော်တို့မှာ စကားပြောရင်း၊ သောက်ရင်း ပြောဆိုကြသည်ဖြစ်ပေရာ၊ စာဖတ်သူအနေဖြင့် ဖတ်ရ သည်မှာ ပျင်းရိငြီးငွေ့ဖွယ် ဖြစ်ပေလိမ့်မည်။ သို့ပါသောကြောင့် ဆီလျော်အောင် အတတ်နိုင်ဆုံးကြိုးစားရေးသားပြီး ဖော် ပြ လိုက်ရပေသည်။ :P

အရက်ဆိုတဲ့ အသံကြားတဲ့အခါ အချို့က နှာခေါင်းရှုံ့ကြလိမ့်မယ်။ အချို့က သဘောမကျတဲ့အကြည့်နဲ့ ကြည့်ကြလိမ့်မယ်။ အချို့က ပျော်ရွှင်သွားလိမ့်မယ်။ အရက်နဲ့ ပတ်သက်ပြီး ရှု့ထောင့်အမျိုးမျိုးကနေ ခံစားကြပါ လိမ့်မယ်။ အရက်နဲ့ ပတ်သက်တဲ့ သက်သေ သာဓကတွေ အမျိုးမျိုးကြားဖူးကြပါလိမ့်မယ်။ မကောင်းတာတွေ ရော၊ ကောင်းတာတွေရောပေါ့။ အရက်ဟာ သူ့ကို စည်းလွတ်ဝါးလွတ် သောက်သုံးသူတွေအတွက် အမျိုးမျိုး သော ဆိုးကျိုးတွေပေးသလို ဆေးအဖြစ် စည်းကမ်းတကျ သောက်သုံးသူတွေရဲ့ ကျန်းမာရေးကိုတော့ ကောင်း မွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ မြန်မာဆိုရိုးစကားအတိုင်း အရက်ကို ဆေး အဖြစ် စည်းကမ်းတကျ မှီဝဲနိုင်ပါတယ်။ တစ်နေကုန် အရက်အလွန်အကျွံသောက် မူးရူးပြီးကြာလာတဲ့အခါ ဆိုးဝါးတဲ့ ဝေဒနာတွေ ခံစားရသလို အရက်ကို ဆေးအဖြစ်သောက်သုံးပြီး အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာ နေရသူတွေကိုလည်း တွေ့နိုင်ပါတယ်။
အရက်သည် စနစ်တကျသောက်သုံးသူအား အရက်လုံးဝမသောက်သူ၊ အရက်ကို အလွန်အကျွံ သောက်သုံးသူများထက် ပို၍ ကျန်းမာစေပါတယ်။ အရက်ကို စနစ်တကျ သောက်သုံးခြင်းအားဖြင့် နှလုံးသွေး ကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ သတိမေ့ရောဂါ၊ လေဖြန်းရောဂါ စသည်တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိများအရ အရက်ကို အသင့်အတင့်သောက်သုံးသူများ ( Moderate drinkers) သည် လုံးဝ မသောက်သူ၊ အလွန်အကျွံသောက်သုံးသူများထက် နှလုံးရောဂါဖြစ်ပွားမှုနှုန်းကို သိသိသာသာလျော့ကျစေပါ သည်။ အရက်ကို ဆေးအဖြစ် အသင့်အတင့် မှီဝဲခြင်းအားဖြင့် နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့နည်းအောင် တားဆီးနိုင်ပါသည်။ သို့ဖြစ်ရာ နေ့စဉ် ဆေးဖြစ်ဝါးဖြစ် မှီဝဲနိုင်သည့် အရက်၏ ပမာဏကို သိရှိထားရန်လိုအပ်လှ ပါတယ်။ နေ့စဉ်ဆေးအဖြစ် သောက်သုံးနိုင်သော အရက်၏ပမာဏမှာ ၀.၆ အောင်စဖြစ်သည်။
အယ်လ်ကိုဟော ( Alcohol ) ၀.၆ အောင်စ ပါဝင်သော ယမကာအမျိုးအစား၏ ပမာဏများမှာ
၁။ အယ်လ်ကိုဟောပြင်းအား ပမာဏ ၄% (သို့) ၇% ပါဝင်သော ဘီယာတစ်လုံး (၃၇၅ မီလီမီတာ)
၂။ အယ်လ်ကိုဟောပြင်းအား ပမာဏ ၁၂% ပါဝင်သော ၀ိုင်တစ်ဖန်ခွက် (၁၀၀ မီလီမီတာ)
၃။ အယ်လ်ကိုဟောပြင်းအား ပမာဏ ၄၀% (သို့) ၄၃% ပါဝင်သော Vodka, Gin, Rum, Scotc စသည့် အရက်ပြင်းတစ်ပက်ခန့် ( ၃၀ မီလီမီတာ)။
သို့ဖြစ်ပါ၍ ကျန်းမာရေးအတွက် နေ့စဉ်ဆေးအဖြစ်မှီဝဲလိုပါက အထက်ပါအမျိုးအစား (၃)မျိုးမှ တစ်မျိုး မျိုးကို နေ့စဉ် သောက်သုံးနိုင်ပါသည်။ ရောင်းရင်းရေ… ရောင်းရင်းက အရက်ပြင်းကြိုက်သူဖြစ်ရင်တော့ တစ်ပက်ခန့်ကို ဆေးအဖြစ် နေ့စဉ်မှီဝဲနိုင်ပါတယ်။ သို့မဟုတ် ၀ိုင်ကြိုက်သူဖြစ်ရင်တော့ ၁၀၀ မီလီမီတာ ခန့်ရှိတဲ့ ၀ိုင်ဖန်ခွက်ကို မိတ်ဆွေ သောက်သုံးနိုင်ပါတယ်။ ဤနည်းနဲ့ ရောင်းရင်းရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေ နိုင်ပါတယ်။ အရက်ကို ဆေးအဖြစ် နှစ်ပေါင်းများစွာမှီဝဲခဲ့ပြီး ကျန်းမာနေတဲ့ အဘိုးတစ်ယောက်အကြောင်း မိတ် ဆွေကို ပြောပြချင်ပါတယ်။
အဘိုးက ဘုန်းကြီးကျောင်းသား၊ ကိုရင်လေးဝါရခဲ့သူပါ။ ဘုန်းကြီး ကျောင်းပညာရေးစနစ်နဲ့ ကြီးပြင်းလာခဲ့ရသူ ဖြစ်ပေမယ့် စာရေးတတ် ဖတ်တတ်ရုံမက စာဖတ်ဝါသနာလည်းပါ ပါတယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စတာတွေကို အမြဲဖတ်လေ့ရှိပါတယ်။ သူအနှစ်ခြိုက်ဆုံးကတော့ ကျန်းမာရေး ဆောင်းပါးတွေ ပေါ့။ ကျွန်တော့်ငယ်ဘ၀မှာ နေ့စဉ် အဘိုးအဘွားနဲ့အတူ ညနေထမင်းစောစော စားပါတယ်။ အဘိုးဟာ ထမင်း မစားခင် အရက်သောက်လေ့ရှိပါတယ်။ အဘိုးသောက်နေကျ အရက်ကတော့ ရမ်၊ တစ်ခါတစ်ရံတော့ ၀ီစကီ ပေါ့။ အဘိုးဟာ အလွန်အကျွံသောက်လေ့မရှိပါဘူး။ အရက်ပုလင်းကိုလည်း အနားမှာ ယူထားလေ့မရှိပါဘူး။ စတီးမတ်ခွက် အသေးလေးနဲ့ အရက်ထည့်၊ ဘေးဘက်မှာ စတီအခွက်ကြီးနဲ့ ရေထည့်ပြီး အမြည်းတစ်မျိုး၊ နှစ်မျိုးနဲ့ ညစာမစားခင် သောက်လေ့ ရှိပါတယ်။ အဘိုးအရက်သောက်ပြီးတဲ့ အချိန်ကျမှ ကျွန်တော်နဲ့ အဘွားက အဘိုးနဲ့ အတူညစာစားကြပါတယ်။ ထမင်းစားပြီးတာနဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ လေညှင်းခံရင်း ထိုင်လေ့ရှိပါတယ်။ ကျွန်တော်နဲ့ အဘွားက ကွပ်ပျစ်ပေါ်မှာ လဲလျောင်း အပန်းဖြေ၊ အဘိုးကကြိမ်ကုလားထိုင်ပေါ်မှာထိုင်ပြီး တစ်နေ့တာ အပန်းဖြေရင်း စကားပြောကြတာပေါ့။ ပြန်မရနိုင်တော့တဲ့ အရမ်းအေးချမ်းတဲ့ ငယ်ငယ်ကလေးဘ၀တစ်ချို့ ပါဘဲ။ မှောင်စပျိုးလာတာနဲ့အမျှ လရောင်က တိုးတိုးလာပါတယ်။ လပြည့်ညတွေဆိုရင် လရောင်ဟာ ရင်သပ်ရှု မောဖွယ်ကောင်းလောက်အောင်ကို လှပပါတယ်။ ကျွန်တော်နဲ့အဘွားဟာ ကွပ်ပျစ်ပေါ် ပက်လက် လဲလျောင်း နေတော့ အညာမြေရဲ့လရောင်ကို ကောင်းကောင်းခံစား ငေးမောခွင့်ရကြတာပေါ့။ အဘွားရဲ့လက်မောင်းလေးကို ခေါင်းအုံးပြီး တမာပင်တွေကြားကနေ ဖြာကျလာတဲ့ လရောင်ကိုခံစားရင်း လပြည့်ဝန်းကို ငေးမောကြည့်ရ တာဟာ ကျွန်တော့်အတွက်တော့ ရင်သပ်ရှုမောဖွယ်ရာ ညရှုခင်းပါဘဲ။ ပြန်တွေးမိတိုင်း အမြဲလွမ်းမောတသရ တဲ့ အချိန်ကာလတွေပေါ့။
အဘိုးနဲ့အဘွားဟာ နေ့စဉ်လိုလို ပုံပြင်ပြောပြပါတယ်။ တစ်ခါတစ်ရံတော့ သူတို့ ငယ်ဘ၀အကြောင်း တွေ ပြောပြတတ်တယ်။ အဘိုးတို့ မိသားစုရဲ့ ဒုက္ခတွေ၊ အဘိုးနဲ့အဘွား စတွေ့ခဲ့တဲ့ အကြောင်းတွေကို နား ထောင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော် အနှစ်ခြိုက်ဆုံး အကြောင်းအရာကတော့ အဘိုးနဲ့အဘွား တွေ့ဆုံချစ်ကြိုက်ခဲ့ ပုံတွေပါဘဲ။ အဘိုးမေးခဲ့တဲ့ မေးခွန်းတစ်ခုကို အခုအချိန်ထိ ကျွန်တော် အမြဲသတိရနေပါတယ်။ တစ်နေ့ ကျွန်တော်တို့ မြေးအဘိုးသုံးယောက် အိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာထိုင်ပြီး စကားလက်ဆုံကျနေတဲ့အချိန်ပေါ့။ အဘိုးဟာသူ့ငယ်ဘ၀ အကြောင်းတွေ ပြောပြရင်းနဲ့ အရွှန်းဖောက်ပြီး “ငါ့မြေး … အဘိုးရဲ့ငယ်ချစ်က ဘယ်သူ လဲသိလား”လို့ ရယ်ရယ်မောမောနဲ့ မေးပါတယ်။ အဲဒီအချိန်မှာ အသက်(၇၀)ကျော် ကျွန်တော့်အဖွားရဲ့မျက်နှာ မှာ အပျိုးလေးတွေလို ရှက်သွေးထသွားတာကို သတိထားမိလိုက်တယ်။ အဲဒီတော့ အဖြေကို ကျွန်တော် လွယ် လွယ်ကူကူပဲ စဉ်းစားပြီး “အဘိုးရဲ့ ငယ်ချစ်က အဘွားပေါ့” လို့ဖြေလိုက်တာပေါ့။ အဘိုးက ခေါင်းရမ်းပြီး “မဟုတ်ဘူး ငါ့မြေး”..။ အဲဒီအခါ ကျွန်တော်ထင်လိုက်တာက အဘိုးမှာ အဘွားမတိုင်ခင် တစ်ယောက်တော့ရှိ မှာပေါ့။ ကျွန်တော် ထင်တာ လုံးလုံးတော့မမှားပါဘူး။ အဘွားကလည်း အိမ်ထောင်သက်(၅၀)ကျော်မှာ ဒါပထမ ဆုံးအကြိမ် ကြားဖူးတဲ့အတွက် သူ့အရင် တစ်ယောက်များရှိလေမလားဆိုပြီး ရင်ထိတ်နေတာ သိသာပါတယ်။ အဘွားရဲ့မျက်လုံးတွေမှာ စိုးရိမ်စိတ်တွေသန်းလို့။ နောက်တော့မှ အဘိုးက ခပ်ပြုံးပြုံးနဲ့ “အေး … ငါအသက် ၂၂ နှစ်မှ မင်းအဘွားကို စချစ်ခဲ့တာငါ့မြေးရဲ့၊ အဘိုးရဲ့ ငယ်ချစ်က မင်းအဘွား မဟုတ်ဘူး၊ အဘိုးညနေတိုင်း သောက်နေတဲ့ အရက်ပေါ့။ ငါသူ့ကို ချစ်လာတာ မင်းအဘွားနဲ့ မတွေ့ခင်ကတည်းကကွ။ အဲဒါကြောင့် ငါရဲ့ ငယ်ချစ်က အရက်ပေါ့ကွာ။ အဲဒီတော့မှ အဘွားလည်း ပြုံးနိုင်တော့တယ်။ ကျွန်တော်နဲ့ အဘိုးကတော့ အားပါး တရ ရယ်မောတော့တာဘဲ။ “အဘိုးက အဘိုးရဲ့ငယ်ချစ် ဒီအရက်ကို စည်းလွတ်ဝါးလွတ် မသောက်ပါဘူး။ ပုံမှန် တစ်ပက်၊ တစ်ပက်ခွဲပါဘဲ ငါ့မြေးရယ်” ဟုတ်ပါတယ်။ ကျွန်တော် တွေ့သလောက် အဘိုးက ညနေတိုင်း ထမင်း မစားခင် တစ်ပက်၊ တစ်ပက်ခွဲဘဲ သောက်တာပါ။ အခုအချိန်ထိတိုင်အောင် သူရဲ့ငယ်ချစ်ကို အဘိုးက ခင်တွယ် ဆဲပါ။
အခုဆို အဘိုးအသက် ၈၄နှစ်ထဲရောက်နေပါပြီ။ အဘိုးဟာ အတော့်ကိုကျန်းမာပါတယ်။ သွေးတိုးရော ဂါ၊ နှလုံးရောဂါစတဲ့ ရောဂါဘယတွေမရှိပါဘူး။ ကျွန်တော်တို့ ညီအစ်ကိုတတွေ တက္ကသိုလ် ကျောင်းသားဘ၀ ရောက်တဲ့အခါအဘိုးက ၇၇-၈၀နှစ်ပါ။ အဲဒီအချိန်မှာတောင် အဘိုးက ကျွန်တော်တို့ညီအစ်ကို သုံးယောက်ကို မောင်းလှဲဖို့ စိန်ခေါ်ပါတယ်။ သူ့ကိုနိုင်ရင် ကြိုက်တာ ၀ယ်ပေးမယ်လို့ပြောပြီး အမြဲစိန်ခေါ်လေ့ရှိပါတယ်။ ကျွန်တော်တို့ လူငယ် သုံးယောက်လုံး ဘယ်သူမှ အဘိုးကို နိုင်အောင် မလှဲနိုင်ခဲ့ပါဘူး။ အဘိုးက သူရဲ့အသက် ၈၃နှစ်ထိအောင် စက်ဘီး ကောင်းကောင်းစီးနိုင်ပါတယ်။ ကျန်းမာရေးကတော့ တကယ့်ကို ဒေါင်ဒေါင်မြည်ပါဘဲ။ အဘိုးသာငယ်ငယ်ရွယ်ရွယ်နဲ့ အရက်ကို စည်းလွတ်ဝါးလွတ်သောက်ခဲ့မယ်ဆိုရင် ဒီအသက်အရွယ်မှာ အခုလို ကျန်းမာရေးမျိုး လုံးဝမရနိုင်ဘူးဆိုတာကတော့ သိပ်ကိုသေချာပါတယ်။
ကျွန်တော်အိမ်ကိုပြန်တဲ့အခါတိုင်း ကျွန်တော့်အဘိုးအတွက် လက်ဆောင်တစ်ခု အမြဲပါပါတယ်။ အဘိုး ဟာအဲဒီလက်ဆောင် ပေးတိုင်းအရမ်းကိုပျော်ပါတယ်။ ကျွန်တော်ပေးနေကျလက်ဆောင်ဟာ ရောင်းရင်းထင် ထားတဲ့အတိုင်း အဘိုးဆေးဖြစ်ဝါးဖြစ် သောက်နေကျ အဘိုရဲ့ငယ်ချစ် အရက်ပါဘဲ။ အင်း… ဒီလိုညနေခင်းဆို အဘိုးတစ်ယောက် ဆေးဖြစ်ဝါးဖြစ် အရက်သောက်နေပါလိမ့်မယ်။ အရက်သောက်၊ ညစာစားပြီးတာနဲ့ အဘိုး ဟာ အဘွားနဲ့အတူတူ ကွပ်ပျစ်လေးပေါ်မှာ ထိုင်နေဦးမှာပါဘဲ။ အဘိုးနဲ့အဘွား လရောင်အောက်မှာ စကားတွေ တီးတိုးပြောဆိုနေကြပါလိမ့်မယ်။ ကျွန်တော်ကတော့ အဝေးတစ်နေရာကနေ အဘိုးနဲ့အဘွား ပြောနေမယ့် စကားသံတွေကိုမှန်းဆပြီး တမ်းတကြားယောင်နေမိပါတယ်။ စကားဝိုင်းလေးဟာ အရင်လို မစိုပြေနိုင်သည့်တိုင် ကြည်နူးဖွယ်ကောင်းနေမှာပေါ့။ လရောင်ကတော့ တမာပင်တွေကြားကနေ ဖြာကျနေပါလိမ့်မယ်။ အညာလေး ညှင်းလေးကလည်း တစ်ချက်တစ်ချက် ဝှေ့တိုက်နေပါလိမ့်မယ်။ ကောင်းကင်မှာတော့ ကြယ်ရောင်စုံတွေ လင်း လက်နေရောပေါ့။
ရောင်းရင်း … ရောင်းရင်းဟာ အရက်ကိုလုံးဝမသောက်သုံးတဲ့သူ (ဒါမှမဟုတ်) တစ်ခါတစ်ရံမှသာ သောက်တဲ့သူ ဖြစ်ပါက ဆေးအဖြစ်နေ့စဉ် မမှီဝဲ၍ နှလုံးရောဂါတွေများ ပိုဖြစ်နေမလားဟူ၍ တွေးတောကာ ပူပင်နေစရာမလိုပါ။ သို့သော် မိတ်ဆွေဟာ အရက်ကို အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် အလွန်အကျွံ သောက်သုံးနေတဲ့သူ ဖြစ်ပါက အလွန်အကျွံသောက်ခြင်းကို ရပ်ပြီး၊ ဆေးအဖြစ်သောက်သုံးနိုင်သည့် ပမာဏကို သာနေ့စဉ်မှီဝဲ သောက်သုံးပါရန် တိုက်တွန်းရင်း…
ဒေါက်တာမျိုးဆွေ …
မိုးစက်
22 . 11 . 2007 Thu ( 1:32 AM )

ဆက်ဖတ်ရန်...

Nov 19, 2007

ငါ ဘာကောင်လဲ .....???

ကို Zerotrash ပြောမှဘဲ ကိုယ့်ကိုယ့်ကို မှန်ထဲ သေချာပြန်ကြည့်မိတယ်။ လူဆိုတာက ကိုယ့်ကိုယ်ကို အပြစ် မြင်ဖို့တော့ အခက်သားလား။ ကျွန်တော် လုပ်ငန်းခွင်ကိုဝင်တဲ့ တစ်ရက်မှာဘဲ မိတ်ဆွေတစ်ယောက်နဲ့ စကား လက်ဆုံ ပြောဖြစ်တယ်။ မိတ်ဆွေက ကျွန်တော် မြင်သမျှ သူ့မှာရှိတဲ့ အားနည်းချက်၊ အပြစ်တွေကိုပြော ပြစမ်း ပါတဲ့ လေ။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ မိုးလင်းပေါက်စကားပြောရင်တောင် ပြီးမှ မဟုတ်ဘူးလို့ ပြန်ပြော လိုက် ပါတယ်။ အခုတော့ ကိုယ့်ပုံစံ၊ ကိုယ်စိတ်နေစိတ်ထားကို၊ ကိုယ် ကိုယ်တိုင် စာတွေရေးသားရမယ့် အလှည့်ကို ရောက်လာပါပြီ။ ရေးတော့မယ်ဗျာ ……..
ပုံပန်းသဏ္ဍန်
© ဆံပင်ကအတို၊ အမြဲတမ်းအတိုဘဲထားတတ်တယ်။ ဘာလို့လဲဆိုတော့ ခေါင်းဖြီးရမှာပျင်းလို့၊ ပြီးတော့ ငယ် ငယ်လေးကတည်းက အုန်းဆီအနံ့ကို ခံလို့မရလို့။
© နဖူးကတော့ ပုံမှန်ပါဘဲ။ အများသူငါတွေလို မထူးမခြားပါဘဲ။ နဖူးပေါ်က မျက်ခုံးတွေကတော့ မည်းနက်နေ တယ်။ သူမတူအောင်ပေါ့။
© မျက်လုံးကတော့ အညိုရောင်ပါဘဲ။ အရာရာကိုကြည့်တိုင်း ထွင်းဖောက်ပြီး ကြည့်တတ် မြင်တတ်တယ်။ အထူးသဖြင့် မာတုကာမတွေကိုပေါ့ :D
© နှာတံကတော့ ခပ်ဆင်းဆင်းလေးပါ။ မီးမီး၊ မမ တွေရဲ့ အကြိုက်ပေါ့။
© နည်းနည်း ၀တယ်။ ဂျင်းဆိုရင် ၃၅ တောင် သိပ်မတော်ချင်တော့ဘူး။ ၀ ချင်လို့ ၀တာတော့ မဟုတ်ပါဘူး။ ချစ်သူ စိတ်ဆိုးတဲ့အခါ ဗိုက်ခေါက် ဆွဲလိမ်ရင် အသားမရှိမှာဆိုးလို့၊ သက်သက်မဲ့ ၀ ထားတာ။
© အလေးချိန် ထမင်းမစားမီ ၁၇၅ ပေါင်ခန့်၊ ဘာညာသောက် ထမင်းစားပြီး ၁၈၀ ခန့်။ :P
© လက်ချောင်း၊ ခြေချောင်းတွေကတော့ ခပ်တုတ်တုတ်ဘဲ။ ခပ်တုတ်တုတ်ဆိုလို့ လက်ကြမ်းကြီးလို့ ထင်ချင် ထင်နေမယ်နော်။ ဟုတ်ဘူး။ ကိုင်ဘူးတဲ့ ကောင်မလေးတွေကတော့ အရမ်းနုတယ်လို့ မှတ်ချက်ပေးကြတာဘဲ။
အချက်တွေအားလုံးကို ခြုံကြည့်လိုက်တော့ မဆိုးပါဘူး၊ သင့်ပါတယ်။ သင့်ပါတယ်ဆိုတော့ ဘယ်လို ပြောရမလဲ Handsome နဲ့ Gentleman ကြားထဲမှာလောက်တော့ ရှိတယ်ပေါ့။ အဲဒီလောက်ဆိုလည်း မဆိုးပါ ဘူး။ ချစ်သူကဆို ကျွန်တော့်ကို ရစ်ချက်ဒ်ဂီရိနဲ့တူတဲ့ ခန့်ချောကြီးတဲ့။ :D
စိတ်နေစိတ်ထား
© စိတ်ကြီးတယ်။ ဒေါသထွက်လွယ်တယ်။ ကောက်ရိုးမီးလိုဘဲ။ ခဏကြာရင် အေးဆေးဖြစ်သွားတတ်တယ်။
© သူများအကျိုး၊ ကိုယ့်အကျိုး ထိခိုက်သွားအောင် တစ်ခါမှ မလိမ်ဘူး ဘူး။
© ရန် ကိုအတတ်နိုင်ဆုံးရှောင်တယ်။ အခုအသက်အရွက်ထိ တစ်ခါမှ စကားများ ရန်ဖြစ်တာမျိုးမရှိဘူး။ အားလုံးနဲ့ တည့်အောင်နေတတ် ပေါင်းတတ်တယ်။
© သစ္စာတရားကို အရမ်းခုံမင်တယ်။ ဖောက်လွဲ၊ ဖောက်ပြန်တွေကို အရမ်းမုန်းတယ်။
© သီချင်းနားထောင်တာ ၀ါသနာပါတယ်။ တိုးတိုးလေး နားမထောင်တတ်ဘူး၊ Soundbox ကို Max လုပ်ပြီးမှ နားထောင်တယ်။
© စိတ်ညစ်တယ်ဆိုတာ တော်တော်ရှားပါတယ်။ အရာရာကို ပျော်ပျော်ဘဲ ရင်ဆိုင်ဖြစ်ခဲ့တယ်။
© အရက်၊ ဘီယာ၊ ဆေးလိပ် အားလုံးကြိုက်တယ်။ ဆေးလိပ်တော့ ဖြတ်လိုက်ပြီ။ ကျန်းမာရေးကြောင့် ကျန်တဲ့ နှစ်ခုကတော့ အမြဲတမ်းမဟုတ်တောင် တစ်ခါတစ်ရံတော့ …….
© ကိစ္စရပ်တစ်ခုကို မသိလို့လာမေးရင် အသေးစိတ် သေချာရှင်းပြတတ်တယ်။
© ကိုယ့်ကို ဆက်ဆံစေချင်သလိုမျိုး၊ လူတိုင်းကို ဆက်ဆံတယ်။
© ဖြစ်ချင်တာတစ်ခုကို စိတ်ထဲမှာ စွဲစွဲမြဲမြဲထား ဘုရား၊ တရားနဲ့အတူ တွဲပြီး အမြဲဖြစ်အောင် ကြိုးစားတယ်။ ဒီနေ့ အထိတော့ အားလုံး အဆင်ပြေခဲ့တာကြည့်ဘဲ။
အရမ်းချစ်တတ်တယ်။ ခံစားရ အရမ်းလွယ်တယ်။ မိသားစုအပေါ်ကို အရမ်းတွယ်တာလွန်းတယ်။ ဘာ ဘဲဖြစ်ဖြစ် ကိုယ်ကဘဲ လုပ်ပေးချင်တယ်။ သူငယ်ချင်းတွေနဲ့ ပါတ်သက်လာရင် ကိုယ်က အမြဲအနစ်နာခံပြီး ပေါင်းတတ်သင်းတတ်တယ်။ ဒီနေ့အထိ ကျွန်တော့်မှာ ရန် အင်မတန်နည်းပါးတယ်လို့ထင်တယ်။ အခြား စိတ်နေစိတ်ထားတွေလည်း အများကြီး ရှိဦးမှာပါ။ ကျွန်တော် ချရေးလိုက်တာတော့ တော်တော်များများထွက် လာတယ်။ ကိုယ့်အကြောင်းတွေကို ရင်ဖွင့်လိုက်ရလို့ စိတ်ထဲမှာ တော်တော်ပေါ့သွားတယ်။ လာပြီး Tag တဲ့ ကိုZeroTrash ကိုကျေးဇူးတင်ပါတယ်။ ဒီလောက်ပါဘဲ။
မိုးစက်

19 . 11 . 2007 (1:16 AM)

ဆက်ဖတ်ရန်...

Nov 14, 2007

ဖွင့်ဟ၀င်ခံခြင်း (၂)

အားလုံး မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော့် ဘလောဒ့်ကို လာရောက်လည်ပတ်တဲ့ မိတ်ဆွေ၊ သူငယ်ချင်း အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒတွေအားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အခုတလော ကျွန်တော် စာသိပ် မရေးဖြစ်ဘူးဗျာ။ အလုပ်တွေ အရမ်းရှုပ်နေတာလည်းပါတယ်။ နောက်တစ်ခုက ကျွန်တော့်ဘလောဒ့်မှာ တင်ဖို့ဆိုပြီး၊ ကျွန်တော်စာတွေ အများကြီးရေးထားပါတယ်။ ဟိုအကြောင်းလေး တွေးမိပြန်ရင်ချရေးလိုက်၊ ဒီအကြောင်းလေး တွေးမိပြန် ရင်လည်း ချရေးလိုက်နဲ့ အားလုံးကို ရေးထားတာပါ။ ကျွန်တော် နေ့တိုင်းစာတွေ ရေးနေပါတယ်။ ဒါပေမယ့် တစ်ခုမှ အဆုံး မသတ်ဘူး ဖြစ်နေတယ်ဗျာ။


Everything Is Blogable ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ၀ထ္တုတိုပိုင်းကို ပိုအားသန်ပြီး ရေးချင်တာကြောင့်၊ တင်ပြချင်တဲ့ အကြောင်းအရာတော်တော်များများကို ကျွန်တော် ၀ထ္တုတိုပုံစံမျိုး ဖြစ်နိုင် အောင် အတတ်နိုင်ဆုံး ရေးသားခြင်းပါ။ ကွန်ပျူတာထဲမှာလဲ ဟိုတစ၊ ဒီတစ ရေးထားတဲ့ Word ဖိုင်တွေဆိုရင် အများကြီးပါဘဲ။ နေ့တိုင်းတော့ စာတွေရေးနေတာဘဲ တစ်ခုမှ အဆုံးမသတ်ဘူးဖြစ်နေတယ်။ ဒီနေ့မှာတော့ ဘလောဒ့်တွေကို သွားလည်ရင်း ကျွန်တော် ဘလောဒ့် ဘယ်နှစ်ပုဒ် ရေးပြီးပြီလဲ၊ တစ်လကို ကျွန်တော် ဘယ် လောက်ရေးနိုင်လဲ ဆိုတာကို သေချာကြည့်မိတယ်။ အများဆုံးရေးနိုင်တဲ့ လက ၃ ပုဒ်လောက်ဘဲရှိတယ်။ အဲဒီ ထက်ပိုပြီး မရေးနိုင်ဘူးဖြစ်နေတယ်။ တစ်ချို့ရေးထားတာလေးတွေရှိတယ်။ မပီပြင်တော့ ကျွန်တော် မတင်ပြ ချင်ဘူးဖြစ်နေတယ်ဗျာ။ ပြီးတော့ ကျွန်တော် ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်က အထက်တန်းကျောင်းသားဘ၀ လောက်ဘဲ လူမှုနယ်ပယ်ဖြစ်နေတော့ တစ်ချို့ကျွန်တော်ရေးချင်တဲ့အပိုင်းတွေမှာ မကျွမ်းကျင်တဲ့ လူမှုနယ်ပယ် တွေပါနေတော့ ရေးရတာ၊ စိတ်ထဲ တကယ်မလုံဘူးဖြစ်နေတယ်။ ကျွန်တော် သိသလောက်၊ ရေးတတ်သ လောက် ကျွန်တော့် ပတ်ဝန်းကျင်က အကြောင်းအရာလေးတွေကို အခြေခံပြီး ဒီလက စလို့၊ မပြတ်ရေးပြီး ကျွန်တော်ရဲ့ ဘလောဒ့်မှာ တင်ပြနိုင်အောင် ကြိုးစားသွားပါ့မယ်။ ပြန့်ကျဲနေတဲ့ အပိုင်းအစတွေကို အတတ်နိုင် ဆုံး စိတ်ထည့်ပြီး ရေးသားလိုက်ပါဦးမယ်။ အသစ်၊ အသစ်တွေကို စောင့်ဆိုင်းပြီး အားပေး ဖတ်ရှု့တဲ့ မိတ်ဆွေ သူငယ်ချင်း အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေခင်ဗျာ။

မိုးစက်

14 . 10 . 2007 ( 12:38 AM )


ဆက်ဖတ်ရန်...

Nov 13, 2007

အိတ်ထဲရှိတာ ထုတ်ကြွားခြင်း


ညီမလေး ဒီမိုက ကျွန်တော့်ကို Tag ထားတာ ကြာပါပြီ။ အိတ်ထဲရှိတာ ထုတ်ကြွားပါ အဲဟုတ်ပါဘူး ထုတ်ပြပါတဲ့။ အခုတလော ကျွန်တော် အရှုပ်တွေလုပ်နေမိလို့၊ ရေးတာနောက်ကျသွားပါတယ်။ ကျွန်တော်က အပြင်သွားရင် အမြဲတမ်း ဘေးလွယ်အိတ်တစ်လုံးတော့ ပါတယ်။ ကျောပိုးအိတ် သိပ်မလွယ်ဖြစ်ဘူး။ ဘေး လွယ်အိတ်ဘဲ လွယ်တာများတယ်။ ကဲ … အိတ်ထဲရှိတာ ထုတ်ပြပြီဗျာ …


၁။ အမြဲတမ်း သွားလေရာ ယူသွားနေကြ Notebook

၂။ ဟိုဟာ၊ ဒီဟာမှတ်ဖို့ စာအုပ်လေးတစ်အုပ်

၃။ ဘောလ်ပင်လေးတစ်ချောင်း

၎။ MP4 Player တစ်ခု

၅။ အမျိုးသမီးနဲ့ အဆက်အသွယ်တွေမပြတ်ဖို့ ဖုန်း

၆။ ကျောင်းသားကဒ်

၇။ ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီး စုံတွဲဓာတ်ပုံတစ်ပုံ

၈။ USB Flash Drive လေးတစ်ခု

၉။ ကားစီးရင် ခေါင်းမူးတတ်လို့ သူပေးထားတဲ့ ရှူဆေးဗူးလေးတစ်ဗူး

၁၀။ အမြဲဆောင်ထားတတ်တဲ့ တစ်ရှူးထုပ်လေးတစ်ထုပ်

အဲဒီကတော့ ကျွန်တော့်အိတ်ထဲရှိတာ အကုန်ပါဘဲဗျာ။ မယုံရင် လာကြည့်လို့ရတယ်နော်။ မန္တလေးထိ လာခဲ့။ မုန့်ကျွေးမယ်။

မိုးစက်

13 . 11 . 2007 ( 1:26 AM )


ဆက်ဖတ်ရန်...

Nov 10, 2007

လူမှာအ၀တ် တောင်းမှာအကွပ်

ကျွန်တော်ကလည်း လူတမျိုး၊ နည်းနည်း ဂွ ကျကျလူထဲမှာ ပါမယ်ထင်တယ်။ အရင်တုန်းကပါ။ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ နည်းနည်းလေး ဂျစ်စုတ်စုတ်ကျတယ်။ ဘယ်နေရာ၊ ဘယ်ကိုဘဲ သွားသွား ဖြစ်သလို ၀တ်စားသွားတတ်တယ်။ ပုဆိုက ပြဲလို့ ချုပ်ထဲတဲ့ အရာပါချင်ပါနေမယ်။ ပေါက်ချင်လည်း ပေါက်နေမယ်။ အင်္ကျီ ဆိုရင်လည်း ဒီအတိုင်းပါဘဲ မီးပူတွေ ဘာတွေ တိုက်နေမှ မဟုတ်ဘူး။ ဒီအတိုင်း တွန့်ကျေနေလည်း ၀တ်တာ ဘဲ။ တခါ တလေ ကြယ်သီးက ပြုတ်နေတတ်သေးတယ်။ စီးတဲ့ ဖိနပ်ကလည်း ကြည့်ဦး ရှိုးဝါး လို့ခေါ်တဲ့ ကြပ် ပေါင်ဖိနပ် ပဲ စီးတယ်။ ရေထဲလည်း စီးလို့ရတယ်။ အကြမ်းပတမ်းလည်း ခံတယ်ပေါ့။

အဲဒီလို ဘာလို့နေရတာလဲ။ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပေါ့ဗျာ။ အဲဒီလို ၀တ်လိုက်စားလိုက်လို့ ကိုယ့်မှာရှိပြီး သား ဂုဏ်ဒြပ်တွေ ကျမသွားဘူးလို့ စိတ်ထဲမှာ ခံယူလို့ပါ။ ဘယ်လိုလဲ နားရှုပ်သွားပြီလား။ ထပ်ရှင်းပြမယ်ဗျာ။ ကဲ ထားပါတော့ ကျွန်တော်က ဘွဲ့ရပြီးသား လူတစ်ယောက်ဗျာ။ ခုနပြောတဲ့အတိုင်း ၀တ်စားလိုက်လို့ ကျွန်တော် ဘွဲ့ရ ထားတယ်ဆိုတဲ့ ဂုဏ်ဒြပ်တစ်ခုကို ထိခိုက်မသွားဘူးလို့ထင်လို့။ နောက်ပြီး ကြီးကြီး ကျယ်ကျယ်လည်း မနေတတ် လို့။ မှတ်မှတ်ရရ အထက်တန်းကျောင်းသား ဘ၀မှာ ကျောင်းစိမ်း ၂ စုံဘဲရှိတယ်။ ပုဆိုး ၂ထည်၊ အင်္ကျီ ၂ ထည် ပေါ့။ ပုဆိုး ၁ ထည်က အောက်နားကပြဲနေတော့ ချုပ်ထားတဲ့ ချုပ်ရိုးအရာလေး ရှိတယ်။ အဲဒါ လည်း ၀တ်သွားတာ ဘဲ။ ကိုယ့်မှာက ဒါဘဲရှိတာကိုး။ နောက်ပြီး အပေါ် မှာရေးပြထားတဲ့ စိတ်အခံလည်း ရှိနေ တော့ ဒီလိုနေမြဲ၊ စားမြဲ၊ သွားမြဲ လုပ်ခဲ့တာပေါ့။
အဲဒီလိုနဲ့ပေါ့ဗျာ ….. ၁၀ တန်းအောင်၊ တက္ကသိုလ်ဆက်တက်ပေါ့။ တက္ကသိုလ်တက်တော့လည်း ဒီအ တိုင်း ပါဘဲ။ ဒါပေမယ့် ကျွန်တော် ၀တ်စားဆင်ယဉ်ပုံက ကိုယ့်ရှိတာလေးနဲ့ ဖြစ်အောင်၊ လိုက်အောင် ၀တ်ဆင် ပါတယ်။ သူများ အ၀တ်အထည်တွေကို ငှားပြီး မ၀တ်တတ်၊ ၀တ်ကောင်းစားလှ သိပ်မရှိတဲ့ ကျွန်တော်နဲ့၊ မူရင်း စိတ်အခြေခံ ရှိတဲ့ ကျွန်တော်နဲ့၊ အားလုံးဟာ ကွတ်တိပါဘဲ။ စရိုက်ကျအောင်တော့ ဘယ်တော့မှ ၀တ်စား မဆင်ပါဘူး။ သူငယ် ချင်း အပေါင်းအသင်း တွေထဲက အိုက်တင်များတဲ့ သူငယ်ချင်း တစ်ယောက်ဆိုရင် ကျွန်တော့်ကို သူ့အ၀တ်အစား တွေ ယူ၊ ယူလာပြီး ကျွန်တော့်ကို ၀တ်ဖို့ အမြဲတမ်းတိုက်တွန်းတယ်။ ဒါပေမယ့် “ ငါ အခုလို ၀တ်စားထားလို့ ငါ့မှာ ရှိပြီးသား ဂုဏ်သိက္ခာတွေ ကြမသွားပါဘူးကွာ၊ ဘာတွေဘဲ ၀တ်စား၊ ၀တ်စား ငါ ဟာ ငါပါဘဲကွာ” လက်သုံးတော် စကားတစ်ခွန်းဘဲ ကျွန်တော် ပြန် ပြန်ပြောဖြစ်တယ်။ အဲဒီလို ပြောလိုက် တိုင်းလည်း သူငယ်ချင်းတွေက “သူ့နေရာနဲ့ သူတော့ လိုက်ရော၊ ညီထွေအောင် ၀တ်စားသင့်တာပေါ့ကွာ။ မင်းမှာ မရှိလို့ ငါတို့က သူငယ်ချင်း ချင်း ပေးတော့လဲ မင်းက လက်သင့်မခံ၊ ခေါင်းမာတာတော့ မကောင်း ဘူးကွ။” “ အပိုတွေပါကွာ၊ မလိုပါဘူး” နောက်ဆုံး လက်လျော့ လိုက်ကြပြီး ဘာမှ မပြောကြတော့။
ကျွန်တော် ဘွဲ့ယူတဲ့ အခမ်းအနားကို ရောက်လာခဲ့တယ်။ မိဘတွေက သာမန်လူတန်းစားတွေပါ။ အဲဒီမှာ တင် အ၀တ်အစား၊ လက်ဝတ်လက်စား ပြဿနာတွေ တက်လာတော့တယ်။ နီးစပ်ရာ ဆွေမျိုးတွေ၊ အဒေါ်တွေက အမေ့ကို အ၀တ်အစားနဲ့၊ လက်ဝတ်လက်စားတွေ ထုတ်ပေးကြတာပေါ့။ ကျွန်တော်ကလည်း မလိုဘူး။ အမေတို့ အဲဒီတန်ဘိုးကြီး ပစ္စည်းတွေဝတ်မှ အမေ့သား ဘွဲ့ရမှာ မဟုတ်ဘူး။ ကိုယ့်မှာရှိတာလေးနဲ့ သင့်တင့်အောင် ၀တ်ပြီး သားကို ဂုဏ်ပြုပေးပါ။ ကိုယ်ပိုင်မဟုတ်တဲ့ အငှားပစ္စည်းတွေ ၀တ်ဆင်ပြီးတော့ ဘွဲ့ယူ အခမ်းအနားကို မတက်စေ ချင်ဘူး။ ဘွဲ့ယူ အခမ်းအနားလေး တက်ဖို့ရာအတွက် ဆွေမျိုးတွေနဲ့ ကတောက်က ဆလေးတွေ ဖြစ်လိုက်ရသေးတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ဘဲ အလျော့ပေးလိုက်ရတယ်။ ဆွေမျိုး တွေရဲ့ အမျိုးမျိုးဆင်ယင်ပေးမှုကြောင့် အမေ ပြည့်ပြည့်စုံစုံနဲ့ ဘွဲ့ယူအခမ်းအနားကိုရောက်လာတယ်။ အမေ့ကို ၀တ်ကောင်းစားလှတွေနဲ့ သိပ်မြင်တွေ့နေ ကျမရှိတော့၊ အခုလို ကျွန်တော့်ဘွဲ့ယူအခမ်းအနားမှာ အမေ့ကို တောက်ပြောင်စွာမြင်တွေ့လိုက်ရတော့ ဆွေမျိုး တွေကို ကျေးဇူးတင်ပါတယ်လို့ ပြောမိတယ်။ အမေရဲ့ အိုမင်းမှု တွေဟာ မိတ်ကပ်တွေနဲ့အတူ အ၀တ်အစား ၀တ် ဆင်ထား မှုတွေကြောင့် အားလုံး ပျောက်ကွယ်ပြီး နုသွား သလို ထင်မိတယ်။ ကျွန်တော့်ကိုလည်း ကြည့်ပါဦး။ စတိုင်လ်ပန်နဲ့ အပေါ်က ကုတ်ဒ်အင်္ကျီ၊ အောက်က ရှူးဖိနပ် ၀တ်ထားတယ်။ အပေါ်ကနေဘွဲ့ဝတ်စုံ ၀တ်ပြီး ဆင်ထားတာပေါ့။ ဘွဲ့ယူအခမ်းအနားလည်း ရောက်ရော သူငယ်ချင်းတွေက စကြပါလေရော… သူငယ်ချင်း တိုးဝင်း က “ငါ သေပျော်ပြီကွာ” နောက်တစ်ယောက်က “ ဘာဖြစ်လို့လဲ တိုးဝင်းရ၊ လင်းစမ်းပါဦး” “ သြော်… တစ်ခြားမ ဟုတ်ပါဘူး၊ ငါ့ကောင်ကြီးကို အခုလို ၀တ်ကောင်း စားလှနဲ့ မြင်လိုက်ရလို့ပါ” တဲ့။ ကဲ ပြီးကြပါလေရောဗျာ။ ဘာမှ ပြန်ပြောမနေတော့ပါဘူး။ ရယ်ဘဲ ရယ်နေလိုက် တယ်။ ဘွဲ့ယူအခမ်းအနားအပြီးမှာ … စပွန်ဆာယူထားတဲ့ Angel စတူဒီယိုမှာ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံ ရိုက်ဖြစ်တယ်။ စိတ်ထဲမှာ ဘာကိုလွမ်းလို့၊ လွမ်းမှန်မသိဘူး။ တစ်ခုခု ကို ဆုံးရှုံးသွားသလို ခံစားရတယ်။ သူများတွေလို စိန်ပန်းပြာတွေလွမ်းရအောင်လည်း၊ ကျောင်းတော်ကြီးထဲမှာ ဘာပင်မှ စိမ်းစိမ်းဆိုဆိုရှိတာ မဟုတ်။ အုတ်နီဆောင်တွေကို လွမ်းနေတာဖြစ်မယ်လို့ စိတ်ထဲမှာ ထင်နေမိတယ်။ ဘွဲ့ ယူပြီး အပြန် မန္တလေး မောင်မောင်လှတင့်(မန်းတက္ကသိုလ်) စတူဒီယိုမှာ မိသားစုနဲ့အတူဓာတ်ပုံတွေ ရိုက်ဖြစ်ပြန်တယ်။ အားလုံးရိုက် လို့ အပြီးမှာတော့ အမေက “ သား ဘွဲ့ဝတ်ရုံကြီးကို ချွတ်ပြီး ဓာတ်ပုံတစ်ပုံလောက် ရိုက်ပါဦးလား” လို့ ပြောလာ တယ်။ အဲဒါနဲ့ ကျွန်တော်လည်း ဘွဲ့ဝတ်ရုံကို ချွတ်ပြီး ရိုက်မလိုအလုပ်မှာ Camera man က “ညီလေး မှန်ကြည့် ပြီး နည်းနည်းလောက် ပြင်လိုက်ပါဦးလား၊ တစ်ရှုးနဲ့ မျက်နှာကချွေးလေးဘာလေး သုတ်လိုက်ပါဦး” Camera man အလိုကျ မှန်ရှေ့ရပ်ကြည့်မိလိုက်တယ်။ မှန်ရှေ့ကခွာပြီး မီးရောင်ရှေ့မှာ ထိုင်လိုက်တဲ့ အချိန်မှာ တော့ ကျွန်တော့်ရဲ့ အရိုးစွဲအောင် ကျင့်သုံးလာတဲ့ စိတ်အယူတစ်ခုကို ပယ်ဖျက်ချနိုင်ခဲ့ပါတယ်။ အဲဒါကတော့လူတိုင်း၊ လူတိုင်းမှာ ကိုယ်စီအလှတရားတွေ ရှိပါတယ်။ စိတ်အလှတရားကောင်းဖို့အပြင်၊ အပြင်ပိုင်း ရုပ်လဏ္ခာ အလှ တရားတွေအတွက် သင့်တင့်လျောက်ပတ်တဲ့နေရာဒေသအလိုက်၊ သင့်တင့်လျောက်ပတ်တဲ့ အ၀တ်အစားကို
ဝတ်သင့်တယ်ဆိုတဲ့ အတွေးစကလေးက ကိုယ့် ကိုယ်ကို မှန်ထဲမှာ သေသေချာချာ ကြည့်မိလိုက်တဲ့အချိန် တဒင်္ဂ အတွင်းမှာဘဲ ကျွန်တော့်ရဲ့ စိတ်အစွဲကို ချေဖျက် နိုင်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ပြီးလို့ အိမ်အပြန်လမ်းတ လျှောက်မှာ တော့ ကျွန်တော် မျက်နှာမှာ အပြုံးတွေ ဝေနေပါတယ်။ လူမှာအ၀တ်၊ တောင်းမှာအကွပ်ဆိုတဲ့ စကားကို ကျွန်တော် တကယ်၊ အဟုတ်ဘဲလို့ လက်ခံမိပါတော့တယ်။
မိုးစက်
10 .11 . 2007 ( AM 12:53)



ဆက်ဖတ်ရန်...

Oct 29, 2007

ကျွန်တော်တို့ ရွှေမန္တလေး

၁၉၅၇ ခုနှစ် မန္တလေးသင်္ကြန်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ သင်္ကြန်မိုး ရုပ်ရှင် ဇာတ်ကားအကြောင်း သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြတယ်။ စန္ဒယား ဆရာကိုငြိမ်းမောင် နဲ့ ခင်ခင်ထား တို့ရဲ့ ဇာတ်လမ်းလေးနဲ့ စထားတာပါ။ စာရေးဆရာ ခင်မောင်အေး(မန္တလေး)ရဲ့ မထင်မရှား ၀တ္ထုလေး တစ်ပုဒ်ပါ။ ကျွန်တော်တို့ ရွှေမန္တလေးဆိုတဲ့ အသိကို နောက်စဉ်အဆက် ဆက် မျိုးဆက်တွေရင်ထဲမှာ စွဲကျန်ရစ်စေတဲ့ ဇာတ်လမ်းလေး တစ်ခုပါ။ မြန်မာနှစ်သစ်ကူး သင်္ကြန်ကိုရောက်တဲ့ အခါတိုင်း မြန်မာ့အသံ ကနေ နှစ်စဉ်နှစ်တိုင်း ထုတ်လွင့်ပြသ ခဲ့ပါတယ်။
ဘယ်အချိန်၊ ဘယ်လို၊ ဘယ်နှစ်ခါပဲ ကြည့်ကြည့် ဘယ်တော့မှ မရိုးနိုင်တဲ့ ဇာတ်လမ်းလေးပါ။ ကြည့်ရတဲ့ သူရဲ့ စိတ်ကို ပျော်ရွှင်ကြည်နူးစေတယ်၊ မလွန်ဆန်နိုင်တဲ့ ကံတရားကြောင့် ဝေး ကွာသွားတဲ့ ကိုငြိမ်းမောင်နဲ့ ခင်ခင်ထားကို စာနာသနားမိသလို၊ ကိုငြိမ်းမောင်ကို တစ်ဖက် သက်ချစ်နေတဲ့ မြခက်အတွက်လည်း ချစ်တဲ့သူနဲ့ ပေါင်းဖက်စေရလို့ ၀မ်းသာပီတိတွေ ဝေခဲ့ ရပြန်ပါတယ်။ မိဘတွေကနေ စခဲ့တဲ့ ဇာတ်လမ်းဟာ ကိုငြိမ်းမောင်ရဲ့ သားဖြစ်သူ သက်ထွေး၊ ခင်ခင်းထားရဲ့ သမီးဖြစ်သူ မိနွယ်တို့မှာ ပြန်လည်ဆုံးဆည်းစေပြီး၊ သင်္ကြန်အတက်နေ့ သန်းခေါင်ယံ ကျော်လွန်ပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ အပျော်တွေနဲ့အတူ ချစ်သူနှစ်ဦးကို ပေါင်းဖက်စေ ခဲ့တဲ့ သရုပ်ကို ပေါ်လွင်အောင် ဖော်ဆောင်ထားပါတယ်။ အဲဒီဇာတ်ကားကိုကြည့် ရတာ ရသတော်တော်များ များကို ခံစားရပြီး၊ မန္တလေးမြို့ရဲ့ အဓိကနေရာတွေ အားလုံးကိုဟာ ကွက်မရှိအောင် ရိုက်ကူးထားတော့ ကြည့်ရတာ အရသာရှိပြီး၊ ခံစားသူရဲ့ ရင်ထဲကိုတိုက်ရိုက် ရောက်စေခဲ့ပါတယ်။
နောက်ထပ် ဘယ်တော့ ကြည့်ကြည့် မရိုးနိုင်တဲ့ ဇာတ်လမ်း တစ်ပုဒ်ကတော့ ကျွန်တော်တို့ မန်းတက္ကသိုလ်ကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဒဏ္ဍာရီ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပုံရိပ်လေးတွေအပြင်၊ ရှေးဟောင်း ယဉ်ကျေးမှုတွေနဲ့ ပြည့်နေတဲ့ ပုဂံက ပုံရိပ်တွေဘာ ထပ်ပြီး ဖြည့်ဆည်းလိုက်တဲ့ အခါ ဇာတ်လမ်းဟာ ပိုသရုပ်ပေါ်လွင်ပြီး ဇာတ်ဝင်ခန်းတိုင်းဟာ ရုပ်ကြွနေပါတယ်။ ဓာတ်ပုံရိုက် ၀ါသနာပါတဲ့ ဇင်ဝိုင်း (ဇာတ်လမ်းထဲက ဇာတ်ကောင်နာမည် မေ့နေလို့ပါ)၊ ဓာတ်ပုံရိုက် ၀ါသနာ ပါတဲ့ မေသန်းနု တို့ရဲ့ လူငယ်ဘာဝ ဆုံတွေ့ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြ ဘူး။ ကိစ္စရပ် တစ်ခုကို သွားတောင်းပန်ဖို့ ဇင်ဝိုင်းက မေသန်းနုတို့အိမ်ကို အသွား ခြံထဲမှာ “ မိုး ရွာမယ်ဆိုရင်လေ” ဆိုတဲ့ သီချင်းလေးကို ဆိုပြီး ပန်းပင်တွေကို ရေလောင်းနေတဲ့ မေသန်းနုရဲ့ သက်ဝင်လှုပ်ရှားပြီး အေးချမ်းတဲ့ အပြုံးတစ်ပွင့်ကို ဓာတ်ပုံ အမိအရ ရိုက်ယူနိုင်ခဲ့တယ်။ ပြုံးအလှ ပိုင်ရှင် ဆုရရှပြီးတဲ့နောက်ပိုင်း လူငယ်ချင်း ပြန်လည် သင့်မြတ်သွားကြပြီး ကိုယ်စီ အသိစိတ်တွေနဲ့ ထိန်းချုပ်နိုင်ခဲ့ကြ ဇာတ်လမ်းလေးပါ။ ကန်တော့ပလ္လင်ဘုရားပေါ်မှာ ကိုယ်စီ ထိန်းချုပ်မှုတွေနဲ့ “ပန်းချစ်သူ” စုံတွဲသီချင်း ဇာတ်
ဝင်ခန်းလေးဆိုရင် အရမ်း အသက်ဝင်လှပါ တယ်။
ဘယ်တော့ ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ ရုပ်ရှင် ဇာတ်ကား ၂ ကားမှာ ဘယ်သူတွေ ပါဝင် သရုပ်ဆောင်ကြလဲ၊ ဒါရိုက်တာက ဘယ်သူလဲ၊ကျွန်တော်တို့ ပြန်ကြည့်ရအောင်လားဗျာ။ ကျွန်တော် သိသလောက်ပါ။
မင်းသား --- ဇင်ဝိုင်း
မင်းသမီး --- မေသန်းနု
ဒါရိုက်တာ --- မောင်တင်ဦး
မြန်မာ ပြည်သူတွေရဲ့ စိတ်ထဲမှာ အမြဲတမ်း ရှိနေတဲ့။ ဘယ်တော့ကြည့်ကြည့် မရိုးနိုင်တဲ့ ရုပ်ရှင်ကားကို ရိုက်ကူးခဲ့သူကတော့ ဒါရိုက်တာ မောင်တင်ဦး ဖြစ်ပြီး၊ မင်းသားနဲ့ မင်းသမီးက တော့ ဇင်ဝိုင်းနဲ့ မေသန်းနုတို့ဘဲ ဖြစ်ပါတယ်။ အဲဒီ ဇာတ်လမ်း၂ခုလုံးရဲ့ ရိုက်ကွင်း၊ နောက်ခံ ရှုခင်းအားလုံးကတော့ ကျွန်တော်တို့ ရွှေမန္တလေးဘဲ ဖြစ်ပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင် ကျွန်တော် ဒဏ္ဍာရီ ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းမျာကို အရမ်းလိုချင်ပါတယ် ခင်ဗျာ။ ကျွန်တော့်ရဲ့ ဘလောဒ့်ဂါ ညီအစ်ကို၊ မောင်နှမတွေဆီမှာများ ရှိခဲ့ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝေမျှပေးပါ လို့ တောင်းဆိုပါရစေခင်ဗျာ။
မိုးစက်
28.10.2007 (11:58 PM)

ဆက်ဖတ်ရန်...

Oct 26, 2007

ဗုဒ္ဓသြ၀ါဒ (၁)

သိင်္ဂါလ သတို့သားအား မြတ်စွာဘုရား ဟောကြားခဲ့သော
သိင်္ဂါလောဝါဒသုတ် လင်္ကာများ
တလောကလုံး၊ ညွတ်ရုံးဦးချ၊ နိုင်းမမျှသား၊ ဘုရားရွှေစက်၊ ရောင်ပြိုးပြက်ကို၊ ဦးထက်တင်ထား၊ ရိုညွတ်တွား၍၊ သားနှင့်မိဘ၊ တပည့်စသည်၊ ပြုရအံ့ဝတ်၊ ချွတ်မှုပါယ်ရွာ၊ လားမည်တာကြောင့်၊ သုတ်ပါထေယျ၊ ကျမ်း၌ပြသည့်၊ လောကကျင့်ရာ၊ အကျဉ်းမှာပိမ့်၊
နတ်ရွာဘို့လုံးလုံး၊ ကျက်၍သုံး။

သားသမီးကျင့်ဝတ် ၅ ပါး
ကျွေးမွေးမပျက်၊ ဆောက်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။


မိဘကျင့်ဝတ် ၅ ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ၅ ပါး
ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုးဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် ၅ ပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

လင့်ကျင့်ဝတ် ၅ ပါး
မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင် လင့်ကျင့်ရာ။

မယားကျင့်ဝတ် ၅ ပါး
အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ၅ ပါး
ပေးကမ်းချီးမြှင့်၊ ကိုယ့်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

ဥစ္စာပျက်ကြောင်း ၆ ပါး
သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင် အန်လောင်း၊ မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်း ဥစ္စာပျက်ကြောင်းတည်း။

သေရည်သောက်ခြင်း အပြစ် ၆ ပါး
ဥစ္စာယုတ်ခြင်း၊ ငြင်းခုန်များစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့ထုံ၊ မလုံအင်္ဂါ၊ ပညာနည်းရှား၊ ဤခြောက်ပါးကား၊ သောက်စား သေစာအပြစ်တည်း။

အခါမဲ့ သွားလာခြင်း အပြစ် ၆ ပါး
ကိုယ်မလုံခြုံ၊ လုံခြုံကင်းငြား၊ သားမယားတည့်၊ စီးပွါးမလုံ၊ ဖြစ်တုံသံသယ၊ မှုပါပ၌၊ များကစွပ်စွဲ၊ လွန်ဆင်းရဲဟု၊ ဖြစ်မြဲခြောက်ပါး၊ အပြစ်များသည်၊ ရငြားခါမဲ့သွားပြစ်တည်း။

သဘင်ပွဲလမ်း အပြစ် ၆ ပါး
ကခြင်းတစ်လီ၊ သီခြင်းတသီး၊ မှုတ်ခြင်းတသင်း၊ ပြိန်ဖျင်းတစ်အုပ်၊ လက်ခုပ်တစ်တည်၊ အိုးစည်တစ်ဖြာ၊ ရှိရာရှာ၍၊ သွားလာကြည့်ရှု၊ ဤခြောက်ခုကား၊ ကြည့်ရှုသဘင် အပြစ်တည်း။

မိတ်ဆွေတု ၄ ယောက်
(က) ကိုယ်ကျိုးကြည့် မိတ်ဆွေတု
၁။ သူတပါးထံမှ ယူသာယူ၍ မိမိကမူ မပေးကမ်းခြင်း။
၂။ နည်းနည်းသာပေး၍ များများရလိုခြင်း။
၃။ ဘေးရောက်သည့်အခါ ခိုးကိုးရာအဖြစ် သူတပါးထံ သွား၍ လုပ်စရာရှိသမျှ
လုပ်ကိုင်ပေးခြင်း။
၎။ ကိုယ်ကျိုးအတွက် သူတစ်ပါးနှင့် ဆက်ဆံပေါင်းသင်းခြင်း။
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို အညဒတ္ထဟရ မိတ်ဆွေတု၊ ကိုယ်ကျိုးကြည့် မိတ်ဆွေတု ဟုခေါ်သည်။

(ခ) အပြောသမား မိတ်ဆွေတု
၁။ ရှေးက ဖြစ်ထွန်းခဲ့ဘူးသည့် စည်းစိမ်ဥစ္စာကို မပေးခဲ့ရခြင်းကြောင့် စိတ်မကောင်းကြောင်း
ပြောလေ့ရှိခြင်း။
၂။ နောင်ခါမှာ ဖြစ်ထွန်းလာမည့် စည်းစိမ်ဥစ္စာကို ပေးမည်ဟု ပြောဆိုလေ့ရှိခြင်း။
၃။ အကျိုးမရှိသော အရာဖြင့် ချီးမြှောက်ခြင်း၊
၎။ ပေးလို့ဖြစ်နိုင်သော အရာများကို တစ်စုံတစ်ရာ ပျက်စီးနေဟန် အကြောင်းပြ၍ ပေးလို့မဖြစ်
ဟု ပြောဆိုလေ့ရှိခြင်း။

မိတ်ဆွေစစ် ၄ ယောက်
(က) ကျေးဇူးပြုသော မိတ်ဆွေစစ်
၁။ မေ့လျော့သူကို စောက်ရှောက်တတ်ခြင်း၊
၂။ မေ့လျော့သူ၏ စည်းစိမ်ဥစ္စာကို စောင့်ရှောက်တတ်ခြင်း၊
၃။ ကြောက်ရွံ့နေသူ၏ အားကိုး အားထားရာ ဖြစ်ခြင်း၊
၎။ ပြုဖွယ်ကိစ္စ ရှိလာလျှင် လိုအပ်သည်ထက် နှစ်ဆ ကူညီခြင်း၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသူကို ဥပကာရက မိတ်ဆွေစစ်၊ ကျေးဇူးပြုသော မိတ်ဆွေစစ် ဟု ခေါ်သည်။

(ခ) ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ်
၁။ သူ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို မိမိအားသာ ပြောခြင်း၊
၂။ မိမိ၏ လျှို့ဝှက်ထားသော အကြောင်းကိစ္စကို သူတပါးအား မပြောကြားဘဲနှုတ်လုံခြင်း၊
၃။ အခက်အခဲ ဘေးရန်အန္တရာယ်နှင့် တွေ့ကြုံလာလျှင် မိမိကို စွန့်ပစ်မသွားခြင်း၊
၎။ မိမိအကျိုးအတွက် အသက်ကိုပင် စွန့်နိုင်သူဖြစ်ခြင်း။

ဒါယကာကျင့်ဝတ် ၅ ပါး
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေ ဒါယကာ။

ရဟန်းကျင့်ဝတ် ၆ ပါး
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကျူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။
ကျမ်းသိင်္ဂါလ၊ သုတ်ဝယ်ပြ၊ သုံးဝမြတ်ဆရာ။
ကျင့်ဝတ်မပြေ၊ ပါယ်လေးထွေ၊ လားလေရှည်မြင့်ကြာ။
ဤသည့်ဝတ်ကုန်၊ ဆွေမျိုးစုံ၊ ခြောက်ဘုံထက်နတ်ရွာ။

လှည်းဘီးပြင်က၊ နားစောင့်ချသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာတပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူသန့်စင်မူ၊ ရှင်လည်းမကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ ခံစားမူ၍၊ နိဗ္ဗူရွှေပြည်၊ ၀င်အံ့သည်တည့်၊ မတည်ကျင့်ဝတ်၊ ချွတ်သူတို့မှာ၊ မလွတ်သာသည်၊ လေးရွာဘို့လုံးလုံး လူဖြစ်ရှုံး။

မြန်မာသက္ကရာဇ် ၁၃၆၉ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အမှတ်တရ ….

မိုးစက်
26.10.2007 (12:10 PM)


ဆက်ဖတ်ရန်...

Oct 24, 2007

စိမ်းလန်းသော မြေပြင်မှ ကွက်လပ်လေးတစ်ခု ( ၂ )

အပိုင်း(၁) မှ အဆက် ...

ဒါပေမယ့် …… ဒါပေမယ့် ပေါ့ဗျာ….. ကျွန်တော်တို့ နှစ်ယောက် ဝေးကွာဖို့ရာအတွက် အကြောင်းတွေ ဖန်လာ ပါတယ်။ အဖေ့မှာ ညီတစ်ယောက်ရှိပါတယ်။ ငယ်ငယ်လေးကတည်းက ကိုရင်ဝတ်ပြီး သာ့သနာဘောင်ထဲမှာ ပဲ တရားအားထုတ်နေတာပါ။ အခုတော့ ဓမ္မစာရိယဘွဲ့ရပြီး မန္တလေးမှာ ကျောင်းထိုင်ဘုန်းကြီးအဖြစ် သီတင်း ဆောက်တည်နေပါတယ်။ ဦးပဉ္ဖင်းကြီးက အဖေ့ကို သတိရလို့ ဆိုပြီး မန္တလေးကနေ ကျွန်တော်တို့ ရွာကို ကုန်းတတန်၊ ရေတတန်ရောက်လာပါတယ်။ အဖေလည်း သူ့ညီတော်မောင် ဦးပဉ္ဖင်းကြီး ကိုတွေ့လိုက်ရတော့ ၀မ်းသာပြီး စကားလက်ဆုံကြလို့မပြီးတော့ပါဘူး။ ဦးပဉ္ဖင်းကြီး က အဖေကိုပြောပါတယ်။ ကျွန်တော်တို့မိသားစု ထဲမှာ ပညာရေးနဲ့ ပက်သတ်ပြီး ထူးထူးချွန်ချွန် မပါကြောင်း၊ အဲဒီအတွက် အငယ်ဆုံးသားဖြစ်တဲ့ ကျွန်တော့်ကို မြို့သို့ ခေါ်သွားပြီး ဘွဲ့ရတဲ့အထိ တာဝန်ယူချင်တဲ့ အကြောင်းတွေ ပြောပြပါတယ်။ တခဏတာ ဆွံအသွားတဲ့ အဖေ့ရဲ့ မျက်နှာဟာ အဓိပ္ပာယ်ပေါင်း များစွာကို ဖော်ဆောင်ရင်း အိမ်အ၀င် တံခါးပေါက်နားမှာ ထိုင်နေတဲ့ ကျွန်တော့်ကို လှမ်းကြည့်ပါတယ်။ အဲဒီလို ကြည့်နေရင်းမှာဘဲ ဦးပဉ္ဖင်းကြီးက မြို့မှာ ပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုတိုးတက်နေတယ် ဆိုတဲ့အကြောင်း၊ ၀ါးလုံးခေါင်းထဲမှာ လသာနေတာကို အဟုတ်ကြီး ထင်မှတ်မနေ သင့်ကြောင်းနဲ့ သားသမီးတွေရဲ့ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေကို ရှာဖွေပေးသင့်ကြောင်းကို အဖေ တို့၊ အမေတို့ နားလည်အောင် သေချာရှင်းပြနေပါတယ်။ ကျွန်တော်ဆက်ပြီး နားမထောင် ချင်တော့တာနဲ့ အားလုံး နဲ့ ဝေးရာကို ထွက်လာခဲ့ပါတယ်။

ကျွန်တော်အိမ်ပြန်ရောက်တော့ နည်းနည်း မိုးချုပ်နေပြီ။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ မအိပ်သေးဘဲ ကျွန်တော့်ကို ထိုင်စောင့်နေတဲ့ အဖေ့ကို တွေ့တယ်။ အဖေ ကျွန်တော့်ကို ဘာအကြောင်းတွေအရာကို ပြောမယ်ဆိုတာ ကျွန်တော် ကြိုသိနေတယ်။ ထင်တဲ့ အ တိုင်းပါဘဲ အဖေရဲ့ ဆန္ဒက မြို့တက်ပြီး ကျောင်းဆက်တက် စေချင် တယ်တဲ့။ စကားလုံးတွေ ရှာကြံပြီး ကျွန်တော် ငြင်းဆန်မယ် လုပ်တုန်းမှာ အဖေက မပြောစဖူး စကားအရှည် ကြီး ပြောလာတယ်။
“သား မိဘကျေးဇူးဆပ်တယ် ဆိုတာ မိဘကို လုပ်ကိုင်ကျွေးမွေးပြုစုနေမှ မဟုတ်ပါဘူး။ မိဘ စကားကို အတိ အကျ လိုက်နာတာက လည်း မိဘကို ကျေးဇူးဆပ်တာနဲ့ အတူတူပါဘဲ အခုဟာက အဖေတို့ကို လုပ်ကိုကျွေး မွေး ခိုင်းနေတာ မဟုတ်ပါဘူး အဖေ မွေးထား တဲ့ သား သမီးတွေထဲမှာ တမီးပေါက် တစ်ယောက်ထွန်းဆိုသလို မင်းကို ဘွဲ့ရပညတတ်ကြီး ဖြစ်စေချင်လို့ပါ။ ပြီးတော့ အဖေတို့ အသက်တွေလည်း အရမ်းမကြီးသေးပါဘူး။ မင်း ပညာသင်နေတဲ့ ၄၊ ၅ နှစ်အတွင်းမှာ ကျောင်းစရိတ်ကို ကောင်းကောင်း ရှာပေးနိုင် ပါသေးတယ်။ လိုရင်းပြော ရရင် မိဘရဲ့ မေတ္တာကို တုံ့ပြန်တဲ့ အနေနဲ့ အဖေတို့ ဖြစ်စေချင်တဲ့ အတိုင်း သား ကြိုးစားပေးပါလို့ ပြောချင် တယ်ကွာ”
ပြောပြောဆိုဆို နဲ့ ထထွက်သွားတဲ့ အဖေရဲ့ ကျောပြင်ကိုကြည့်ရင်း ဆွံအနေတဲ့ လူတစ်ယောက်လို ကျွန်တော် ဘာမှ ပြန်မပြော လိုက်ရပါဘူး။ စကားလုံးတွေနဲ့ ချည်နှောင်ခံလိုက်ရတဲ့ ကျွန်တော်ဟာ စိတ်တွေ မွန်းကျပ်စွာ နဲ့ဘဲ နေ့တွေ ညတွေ ကျော်ဖြတ်လာခဲ့ တယ်။ ဝေနှင်းနဲ့ တွေ့ပြီး ဒီအကြောင်းတွေကို ပြောပြတော့ သူငိုနေ တယ်။ သူ့လက်ဖ၀ါးလေး နှစ်ဘက်နဲ့ ကျွန်တော့်မျက်နှာကို ကိုင်၊ မျက်လုံးချင်းဆုံပြီး မိနစ်အတော်ကြာ စိုက် ကြည့်နေတယ်။ ဘာစကားတစ်ခွန်းမှ မဆိုဘဲ သူ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေနဲ့ ပြည့် နှက်နေတာကို တွေ့ လိုက်ရတယ်။ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ပါဗျာ။ ချစ်သူနှစ်ဦးရဲ့ ရင်ထဲမှာ ဘယ်လို ခံစားနေရမလဲဆိုတာကို။ စိတ်တွေတင်းထားတဲ့ ကြားထဲကနေဘဲ ကျွန်တော်ပါ မျက်ရည်ဝဲခဲ့ရတယ်။
“ငါ တနှစ်တခေါက် ရွာကိုပြန်လာမှာပါ၊ သိပ်မကြာပါဘူးဟာ၊ တစ်နှစ်ဆိုတာ ခဏလေးနဲ့ ကုန်သွားတာပါ။ နင်ဘာဘဲ ဖြစ်နေ ဖြစ်နေ ငါရဲ့ ချစ်ဦးသူဟာ နင်ပါ။ ငါ့ နင့်ကိုဘဲ လက်ထပ်မှာပါ။ စိတ်ချပါ။ ငါ့ကို ယုံပါ ဝေနှင်းရယ် …နော် ”
ချစ်သူကို အားပေးစကားတွေ ပြောပြီး နှစ်သိမ့်နေမိတယ်။ သူကျွန်တော့်ကို စကားတစ်ခွန်းဆိုတယ်။
“ ငါ နင်ပြန်လာတဲ့ အထိ သစ္စာရှိရှိ စောင့်နေမယ် ”
ချစ်သူက ကျွန်တော့်ရင်ခွင်ထဲမှာ ခဏတာ အိပ်စက် နေတယ်။ အဲဒီလို အိပ်စက်နေရင်းနဲ့ အတူလက်တွဲပြီး အိပ်မက်ထဲက ကျွန်း လေးဆီကို ပျံသန်းခဲ့မိကြတယ်။ အိပ်မက်ထဲမှာ ကျွန်တော်တို့ အပျော်ကြီး ပျော်ခဲ့ကြ ပါ တယ်။ သြော် နှစ်ဦးရည်တူ ချစ်ကြပြီဆိုတော့ လည်း အရာရာဟာ အားလုံးလှနေတော့တာပါဘဲ။ ကြယ်ပွင့် လေးတွေကိုတောင် အဲဒီနေ့က မတွေ့ရပါဘူး။ သူတို့လည်း ရှက်လို့ပုန်း နေတယ်ထင်ပါရဲ့နော်။
အဲဒီလိုနဲ့ ဦးပဉ္ဖင်းကြီး မြို့ကိုပြန်တဲ့အချိန်မှာ ကျွန်တော့် လိုက်လာခဲ့ရပါတယ်။ ဘယ်လောက်ထိအောင် အတွေး နယ်ချဲ့ မိသလဲ မသိ ပါဘူး ရန်ကုန်မြို့ကြီးကို သင်္ဘောဆိုက်မှပဲ အတွေးတွေ ပြတ်သွားတော့တယ်။ ပြီးတာနဲ့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ ခရီးထပ် ဆက်ရပြန်တယ်။ မန္တလေးကို ရောက်တော့ ဦးပဉ္ဖင်းကြီးက သူ့ ကျောင်းကို ခေါ်သွားတယ်။ ကျွန်တော် မန္တလေးကို စပြီး ခြေချမိတာ နဲ့ တပြိုင်နက် မိသားစုနဲ့အတူ ချစ်ရတဲ့ ဝေနှင်းကိုပါ သတိရမိတယ်။ မြို့ကို စရောက်ရောက်ခြင်း မြင်သမျှ၊ တွေ့သမျှဟာ ကျွန်တော့် အတွက် အသစ် အဆန်းတွေချည်းပါဘဲ။ မြို့မှာ ရှိတဲ့ ဘုရားတွေကို ဦးပဉ္ဖင်းကြီးရဲ့ ကပ္ပိရကြီး တစ်ဦးက လိုက်ပို့ပေးတယ်။ ဦးပဉ္ဖင်းကြီးရဲ့ ဒါယိကာတစ်ဦး အကူအညီကြောင့် အမှတ်စရင်းတောင်းကြည့်တဲ့ အခါ ကျွန်တော့်ရမှတ်ဟာ ဂုဏ်ထူးရ ဘာသာတွေ ဖြစ်တဲ့ သင်္ချာနဲ့ သိပ္ပံဘာသာတွဲတွေမှာ ၉၀မှတ် ကျော်ပြီး၊ ကျန်ဘာသာရပ်တွေမှာ လည်း ဂုဏ်ထူးမှတ် နီးနေတယ်။ ဦးပဉ္ဖင်းကြီး ပြောပြချက်အရ ကျွန်တော် ရမှတ်နဲ့ဆိုရင် မန္တလေး နည်းပညာ တက္ကသိုလ် ကိုတက်နိုင်တယ်လို့ ပြောပါတယ်။ ကျွန်တော်က ဦးပဉ္ဖင်းကြီး ဆန္ဒအတိုင်းပါလို့ဘဲ လျှောက်လိုက်ပါ တယ်။ ဒါပေမယ့် တက္ကသိုလ်ကို ချက်ချင်း မတက်ရသေးပါဘူး။ ဘာလို့လဲဆို တော့ ကျွန်တော်တို့ ပညာသင်နှစ် အတွက် ၀င်ခွင့် လျှောက်လွှာတွေ မခေါ်သေးလို့ပါဘဲ။ ဦးပဉ္ဖင်းကြီး ကျောင်းမှာဘဲ ဝေယျာဝစ္စတွေ လုပ်ကိုင်ပေး နေရင်းနဲ့ အချိန်တွေ ကုန်လွန်သွားခဲ့ပါတယ်။ ကျွန်တော် လွမ်းတိုင်း၊ သတိရတိုင်း ချစ်ရတဲ့ ဝေနှင်းဆီကိုစာတွေ အဆက်မပြတ် ရေးသားခဲ့ပါတယ်။
အခုဆိုရင် ကျွန်တော် မြို့ကိုရောက်တာ ၈ လပြည့်တော့မယ်။ ပြက္ခဒိန်က ရက်စွဲတွေကို ကြည့်ရင်းနဲ့ ဝေနှင်းဆီ က စာကို ကျွန်တော် အမြဲမျှော်လင့်ခဲ့တယ်။ တစ်စောင်မှ ရောက်မလာပါဘူး။ ဘာလို့လဲ၊ ဘာအကြောင်း ကြောင့်ဆိုတာကို စဉ်းစားလို့ မရခဲ့ပါဘူး။ တဖြည်းဖြည်းနဲ့ ရက်တွေကုန်ဆုံးလာလိုက်တာ မန္တလေးနည်းပညာ တက္ကသိုလ်ကနေ ကျွန်တော်တို့ ပညာသင်နှစ်အတွက် လျှောက် လွှာတွေ ခေါ်ချိန်ရောက်ခဲ့ပါတယ်။ အဲဒီမှာတင် ဘဲ လျှောက်လွှာတင်ဖို့ အခက်အခဲ ဖြစ်လာခဲ့တယ်။ ဘာလဲဆိုတော့ ကျွန်တော့်မှာ အမျိုးသားမှတ်ပုံတင် စိစစ် ရေး ကဒ်ပြား မရှိလို့ပါ။ ကျွန်တော် ၁၀တန်း စာမေးပွဲ ဖြေဆိုတုန်းကလည်း ပြုလုပ်ထားဆဲ ဆိုပြီး ဖြေဆိုခဲ့ တာ ပါ။ ဒါပေမယ့် အခုဟာက တက္ကသိုလ်အဆင့်ဖြစ်တာကြောင့် ပြုလုပ်ထားဆဲ ဆိုပြီးတင်လိုက်တာ ကျောင်းသား ရေးရာဌာန က လက်သင့်မခံပါဘူး။ နောက်ဆုံးဘယ်လိုမှ ကြိုးစားလို့ မရတာနဲ့ ဦးပဉ္ဖင်းကြီးက ကျွန်တော့်ကို ရွာပြန်လွှတ်ပြီး အမြန်ဆုံး မှတ်ပုံတင် သွားလုပ်စေပါတယ်။ ရရာရထားနဲ့ လက်မှတ်ဝယ်ပြီး ကျွန်တော်ရန်ကုန် ကို သွားတယ်။ ရန်ကုန်ကနေ တစ်ဆင့် ရွာကို သင်္ဘောနဲ့ ပြန်လာတယ်။ ခရီးစဉ် တလျှောက်လုံးမှာ ၈ လ လောက် ခွဲနေခဲ့ရတဲ့ မွေးရပ်မြေ ရွာလေးနဲ့ ဝေနှင်းကို တွေ့ချင်တဲ့ စိတ်တွေ တဖွား ဖွား ပေါ်နေမိတယ်။ ကျွန်တော် အိမ်ကို ညနေ ၄ နာရီလောက် ရောက်သွားတယ်။ ကျွန်တော် ပြန်လာလို့ အားလုံးက အံ့သြနေကြ တယ်။ အကျိုးအကြောင်း ပြောပြလိုက်တော့မှ အဖေက ကျေးရွာ လူကြီးဆီကို ထွက်သွားတယ်။ ကျွန်တော် လည်း ရေမိုးချိုး အ၀တ် အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့ ပြင်လိုက်တယ်။ အဲဒီမှာတင်ဘဲ အစ်မလတ် မိုးစံပယ် က ဘယ်သွားမလို့လဲလို့ ကျွန်တော့်ကိုမေး တယ်။ သူ ကျွန်တော့်ကို မေးလိုက်တဲ့ မျက်နှာ အမူအရာက တမျိုး ထူးဆန်းနေတယ်လို့ စိတ်ထဲမှာ ထင်လိုက်မိတယ်။ ဒါပေမယ့် ဝေနှင်းဆီကိုဘဲ စိတ်ကရောက်နေတော့ သူမေး တာကို ပေါ့ပေါ့တန်တန်ဘဲ ရွာထဲခဏသွား မလို့ဆိုပြီး ထွက်လာခဲ့တယ်။ ညနေ နေ၀င်ခါစမို့ထင်တယ် ရွာ လမ်းမကြီးမှာ လူတွေရှင်းနေသလိုဘဲ။ စိတ်ဓာတ်တွေ တက်ကြွစွာနဲ့ ဝေနှင်းတို့ အိမ်ကို လျှောက်လာခဲ့ မိတယ်။ လက်ထဲမှာလည်း မန္တလေးလက်ဆောင်တွေ ကိုင်လို့ပေါ့။ သူတို့ ခြံဝင်းထဲကို ရောက်တော့လည်း ဘယ်သူကိုမှ မတွေ့ရဘူး။ အဲဒါနဲ့ ကျွန်တော်လည်း ဝေနှင်း ရေ ….. ဝေနှင်းလို့ သူ့နာမည်လေးကို ခေါ်ရင်းနဲ့ အိမ်ထဲကို ၀င် လာခဲ့မိတယ်။ ကျွန်တော် အိမ်ထဲကို လည်း ရောက်ရော နောက်ဖေးကနေလာတဲ့ လူတစ်ယောက်ကို မြင်လိုက် ရတယ်။ တဖြည်းဖြည်းနဲ့ အဲဒီ ပုံရိပ်လေးက ကျွန်တော်နဲ့ နီးလာတယ်။ သေချာပါတယ် ဗျာ …သူ ဟာကျွန်တော် သိပ်ချစ်ရတဲ့ ဝေနှင်းပါဘဲ။ သူ ကျွန်တော့်ကို မမြင်သေးပါဘူး။ နောက်ဖေး ပေါက်ကနေ တဆင့် အိမ်ထဲကို သူဝင်လာပါတယ်။ ရုတ်တရက် သူ့ကို စချင်တဲ့ စိတ်လေးပေါ်လာတာနဲ့ ဧည့်ခန်းထဲက တနေရာမှာ ကျွန်တော် ၀င်ပုန်းနေလိုက်တယ်။ မကြာပါဘူး သူ ဧည့်ခန်းထဲလည်း ရောက်ရော နောက်ကနေပြီး သူ့ရဲ့ ပုခုံးလေးကို လက်နဲ့ ပုတ် လိုက်တယ်။ သူက လှည့်ကြည့်ရင်း မထင်မှတ်တဲ့ လူတစ်ယောက်ကို၊ မထင်မှတ်တဲ့ အချိန်မှာ ရုတ်တရက် တွေ့လိုက်ရလို့ထင် တယ်။ ဝေနှင်း ကျွန်တော့်ကို အကြာကြီး စိုက်ကြည့်နေတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ သူ မျက်ဝန်းအိမ်ထဲမှာ မျက်ရည်တွေ ပြည့် လာတယ်။ သူအဲဒီလို စိုက်ကြည့်တဲ့ အကြည့်ကို ကျွန်တော် မှတ်မိတယ်။ ကျွန်တော်မြို့ကို သွားခါနီး တရက်အလို သူနဲ့ ခွဲခွာရတော့ မယ်လို့ သိလိုက်တဲ့ အချိန်မှာ သူ အဲဒီလို အကြည့်မျိုး ကြည့်ခဲ့ဘူးတယ်။ ကျွန်တော့်ကို ဘာစကားမှပြောမသွားဘဲ သူ လှည့်ထွက် သွားတယ်။ ကျွန်တော် ဘာကိုမှ နားမလည်နိုင်တော့ဘူးဗျာ။
သူ့အတွက် ၀ယ်လာတဲ့ လက်ဆောင်အထုပ်လေးကို ကိုင်ပြီး အမှတ်မထင်ဘဲ ဧည့်ခန်းထဲက နံရံကို ကြည့်မိ တယ်။ လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလည်းဗျာ။ နံရံမှာ ကျွန်တော့်သူငယ်ချင်း ၀င်းမြင့် နဲ့ ဝေနှင်းတို့ မင်္ဂလာ ဆောင် ဓာတ်ပုံကြီးကို တွေ့လိုက်ရတယ်။ ဘာတွေလည်း … ဘယ်လိုနားလည်ရမှာလဲ။ ကျွန်တော် မိနစ်အ တော်ကြာ ငြိမ်သက်နေမိတယ်။ စိတ်တွေကို အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး ကျွန်တော် ဝေနှင်းတို့ အိမ်ထဲကနေ ထွက်လာခဲ့တယ်။ ဝေနှင်းကတော့ ကျွန်တော် အပေါ်မှာ ဘယ်လိုမှ သစ္စာဖောက် မှာ မဟုတ်ဘူးဆိုတာ တထစ် ချ ယုံကြည်တယ်။ အဲဒါဆိုရင် ၀င်းမြင့်က ဝေနှင်းကို အတင်းအဓမ္မအနိုင်ကျင့် ပြီး … ဟာကွာ … ကျွန်တော် တောက် တစ်ချက်ခေါက်ပြီး ရွာလမ်းမကြီးအတိုင်း လျှောက်ပြန်လာခဲ့တယ်။ တွေ့ပါပြီ … ကျွန်တော် ရှာနေတဲ့ သူကိုတွေ့ ပါပြီ။ ထော်လာဂျီပေါ်မှာ ဆားကြမ်းတွေကို တင်ပြီး ကျွန်တော့်ရှေ့တည့်တည့်ကနေ မောင်းလာ တယ်။ ကျွန်တော် လက်တားပြီး ရပ် ခိုင်းလိုက်တော့ သူ တော်တော် အံ့သြသွားတယ်။ ကျွန်တော်လည်း ဘာမှ မပြောဘဲ သူ့အင်္ကျီစကိုကိုင်ပြီး ထော်လာဂျီပေါ်ကနေ အောက်ကို ဆွဲချလိုက်တယ်။ ဒေါသတွေနဲ့ ပြည့်နှက်နေ တဲ့ ကျွန်တော်ဟာ အချက်ပေါင်း များစွာသော လက်သီးတွေကို ၀င်းမြင့် မျက်နှာဆီ ပစ်သွင်းလိုက်တယ်။ သိပ် မကြာလိုက်ပါဘူး ၀င်းမြင့် မျက်နှာမှာ သွေးတွေနဲ့ ပြည့်နှက်နေတယ်။ သူ ကျွန်တော့်ကို ဘာတခုမှ မတုံ့ပြန် ဘဲနဲ့ စကားတစ်ခွန်းဆိုတယ်။ ညကျရင် ဆားတွင်းက တဲကို ငါရောက်အောင် လာခဲ့မယ်တဲ့။ ကျွန်တော် ဘာမှ ပြန်မ ပြောဘဲ ထွက်လာခဲ့တယ်။ ချစ်သူကို ဆုံးရှုံးလိုက်ရတဲ့ ကျွန်တော်ဟာ တခဏတာ အတွင်းမှာဘဲ အနာ ဂတ် ပျောက်သွားတဲ့ လူတ ယောက်လို ခံစားလိုက်ရတယ်။ ကျွန်တော် ရည်ရွယ်ပြီး ကြိုးစားလုပ်ကိုင်ခဲ့သမျှ တွေဟာ ဘာတခုမှ အရာမထင် တော့သလို ဖြစ်ခဲ့ရပါ တယ်။ ညရောက်တော့ ကျွန်တော့် ယောက်ဖ ကိုအောင်ဝင်းနဲ့အတူ ကျွန်တော် ဆားတွင်းက တဲမှာ အိပ်ဖို့ အဖေနဲ့အမေကို ပြောပြီး ထွက်လာခဲ့ပါတယ်။ ကျွန်တော်က အရက်သောက်ချင်တယ်လို့ပြောတော့ ကိုအောင်ဝင်းက သူ့မိတ်ဆွေ တဦးဆီကနေပြီး မီး တောက် ချက်အရက်တလုံးနဲ့ စားစရာ အမြည်းတွေ ယူလာပါတယ်။ တဲကိုလည်း ရောက်ရော ကျွန်တော် တ ယောက်တည်း အရက် တွေ ထိုင်သောက်နေမိတယ်။ အရက်နဲ့ အထိအတွေ့မရှိဘူးတဲ့ ကျွန်တော်ဟာ မီး တောက် အရက်တခွက် မော့သောက်လိုက်တော့ ပူရှတဲ့ အရသာနဲ့ အတူ ခဏအကြာမှာတော့ ပြန်အန်ထွက် လာတယ်။ ကိုအောင်ဝင်းက နားလည်စွာနဲ့ ဘာမှမပြောဘဲ ကျွန်တော့် အတွက် လိုအပ်တာတွေ အားလုံး လုပ် ပေးပါတယ်။ သိပ်မကြာပါဘူး ၀င်းမြင့်လည်း လက်ထဲမှာ အရက်တလုံး ကိုင်ပြီး တဲထဲကို ၀င်လာပါတယ်။ ကျွန်တော် သောက်နေတဲ့ စားပွဲဘေးနားမှာ ၀င်ထိုင်ပြီးတော့ ကျွန်တော့် ပုခုံးကိုဖက်ပြီး သူငိုပါတော့တယ်။ နားမလည်ခြင်းပေါင်းများစွာနဲ့ ကျွန်တော် သူ့ကို ကြည့်မိတယ်။ မျက်ရည်တွေရစ်ဝဲပြီး သူ ကျွန်တော့်ကို ရှင်း ပြတယ်။
“မင်း ငါ့ကို အထင်တွေ လွဲနေပြီ မိုးကျော်သူ၊ တကယ်တော့ ငါဟာ ဝေနှင်းရဲ့ အရှက်နဲ့ သိက္ခာကို ကာကွယ်ပေး လိုက်တာပါ။ ဒီကိစ္စ တွေကို ငါ ဘာတခုမှ မသိရိုး အမှန်ပါ။ တရက်မှာ ငါ့ကို အေးအေးဝင်း လာခေါ်တယ်။ အရေး တကြီး တိုင်ပင်စရာ ရှိလို့ပါတဲ့။ အဲဒါနဲ့ ငါလည်း အေးအေးဝင်း အိမ်ကို ရောက်သွားတယ်။ သူက ပြောတယ်။ ဝေနှင်းမှာ ကိုယ်ဝန်ရှိနေပြီတဲ့။ ငါ အရမ်းအံ့သြသွားတယ်။ ဘယ်သူနဲ့လဲလို့ မေးတော့ မင်းနဲ့လို့ ပြောတယ်။ သူလည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ကူညီတာပါဘဲ။ ဒါပေမယ့် ဝေနှင်းသူ့ဆီကို ဖွင့်ပြောပြီး အကူ အညီတောင်းတဲ့ အချိန်က အရမ်းကို နောက်ကျနေခဲ့ပြီကွာ။ သူပြောတာကတော့ အဲဒီအချိန်မှာ သူ့ကိုယ်ဝန် ၂-၃ လ ရှိနေပြီတဲ့။ မင်းဆီကို စာရေးပြီး အကြောင်းကြားထားတာလည်း လိပ်စာမှားလို့ ဆိုပြီး ပြန်ရောက်လာ တယ်။ အဲဒီလိပ်စာကလည်း အေးအေးဝင်း ကိုယ်တိုင် မင်းတို့အိမ်ကို သွားတောင်းပြီး ရေးထားတာ ဘယ်လိုမှ မမှားနိုင်ဘူးလို့ သူက ပြောတယ်ကွာ”
အဲဒီလိုပြောပြီး ကျွန်တော့်ဆီကို ရေးထားတဲ့ စာကို ထုတ်ပြတယ်။ မီးအိမ်ရဲ့ အလင်းရောင်နဲ့ ကျွန်တော် စာအိတ်ပေါ်က လိပ်စာကို ကြည့်လိုက်မိတယ်။ အဲဒီမှာတင်ဘဲ ကျွန်တော် အရမ်းအံ့သြသွားမိတယ်။ ဘာလို့လဲ ဆိုတော့ စာအိတ်ပေါ်က လိပ်စာက
“ဦးနာဂ၀ံသ
တဆင့် မိုးကျော်သူ
ကင်းဝန်မင်းကြီး ကျောင်းတိုက်၊
ဘုရားကြီး အနီး၊ မန္တလေးမြို့။
အမှန်တကယ် ဦးပဉ္ဖင်ကြီး ကျောင်းတိုက် နာမည်က
“မြင်းဝန်မင်းကြီး ကျောင်းတိုက်၊
ဘုရားကြီးအနီး၊ မန္တလေးမြို့။ ” ပါ။

ကံကြမ္မာတရားရဲ့ စနစ်တကျ လွဲချော်မှုတွေကို အံ့သြရင်းနဲ့ ၀င်းမြင့်ပြောတာကို ဆက်နားထောင် နေမိတယ်။
“ငါလည်း ဘာပြောလို့ ပြောရမှန်း မသိတော့ဘူး။ ငါက မင်းတို့အိမ်ကို အကျိုးအကြောင်း ဖွင့်ပြောပြရင် ရော မဖြစ်နိုင်ဘူးလားလို့ အေးအေးဝင်းကို မေးတယ်။ သူက ဘာပြန်ပြောလဲဆိုတော့ အဲဒီလို ဖွင့်ပြောလိုက်ရင် မင်း မိသားစုရဲ့ အကြည့်တွေ၊ စကားတွေကို ရင်မဆိုင်နိုင်ဘူးတဲ့။ အဲဒါနဲ့ သူကဆက်ပြောတယ်။ အခုအချိန် မှာငါစဉ်းစားထားတာ တခုရှိတယ်။ နင်သာ လက်ခံမယ်ဆိုရင် ဝေနှင်းကိစ္စကို တာဝန်ယူပေးပါ။ နင်သူ့ကို လက်ထပ် ပေးပါတဲ့။ မင်း စဉ်းစားကြည့်ပါ မင်းနဲ့ ဝေနှင်းရော ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေ အဲဒီအချိန်မှာ ငါ မင်းဘက်ကို မကြည့်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဝေနှင်းရဲ့ အရှက်နဲ့ သိက္ခာဟာ မင်းထက် ပိုအရေးကြီး နေလို့ပါ။ အမှန်အတိုင်းဝန်ခံရရင် ငါလည်း ဝေနှင်းကို ချစ်ပါတယ်။ ဒါပေမယ့် မင်းနဲ့ဝေနှင်း ချစ်သူတွေ ဖြစ်သွားကြပြီးတဲ့ နောက်ပိုင်းကစပြီး ငါ သူ့အပေါ်မှာ ထားတဲ့ အဲဒီစိတ်တွေအားလုံးကို ဖျောက်ဖျက်ခဲ့ပါတယ်။ တကယ့်ကို သူငယ်ချင်းစိတ်နဲ့ပဲ ဖြူဖြူစင်စင် ငါမင်းတို့ အပေါ် မှာ ဆက်ဆံခဲ့၊ စိတ်ထားခဲ့တယ်ဆိုတာကို ငါကျိန်ပြောဝံ့ပါတယ် သူငယ်ချင်း”
ကျွန်တော့်မှာ ပြောစရာစကားတွေအားလုံး ဆွံ့အ သွားခဲ့ရပါပြီ။ သူ့မျက်နှာကိုကြည့်ပြီး ကျွန်တော် ဘာဆက် ပြောရမလဲ ဘာလုပ်ရ မလဲဆိုတာ ဘယ်လိုမှ မစဉ်းစားနိုင်တော့ ပါဘူး။
“အေးကွာ၊ ငါမင်းကို အထင်လွဲခဲ့၊ ကိုယ်ထိလက်ရောက် စော်ကားခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်။ ငါ့အနေနဲ့ နောက်ဆုံး မင်းကို မှာချင်တာ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ မင်းအနေနဲ့ အရင်က ဝေနှင်းရဲ့ အတိတ်သမိုင်းတွေကို မေ့ပစ်ပြီး တစ်သက်လုံး ကြင်ကြင် နာနာ သစ္စာရှိရှိ ပေါင်းသင်းပေးပါ။ အထူးသဖြင့် ဘာမှမသိသေး၊ လူ့လောကကို ရောက်မလာသေးတဲ့ ငါ့ရဲ့ သွေးသား လေးကို မင်းရဲ့ ရင်သွေးတစ်ယောက်လို
သဘောထားပေးပါ။ မင်းဟာ မြင့်မြတ်တဲ့ စိတ်နှလုံး ပိုင်ရှင်ဖြစ်တဲ့အတွက် ယောက်ျား တစ်ယောက် အနေနဲ့ ရော၊ ငါ့ရဲ့ သူငယ်ချင်း တစ်ယောက်ဖြစ်နေတဲ့အတွက်ရော ငါဂုဏ်ယူပါတယ်။ မင်းနဲ့ ဝေနှင်းတို့အိမ်ထောင်ရေး အစစအရာရာ အဆင်ပြေ ပါစေလို့ ငါဆုတောင်းလိုက်ပါတယ်ကွာ။ မင်းအနေနဲ့ ဘာအကူအညီပဲ လိုလို ငါ့ကို သူငယ်ချင်းတစ်ယောက်အနေနဲ့ အကူအညီတောင်းပါ။ ငါ အတတ်နိုင်ဆုံး မဖြစ်ဖြစ်အောင် ကူညီပါ့မယ်။ ဒါက လည်း ဘာသဘောမှ မဟုတ်ပါဘူး။ မြင့်မြတ်တဲ့ ယောကျာ်းတစ်ယောက်ကို စိတ်အလိုတစ်ခုပဲ ကြည့်ပြီး ကိုယ်ထိ လက်ရောက် စော်ကားမိတဲ့ ငါ့ရဲ့ မိုက်ပြစ်ကို ပေးဆပ် ချင်လို့ပါ။ ဘာပဲဖြစ်ဖြစ် အားလုံး ဟာ ကံတရား စီမံတဲ့အတိုင်း ငါတို့တွေ ကပြခဲ့ကြရတာပါ ”
“ အေးပါ မိုးကျော်သူရာ စိတ်ချပါ။ မင်းအခုလို အဖြစ်မှန်တွေကို သိသွားတဲ့အတွက်ပဲ ငါ အတိုင်းမသိ ၀မ်းသာရ၊ စိတ်အေးရပါတယ်။ ဝေနှင်းကိုရော၊ သူ့ရင်သွေး လေးကိုပါ ငါတစ်သက်လုံး စောင့်ရှောက်သွားပါ့မယ်ကွာ”
“ ကျေးဇူးတင်ပါတယ် သူငယ်ချင်း ”
နောက် ၂ ရက်အကြာမှာဘဲ အမျိုးသားမှတ်ပုံတင်ကဒ် ရတာနဲ့ တပြိုင်နက် မန္တလေးကို ကျွန်တော်ပြန်လာခဲ့ တယ်။ ဘုန်းကြီးကျောင်း တိုက် အ၀င်ကို ရောက်တော့ သတိတရ နဲ့ မုဒ်ဦးကို မော့ကြည့်မိတယ်။
“ မြင်းဝန်မင်းကြီး ကျောင်းတိုက်” ဆိုတဲ့ ကဗ္ဗည်း စာတန်းကို တလုံးချင်းစီ ဖတ်ကြည့်ပြီးတော့ ကျောင်းတိုက်ထဲ ကို ၀င်ခဲ့မိပါတယ်။ နေ့ရက်တွေကို တစ်ဖြည်းဖြည်း ကျော်ဖြတ်လာခဲ့မိတာ အခုဆိုရင် ကျွန်တော်ဟာ နည်းပညာတက္ကသိုလ် တတိယနှစ်ကို ရောက်ရှိ ခဲ့ပါပြီ။ ရွာကနေပြီး မန္တလေးကို ဘုရားဖူးလာတဲ့ လူကြုံတွေရဲ့ ပြောပြချက်အရ ဝေနှင်း သမီးမိန်းကလေး မွေးကြောင်း၊ သမီးလေးရဲ့ နာမည်ကိုလည်း “မိုးမြင့်ဝေ” လို့ပေးထား ကြောင်း ကြားသိလိုက်ရတယ်။ မမြင်ဘူး မတွေ့ဖူးသေးတဲ့ သမီးလေးရဲ့ မျက်နှာကို ကျွန်တော် စိတ်ကူးတွေ ထဲမှာ ပုံဖော်ကြည့်နေမိတယ်။ သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေကို မေးကြည့်တော့လည်း အားလုံး အဆင် ပြေသာယာ ချမ်းမြေ့တဲ့ အကြောင်းကို ကြားသိရပါတယ်။ သူတို့ အကြောင်းကို အကောင်းဆုံးတွေချည်း ကြားရ တော့ အတိုင်းထက် အလွန်ဘဲ ၀မ်းသာမိပါတယ်။ သမီးလေး မိုးမြင့်ဝေ ကိုမြင်ဘူး ကြည့်ဘူးချင်တဲ့ စိတ်က ကျွန်တော့် ကို တော်တော် လေး စိုးမိုးထားပါတယ်။ ဒီလိုနဲ့ တတိယနှစ် စာမေးပွဲတွေ ဖြေပြီးတဲ့ အချိန်မှာ ရက်ရှည် ကျောင်းတွေ ပိတ်ပါတယ်။ ကျွန်တော် ရွာ ပြန်ပြီး သမီလေးကို ပြန်တွေ့မယ်လို့ စိတ်ကူးကြည့်မိတယ်။ ဒါပေမယ့် တဖက်ကလည်း ကျွန်တော် ပြန်စဉ်းစားကြည့်တော့ သာယာ ချမ်းမြေ့နေတဲ့ သူတို့မိသားစု ဘ၀လေး ကို ကျွန်တော်ကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားမှာကို စိုးရိမ်မိတယ်။ အဲဒီလို တွေးမိ တာကြောင့် ရက် ရှည်ကျောင်း ပိတ်ရက်တွေမှာ ကျွန်တော် ရွာကို မပြန်ဖြစ်တော့ဘဲ မြို့မှာတင် သင်တန်းတွေတက်လိုက်၊ ဦးပဉ္ဖင်း ကြီး ဝေယျာဝစ္စတွေ လုပ်ပေးလိုက်နဲ့ အချိန်တွေ ကုန်လွန်စေခဲ့ပါတယ်။ ကျွန်တော် အခုရောက်ရှိနေတဲ့ လူမှုပတ်ဝန်းကျင် အသိုင်း အ၀ိုင်းထဲမှာလည်း ကျွန်တော့်ကို သူငယ်ချင်တွေ စကြ။ နောက်ကြပါတယ်။ အသည်းနှလုံး မရှိတဲ့ လူကြီး တဲ့။ အမှန်တကယ်တော့ ကျွန်တော့်မှာ ချစ်တတ်တဲ့ အသည်နှလုံးရှိပါတယ်။ အဲဒီ အသည်းနှလုံးကိုဟာ သူများတွေလို ၁၅၀၀ မေတ္တာမျိုးနဲ့သာ ရှင်သန်နေ တာမျိုး မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော့် နှလုံးသားကို စိမ်းလန်းတဲ့ မြေပြင်တစ်ခုနဲ့ ခိုင်းနှိုင်းလိုက်မယ် ဆိုရင် မြေပြင်လေးရဲ့ အလယ်မှာ ကွက်လပ်လေး တစ်ခု ရှိနေမှာပါ။ အဲဒီ ကွက်လပ်လေးဟာ ဘယ်သူ့အတွက်လည်း ဆိုတော့ သမီးလေး မိုးမြင့်ဝေ အတွက်ပါဘဲ။ တနေ့နေ့မှာ ကွက်လပ်နေရာလေးကို သမီးလေး ရောက်ရှိလာမယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်။ ကျွန်တော် မျှော်မှန်းထားသလို အဲဒီကွက်လပ်လေးမှာ သမီးလေး ရောက်လာတယ် ဆိုရင် လှပမွှေးကြိုင်တဲ့ အပင်လေးတွေ အဖြစ် ကျွန်တော့် ဘ၀ကို ပေးဆပ်လိုက်မှာပါ။ အဲဒီလို ပေးဆပ်နိုင်ဖို့ရာ အတွက် ကျွန်တော့်ရဲ့ အသည်းနှလုံးကို ၁၅၀၀ မေတ္တာမျိုးနဲ့ မရှင်သန်စေဘဲ မိဘ မေတ္တာမျိုးနဲ့ ရှင်သန်နေ အောင် ကိုယ့်ကိုယ်ကို ထိန်းကျောင်းခဲ့တာပါ။

စိမ်းလန်းတဲ့ မြေပြင်လေးအလယ်မှာ ရှိတဲ့ ကွက်လပ်နေရာလေးထဲကို သမီးလေး ရောက်လာမယ်နေ့ …. ဟုတ်တယ်၊ အဲဒီနေ့ဟာ ကျွန်တော့်အတွက် …………….။ ။

အဖြစ်အပျက်တွေဟာ တခါတရံမှာ အရမ်းကို ဆန်းပြားလှပြီး၊ အရမ်းလည်း အံ့သြခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ၁၅ နှစ်ခန့် ကြာတဲ့ အခါမှာတော့ အောက်ဖော်ပြပါ စာကို ကျွန်တော် လက်ခံရရှိခဲ့ပါတယ်။
သူငယ်ချင်း
မိုးစက်ရေ…… သတိရစွာနဲ့ စာရေးလိုက်တယ်ကွာ။ မင်း ဘာမှာရှိနေတယ်ဆိုတာ သိန်းမြင့် ပြောပြလို့ ငါသိရ တာ။ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ လူချင်းလည်း မတွေ့နိုင်၊ စာချင်းလည်း မဆက်သွယ်မိနဲ့။ နှစ်တွေကို အတော် ကြာပေါ့ကွာ။ သူငယ်ချင်းရေ … ငါဆီက စာရတော့ မင်း ၀မ်းသာခြင်းနဲ့ အတူ အံ့လည်း အံ့သြနေ လောက်ရောပေါ့။ ငါ မင်းကို ရင်ဖွင့်ချင်လို့ပါကွာ။ ငါ အခု မအူပင် အစိုးရ နည်းပညာကောလိပ်မှာ တာဝန်ကျ နေတယ် သူငယ်ချင်း။ မိုးစက် ….. ငါ ….ငါ သမီလေးကို တွေ့ရပြီကွ။ ငါ အရမ်းဝမ်းသာပြီး ပျော် နေတယ် ကွာ။ ဘယ်လို တွေ့တာလဲ ဆိုတာတော့ မင်း သိချင်နေမှာဘဲ။ ငါပြောပြမယ် သူငယ်ချင်း။ တစ်နေ့ ငါ စာသင်မယ် ဆိုပြီး EP Class ကို သွားတယ်ကွာ။ အဲဒီမှာတင် ရှေ့ဆုံးက ထိုင်တဲ့ ကျောင်းသူလေး တစ်ယောက်ကို ငါ သတိ ထားမိတယ်။ ဝေနှင်းနဲ့ တော် တော် ဆင်တယ်ကွာ။ စာ စသင်သင်ချင်း မေးမလို့။ ဒါပေမယ့် ငါ မမေးဖြစ်ဘူး။ ငါ့စိတ်တွေကို ထိန်းလိုက်တယ်။ စာသင်ပြီးလို့ အတန်းထဲကနေ ထွက်ခါနီးမှာ ဘယ်လိုမှ မနေနိုင်တာနဲ့ အဲဒီ ကျောင်းသူလေးဆီကို သွားပြီး “ သမီး … သမီး နာမည် ဘယ်လိုခေါ် လဲ” လို့ မေးလိုက်တော့ “မိုးမြင့်ဝေ ပါ ဆရာ” မတ်တပ်လေးရပ်ပြီး သမီးလေးက ဖြေလာတယ်။ အတန်းထဲကနေထွက်လာပြီး သေချာအောင် ငါ ဌာနက ကျောင်းသား၊ ကျောင်းသူ ကိုယ်ရေးဖိုင်ထဲမှာ သွားကြည့်တယ်။ ဟုတ်တယ်ကွ … ဟုတ်တယ် … ငါ့ သမီးလေး မိုးမြင့်ဝေ မှ မိုးမြင့်ဝေ အစစ်ကွ။ ငါ ၀မ်းသာလိုက်တာ သူငယ်ချင်းရာ။ ငါ သမီးလေးနဲ့ ဆုံတွေ့ခွင့် ရပြီ။ နှစ်ရှည်လများ ငါစောင့်ခဲ့တဲ့ အချိန်လေးကို ရောက်ပြီ သူငယ်ချင်း။ မင်းနဲ့ လူချင်းများဆုံတွေ့ခွင့် ရမယ် ဆိုရင် ဒီထက် အများကြီး ပြောပြချင်တယ် ကွာ။ အခုတော့ ဒီလောက်ပဲ သူငယ်ချင်းရေ …ငါအရမ်းပျော်နေလို့ ။ သတိရစွာဖြင့်
မိုးကျော်သူ
မိုးကျော်သူ ရဲ့ စာကို ဖတ်လို့အပြီးမှာတော့ ကျွန်တော် မျက်နှာလည်း ပီတိတွေနဲ့အတူ ပြုံးရွှင်နေခဲ့ပါတယ်။ စိမ်းလန်းသော မြေပြင် လေးရဲ့ အလယ်က ကွက်လပ်လေးမှာ သမီးလေး မိုးမြင့်ဝေ ရောက်လာပြီ ဆိုတော့ လှပမွှေးကြိုင်တဲ့ ပန်းကလေးတွေအဖြစ် သူ ပေးဆပ်နေမယ်ဆိုတာ ကျွန်တော် ယုံကြည်နေပါတယ်။

မိုးစက်
24 . 10 . 2007 (1:53 AM)


ဆက်ဖတ်ရန်...

Oct 21, 2007

စိမ်းလန်းသော မြေပြင်မှ ကွက်လပ်လေးတစ်ခု ( ၁)

ချစ်ရသူနှင့် ခွဲခွာ၍နေရသော ဒုက္ခကို အခုမှ လက်တွေ့ ခံစားရတော့သည်။ ဦးပဉ္ဖင်းကြီး၏ စကားကို မပယ်ရှားလို၍သာ မြို့ကိုလိုက် လာရသည်။ စိတ်ထဲမှာတော့ လုံးဝ (လုံးဝ) မပါချေ။ အခုချိန်လောက်ဆို ချစ်ရတဲ့ ဝေနှင်း တစ်ယောက် တွေ့နေကျ နေရာလေးမှာ တစ်ယောက်တည်း နေမှာပဲနော်။
မနက်(၅)နာရီ မှာ သင်္ဘောစထွက်မှာမို့ အဖေ၊ အမေနဲ့ မမကြီး၊ မမလတ်တို့အားလုံး မနက်အစောကြီး ထပြီး ကျွန်တော်နဲ့ ဦးပဉ္ဖင်း ကြီးအတွက် ဝေယျာဝစ္စတွေ အားလုံးလုပ်ပေးနေကြပြီ။ ကျွန်တော်ကတော့ သူတို့တွေ လုပ်ကိုင်နေတာကို ကြည့်ပြီး စက်ရုပ်တစ်ရုပ် လို လှုပ်ရှား နေမိသည်။ မနက် (၄)နာရီ ထိုးတော့ အေးအေးဝင်းနှင့် ၀င်းမြင့် ရောက်လာသည်။ သူတို့လက်ထဲမှာလည်း ကျွန်တော့် အတွက် စားစရာမျိုးစုံ ပါလာသည်။ သူတို့ကို မြင်မြင်ချင်း ဝေနှင်းရော ဟု ကျွန်တော် အလောတရော မေးဖြစ်သည်။ အေးအေးဝင်း က နင် ထွက်သွားတာကို ကြည့်ပြီး သူ လက်ပြ မနှုတ်ဆက်ချင်လို့ လိုက်မပို့တော့ဘူးတဲ့။ ကျွန်တော် တွေဝေစွာနဲ့ ဘာမှထပ်မပြော ဖြစ်တော့။


သင်္ဘောဆိပ်သို့ဆင်းခါနီး အဖေနဲ့အမေ၊ မမကြီး၊ မမလတ်တို့ အားလုံးကို ကန်တော့သည်။ ကန်တော့ပြီး မော့ကြည့်လိုက်တော့ အားလုံး ငိုနေကြသည်။ ကျွန်တော့် ရင်ထဲမှာလည်း လုံးဝ စိတ်မကောင်းချေ။ သင်္ဘောဆိပ်ကို ရောက်တော့ မနက်(၅)နာရီ ထိုးနေခါ နီးနေပြီ။ ကျွန်တော်တို့ရွာမှ မြို့သို့တက်၍ ဆားရောင်းသွားမည့် လူများလည်း အသီးသီး သင်္ဘောပေါ်သို့ တက်နေကြပြီ။ ဝေနှင်း အတွက် အစစအရာရာ စိတ်ချပါ၊ ငါတို့ ရှိပါတယ်လို့ အေးအေးဝင်းရော၊ ၀င်းမြင့်တို့က ပြောသည်။ ညကတည်းက ရေးထားတဲ့ စာ လေးကိုထုတ်ပြီး ဝေနှင်းကို ပေးပေးပါလို့ အေးအေးဝင်း ကိုမှာသည်။ သင်္ဘောကြီး စထွက်ရန် ဥသြဆွဲနေချေပြီ… သင်္ဘောပေါ်တက် ရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင် အဖေက စကားတစ်ခွန်းဆိုသည်။
သား၊ မင်းဟာ မိသားစုထဲမှာ တစ်ဦးတည်းသော သားပဲ။ မင်းကို ထူးထူးချွန်ချွန် ဖြစ်စေချင်လို့ မြို့ကိုလွှတ်ပြီး ပညာတွေ သင်ယူခိုင်း တာ ငါ့သားကြီးကို ဘွဲ့ဝတ်စုံကြီးနဲ့ မြင်ချင်တယ်ကွာတဲ့။ အမေကတော့ အနန္တငါးပါးကို မမေ့ဖို့ ကျန်းမာရေး ဂရုစိုက်ဖို့ ကို တတွတ် တွတ်နဲ့မှာတယ်။ ဆိပ်ကမ်းက ဘောတံတားကြီး သိမ်းခါနီးမှာ ကျွန်တော် သင်္ဘောကြီးပေါ် တက်လာခဲ့မိတယ်။ လက်တွေ့ဝှေ့ယမ်း ပြီး နှုတ်ဆက်နေတဲ့ မိသားစုနဲ့ အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်ကို ကျွန်တော် လက်ပြန်ပြမိတယ်။ သြော်... ဝေနှင်း ရယ်… မောင် လက်ပြနှုတ်ဆက်တာကို မကြည့်ရက်ဘူးတဲ့လား။ မောင် ပညာတွေစုံရင် ချစ်ရတဲ့ ဝေနှင်းဆီ အပြေးပြန်လာခဲ့ပါ့မယ်ကွာ… မောင့်ကို စိတ်ချပါ … ဝေနှင်းအပေါ်အမြဲ သစ္စာရှိနေမှာပါ ဝေနှင်းရယ်။ ဒီသင်္ဘောကြီးကိုစီးပြီး မြို့ကို အကြိမ်ကြိမ်တက်ကာ ဆားအိတ်တွေ သွားရောင်းဘူးပါ၏။ ဘယ်သောအခါမှ ကိုယ့်ရွာလေးရဲ့ အလှအပကို မခံစားဘူးခဲ့ပါဘူး။ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ရင်ထဲမှာ ရှိတဲ့ခံစားချက်တွေကြောင့်လားမသိ ကျွန်တော်တို့ရွာလေးဟာ သာယာချမ်းမြေ့စွာနဲ့ လွမ်းမောဖွယ်ကောင်းနေပါတော့တယ်။ ပတ် ၀န်းကျင် မြင်ကွင်းတစ်ဆုံးကြည့်ပြီး ကျွန်တော် သင်္ဘောက အခန်းဆီကို လာခဲ့မိတယ်။ ဦးပဉ္ဖင်းကြီးကတော့ ကုတင်ပေါ်မှာ တရား စာအုပ်တစ်အုပ် ဖတ်နေတယ်။ ကျွန်တော်လည်း ဘာမှ ဆက်မပြောတော့ဘဲ ကုတင်လေးပေါ်မှာ လှဲအိပ်ပြီး ဟိုးအကြောင်း၊ ဒီအ ကြောင်း စဉ်းစားနေမိတယ်။ ကျွန်တော်တို့ ရွာလေးဟာ ဧရာဝတီတိုင်း အစွန်အဖျားမှာရှိတဲ့ ကျွန်းငယ်လေး တစ်ကျွန်းပေါ်က ရွာ လေးတစ်ရွာပါ။ ကျွန်တော်တို့ ရွာရဲ့ အဓိက ထွက်ကုန်ကတော့ ဆား ပါဘဲ။ ကျွန်တော်တို့ အဖေနဲ့အမေဟာ ဆားတွင်းကြီးတွေကို ပိုင်ဆိုင်ပါတယ်။ မောင်နှမ သုံးယောက်ရှိတဲ့အနက် ကျွန်တော်က တစ်ဦးတည်းသော သားလည်းဖြစ်၊ အငယ်ဆုံးလည်းဖြစ်တဲ့ အတွက် အားလုံးက ၀ိုင်းပြီးချစ်ကြပါတယ်။ မမကြီး မိုးသဇင်ကရွာမှာ ရှိတဲ့ တွဲဘက်အထက်တန်းကျောင်းမှာ (၁၀)တန်းကို ၂ နှစ် ဆက်တိုက်ကျလို့ စာမေးပွဲ ဆက်မဖြေတော့ဘဲ အမေတို့ သဘောတူတဲ့ ရွာက ကိုအောင်ဝင်းနဲ့ အိမ်ထောင်ပြုပြီး ကျွန်တော်တို့ အိမ် ၀ိုင်းထဲမှာဘဲ အိမ်တစ်လုံးထပ်ဆောက်ပြီး နေပါတယ်။ အစ်မလတ် မိုးစံပယ် ကတော့ ကျွန်တော်နဲ့ ၁၀ တန်းကို အတူတူ အောင်ပါ တယ်။ မမလတ်လည်း ဒီအတိုင်းပါဘဲ ၁၀ တန်းကို ၂ နှစ်ဆက်တိုက်ကျ ကျွန်တော်နဲ့ အတန်းချင်း တူသွားပြီးမှ အတူတူ အောင်ခဲ့ တာပါ။ ကျွန်တော့်မှာ အချစ်ဆုံး သူငယ်ချင်း ၃ ယောက်ရှိပါတယ်။ အေးအေးဝင်းရယ်၊ ၀င်းမြင့်ရယ်၊ ပြီးတော့ ကျွန်တော် ချစ်ရတဲ့ ဝေနှင်းရယ်ပေါ့။ ကျွန်တော်တို့ သူငယ်ချင်း လေးယောက်ဟာ သူငယ်တန်းကနေ စပြီးအထက်တန်းအထိ အတူတူ သွားတာ၊ လာတာ၊ စားတာသောက်တာ အားလုံး တပူးပူးတတွဲတွဲ ပါပဲ။ ၀င်းမြင့် နဲ့ ဝေနှင်း တို့ မိဘတွေကလည်း ဆားတွင်းကြီး တွေကို ပိုင်ဆိုင်တဲ့ ရိုးသားတဲ့ တောသူ တောင်သားတွေပါဘဲ။ အေးအေးဝင်း ကတော့ အဖေ မရှိတော့ပါဘူး ကျွန်တော်တို့လို ဆားတွင်းကြီး တွေ မပိုင်ပေမယ့် သူ့အစ်မအကြီးဆုံးက မြို့မှာ သူနာပြု ဆရာမသင်တန်းဆင်းပြီး ရွာမှာ သားဖွားဆရာမ အဖြစ်လုပ်ကိုင်ပြီး အင်္ဂလိပ်-မြန်မာ ဆေးဆိုင်ကြီး ဖွင့်ထားပါတယ်။ ရွာလို့ ပြောလိုက်လို့ အထင်မသေးလိုက်ပါနဲ့ ကျွန်တော်တို့ ရွာမှာ ကျွန်းရဲစခန်း ရှိတယ်။ အုပ်ချူပ်ရေးဆိုင်ရာ ရုံးတွေရှိတယ်။ တွဲဘက် အထက်တန်းကျောင်း ရှိတယ်။ မြို့နယ်အဆင့် ရှိတဲ့ ရွာကြီးလို့ ပြောရင်လည်း ရပါတယ်။
ကျွန်တော် ၁၀တန်းရောက်တော့ ဝေနှင်းကို ကျွန်တော့်ရင်ထဲမှာ ရှိတဲ့ ခံစားချက်တွေ ဖွင့်ပြောပြမိတယ်။ အဲဒီအဖြစ်အပျက်လေးကို မှတ်မိပါသေးတယ်။ ဝေနှင်းရယ်လေ….. ဟင်းချက်ဖို့ ကြက်သားတွေကို ဓားနဲ့ ခုတ်ရင်း ဘယ်ဘက်လက်ကို ဓားထိသွားခဲ့တယ်။ ဂရုမစိုက်ဘဲ ဒီအတိုင်းနေလိုက်တာ အနာမှာ ညှော်တွေဝင်ပြီး ရင်းလာတယ်။ အနာအရှိန်ကြောင့် သူကျောင်းတစ်ပတ်လောက် မတက်နိုင်တော့ဘူး။ အဲဒီမှာတင် ကျောင်းမှာ လွတ်သွားတဲ့ စာတွေအတွက် အေးအေးဝင်း၊ ကျွန်တော်၊ ၀င်းမြင့်တို့ ခွဲတမ်းချပြီး စာ တွေဝိုင်းကူးပေး ရတယ်။ အေးအေးဝင်းက လူမှုရေးဘာသာရပ်ကို ကူးပေးတယ်။ ၀င်မြင့်က သိပ္ပံဘာသာရပ်နဲ့ ကျွန်တော်က မြန်မာ အင်္ဂလိပ် သင်္ချာ။ ဝေနှင်း မသိအောင် ခိုးယူထားတဲ့ သူ့ဓာတ်ပုံလေးကို ရှေ့မှာချပြီး ကိုယ် ချစ်ရတဲ့ ချစ်သူလေးရဲ့ စာမျက်နှာတွေထဲ မှာ အကောင်းဆုံးနဲ့၊ အ၀ိုင်းဆုံးလက်ရေးလေးတွေ ရေးချ ပေးလိုက်တယ်။ သူ့ပုံလေးကို ကြည့်ပြီး စိတ်ကူးယဉ်နေရင်းနဲ့ စာအုပ်လေး တစ်အုပ်ယူပြီး ကဗျာလေးတစ်ပုဒ် ရေးချမိတယ်။
တိတ်တခိုး ချစ်သူ
တွေ့စရင်ခုန် မြင်ယုံစွဲလန်း
တမ်းတမ်းစွဲဖြစ်
ချစ်မိနေပြီ ဝေနှင်း ရယ် …..
အလှမ်းကွားလို့ လွမ်းတာတွေ့တောင်
သူသိအောင် မနေရဲ
ရင်မှာ ဝေဒနာ မဖြေသာလို့
ချစ်တယ် ပြောရင်
သူ စိတ်ဆိုးမှာလား ….
အတွေးစိတ်များက ချောက်လှန့်နေခဲ့
ဖွင့်မပြောပြန်လည်း စိတ်များတင်းလို့
အနေရခက်တယ် ဝေနှင်း ရယ် …..
မပြောဘဲ သိ မကြည့်ဘဲ မြင်
ရင်တွင်းရှိတာ သိနေရင်
သိပ်ကောင်းမှာဘဲ
နှုတ်များ ဆွံ့အ မဖွင့်ဟရဲလို့
သြော် ….. ယောကျာ်းတန်မဲ့
အံကြိတ်၍သာ ဖြေပါတော့မယ် ဝေနှင်းရယ် …..
စိတ်ကူးတွေနဲ့ ချစ်တဲ့ ဝေနှင်းအတွက် ကဗျာလေးရေးပြီး အိပ်ယာဝင်ခဲ့တယ်။ ဒီနေ့နဲ့ဆိုရင် ဝေနှင်း ကျောင်းပျက်တာ ၆ ရက်တောင် ရှိသွားပြီနော်။ သူ့အကြောင်းတွေတွေးရင်းနဲ့ အိပ်ပျော်သွားတယ်။ မနက်အိပ်ယာကနိုးလို့ ကျောင်းသွားတော့ အမှတ်မထင် ဝေနှင်း ကို တွေ့လိုက်ရတယ်။ အနာက သက်သာသွားလို့ ကျောင်းစတက်တာတဲ့။ ၀မ်းသာအားရနဲ့ ချစ်သူဆီကို စာအုပ်လေးတွေ လှမ်းပေး မိတယ်။ အေးအေးဝင်း၊ ၀င်းမြင့်၊ ကျွန်တော်၊ ဝေနှင်း လေးယောက်သား လက်တွဲပြီးစာသင်ခန်းကို ချီတက်ခဲ့ကြတယ်။ ကျောင်းဆင်း တော့ အိမ်ကို တန်းပြန်လာတယ်။ လွယ်အိတ်ချပြီးတာနဲ့ ထော်လဂျီကို စက်နှိုးပြီး ဆားတွင်းတွေဘက် ထွက်လာခဲ့တယ်။ ဆားကြမ်း တွေကို ထော်လဂျီနဲ့ သယ်ပြီး အိမ်ပြန်လာတယ်။ အိမ်ပြန်ရောက်ရောက်ခြင်း ရေချိုးဖို့လုပ်နေတုန်း မမကြီးက မီးဖိုချောင်ထဲကနေ လှမ်းပြောတယ်။ ကိုမိုးရေ… ခုနကဘဲ ဝေနှင်းလာသွားတယ် မင်းပြန်လာရင် အေးအေးဝင်းတို့ ဆိုင်ကိုလာခဲ့ပါတဲ့။ ဟုတ်ကဲ့လို့ ပြန် ပြောရင်း ကမန်းကတန်း ရေချိုးလိုက်တယ်။ အ၀တ်အစားလဲပြီးတာနဲ့ အေးအေးဝင်းတို့ဆိုင်ကို သွားမိတယ်။ ကျွန်တော့်ကို တွေ့တွေ့ ချင်း အေးအေးဝင်း ပြေးထွက်လာပြီး မိုးကျော်သူ နင် ဝေနှင်းကို ရည်းစားစာ ပေးတယ်ဆို ဟုတ်လား ဟိုမှာ စိတ်ဆိုးနေပြီ ဟ သွား လိုက်ပါဦး။ ပြောပြောဆိုဆို နဲ့ အေးအေးဝင်းထ ထွက်သွားတယ်။ ကျွန်တော်လည်း ဇဝေဇ၀ါနဲ့ ငါလည်း မရေးရပါလား လို့ ကိုယ့် ကိုယ်ကို ပြန်ပြောရင်း ဝေနှင်းဆီကို လာခဲ့မိတယ်။ ချစ်သူရဲ့ နှုတ်ခမ်းလေးက ဆူလို့။ ကျွန်တော့်ကို မြင်တော့ ဝေနှင်း က
“ ဒီမှာ မိုးကျော်သူ နင်ကိုငါက ကျောင်းမတက်နိုင်လို့ မမှီတဲ့ စာလေးတွေ ကူးပေးပါဆိုပြီး အကူအညီတောင်းတာ နင်က ငါ့ကို ရည်းစား စာပါထည့်ပေးလိုက်တယ် ပေါ့ဟုတ်လား ”
ကျွန်တော်လည်း ဘာပြောရမှန်းမသိတော့။ “နင် ဘာ တွေလာပြောနေတာလဲ ဝေနှင်း နင်ပြောတာကို ငါ နားမလည်ဘူးဟာ”
“အေး နင် မသိချင်ယောင် ဆောင်မနေနဲ့ မိုးကျော်သူ ဒီမှာကြည့် နင့် လက်ရေးကြီးနဲ့ ရေးထားတဲ့ ကဗျာ။ ကဲ တွေ့ပြီလား။ နင် ဘာငြင်းချင်သေးလဲ”
ကျွန်တော် ခဏတာ ငြိမ်သက်သွားမိသည် လူမသိအောင် သူ့ကို ချစ်တဲ့ အကြောင်းလေးတွေကို ကဗျာလေးရေးမိပါတယ်။ သူ့စာအုပ်ထဲမှာ မှ သွားရေးမိသည့် ကိုယ့်အဖြစ်ပါလား။ ကျွန်တော်လည်း နောက်ဆုံး မထူးတော့ပါဘူးကွာ ဆိုပြီး….
“ ဟုတ်တယ် ဝေနှင်း ငါ နင့်ကို ချစ်နေတာ ကြာလှပြီ … သူငယ်ချင်းဆိုတဲ့ အတွေးတွေကြောင့် နင့်ကို ငါ ဖွင့်မပြော ဖြစ်ခဲ့တာပါ။ အခု နင်သိသွားပြီဆိုတော့ ငါ မြိုသိပ်မထားတော့ပါဘူး။ ငါ့ဘ၀ရဲ့ လက်တွဲဖော်အဖြစ် ရည်ရွယ်ပြီး နင်ကို ချစ်တယ် လို့ ပြောပါရစေ”
ကျွန်တော်လည်း ရင်ထဲမှာ ရှိသမျှ စကားတွေကို အိတ်သွန်ဖာမှောက် ပြောချမိ၏။ ကျွန်တော် စကားလည်း ဆုံးရော ဝေနှင်း တစ် ယောက် အင်း မလုပ် အဲ မလုပ်နဲ့ ကျွန်တော့်ရှေ့ကထွက် သွားပါတော့တယ်။ နောက်နေ့ကစပြီး ကျွန်တော့်ကို ဝေနှင်း ကောင်း ကောင်း စကားမပြောတော့ အေးအေးဝင်း နဲ့ ၀င်းမြင့် ကလည်း ကျွန်တော့်အတွက် စိတ်မကောင်းကြ။ ဝေနှင်းကို ဖြောင်းဖျပြော သော်လည်း ဘာမှ ပြန်မပြော။ ကျွန်တော် ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့။ ချစ်သူရဲ့ ဥပက္ခာပြုမှုတွေကို ခံစားရတော့ လူ က ကျောင်းစာထဲမှာ စိတ်မပါ။ မျက်နှာက မရွှင်ပြ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။ စဉ်းစားကြည့် ကြပါဦးဗျာ။ မိန်းကလေး တစ်ယောက်ကို ချစ်တယ်လို့ ဖွင့်ပြောတာ အပြစ်တဲ့လား။ မနက်အိပ်ယာက နိုးလို့ ဝေယျာဝစ္စတွေ လုပ်ပြီးတာနဲ့ ကျောင်းသွားဖို့ ကျွန်တော် ပြင်ဆင်နေတုန်း အိမ်ဝိုင်းထဲကို အဖြူ နဲ့ အစိမ်း ၀တ်စုံလေးနဲ့ အမှတ်မထင် ဝေနှင်းကို တွေ့လိုက်ရပါတယ်။ ကျွန်တော့် စိတ်ထင် မမလတ် ဆီလာတာလို့ပဲ တွေးမိသည်။ ကျွန်တော့်ဆီကိုတော့ ဘယ်လို နည်းနဲ့မှ လာစရာအကြောင်းမရှိ။ စိတ်ကူးနဲ့ ပြော နေတုန်းဘဲ ရှိသေးသည်။ “ အစ်မ မိုးကျော်သူ ရှိလား၊ ဝေနှင်း ကျောင်းသွားမလို့ သူ့ကို လာခေါ်တာ” တဲ့။ ကျွန်တော့် နားကြားများ လွဲသလား မသိ။ မမလတ်က “ရှိတယ် ဝေနှင်း ရေ” လို့ ပြန်ပြောမှ ကျွန်တော်ကြားတာ အမှန်ဖြစ်ကြောင်း သိတော့သည်။ အိမ်မှ စ ထွက်ပြီး လမ်းတ၀က် ရောက်သည်အထိ ဘာစကားမှ မပြောဖြစ်ကြသေး။ ကျောင်းသို့ ရောက်ခါနီး ထနောင်းပင်ကြီးနားရောက် တော့မှ ဝေနှင်းက စကားစဆိုသည်။
“ မိုးကျော်သူ နင် ငါ့ကို ချစ်တာ တကယ်ပြောတာလား”
ကြည့်ပါလား၊ ကျောင်းဝတ်စုံလေးနဲ့ သနပ်ခါး ပါးကွက်ကြားလေး ကွက်ပြီး လှချင်တိုင်း လှနေတဲ့ ချစ်သူလေးကို “ တကယ်ပြောတာ ပါ ဝေနှင်း ရယ်” လို့ ပြန်ပြောပြလိုက်ချင်တယ်။ ဒါပေမယ့် မပြောဖြစ်ပါဘူး။ ခေါင်းလေး တစ်ချက်ဘဲ ငြိမ့်ပြဖြစ်တယ်။ ကျွန်တော့်ရင် ထဲမှာ ဘာတွေရှိနေတယ် ဆိုတာ သူ မြင်နိုင် သိနိုင်မှာပါ။
“ ခေါင်းမငြိမ့်နဲ့ ဟာ ပါးစပ်နဲ့ပြော ”
ကျွန်တော် ခဏတာ ငြိမ်သက်နေမိသည်။
“ နင် ဘာတွေ စဉ်းစားနေတာလဲ မိုးကျော်သူ ”
“ ဘာမှ မစဉ်းစားပါဘူးဟာ နင့်အတွက် ချစ်တယ်ဆိုတဲ့ စကားထက် လေးနက်တဲ့ စကားလုံးတွေ ပြောဖို့ လိုက်ရှာနေတာပါ၊ နင်ရော ငါ့ကို ချစ်တယ် မဟုတ်လား ဟင်”
ကျွန်တော် မေးတော့ သူ မဖြေ တုပ်တုပ်မှ မလှုပ် တစ်ခွန်းတည်းသော စကားကို ဆို၏။
“ အင်း ” တဲ့။
“ ဘာ အင်း တာလဲ သေချာပြောလေ ဟာ ”
“ နင်ကလည်း မိုးကျော်သူ နင် ဒါလေးတောင် မသိဘူးလား၊ ငါ စိတ်မရှည်တော့ဘူးနော် ချစ်တယ် ဟာ ချစ်တယ် ကဲ သိပြီလား ”
မပြောတော့လည်း မပြောလို့ ပြောပြန်တော့လည်း စကားတွေက ဖြောင့်နေတာပါဘဲ။ နှုတ်ခမ်းဆူဆူလေးနဲ့ ပြောလာတဲ့ ဝေနှင်းရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားလိုက်မိတယ်။ ဆောင်းနှင်းငွေ့တွေနဲ့ နေခြည်ထိုးခါစ ရွှေအိုရောင် မြူနှင်းတွေ ကြားထဲမှာ ချစ်သူ လက်ကို ကျောင်းနား ရောက်တဲ့ အထိ ဆွဲကိုင်လာမိတယ်၊ သူငယ်ချင်း ၄ ယောက်ရှိတဲ့အနက် ကျွန်တော်နဲ့ ဝေနှင်းက ချစ်သူတွေ ဖြစ်သွားကြပြီဆိုတော့ ကျန်တဲ့ ၀င်းမြင့်နဲ့ အေးအေးဝင်းကိုလည်း ကျွန်တော်တို့လိုပဲ ဖြစ်စေချင်တာပေါ့။ ဒါပေမယ့် ဘယ်လိုပဲ တိုက် တွန်း တိုက်တွန်း သူတို့ကတော့ နေမြဲအတိုင်းပါဘဲ။ ဘာမှ ပိုမထူးပါဘူး။ နောက်ဆုံးတော့ ကျွန်တော်နဲ့ ဝေနှင်းလည်း သူတို့နှစ် ယောက်ကို ဘာမှ မပြောဖြစ်တော့ပါဘူး။ ချစ်သူတွေ ဖြစ်ပြီးတဲ့ အချိန်မှာ ဝေနှင်းက ကျွန်တော့်ကို မောင် လို့ခေါ်တယ်။ ကျွန်တော် ကတော့ ဝေနှင်းလို့ပဲ ခေါ်ပါတယ်။
ကျောင်းပိတ်ရက် တစ်ရက်မှာတော့ ကိစ္စတစ်ခုပေါ်လာတယ်။ ဘာလဲဆိုတော့ ဆားတွင်းမှာ ရှိတဲ့ တဲအိမ်ကလေးမှာ ကျွန်တော်နဲ့ ကိုအောင်ဝင်း ညစောင့် အိပ်ရတယ်။ အရင်ကလည်း ဒီလိုဘဲ ကျောင်းပိတ်ရက်တွေမှာ ကျွန်တော် သွားသွား အိပ်ပါတယ်။ သြော် … ပြောဖို့ တစ်ခုကျန်သွားတယ်။ ဝေနှင်း မိဘတွေပိုင်တဲ့ ဆားတွင်းတစ်ခုနဲ့ ကျွန်တော်တို့ ဆားတွင်းတစ်ခုနဲ့က ကပ်နေတာလေ။ တိုက် တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီနေ့က ဝေနှင်းလည်း သူတို့ပိုင်တဲ့ ဆားတွင်းက တဲကလေးမှာ ည စောင့်အိပ်ရတယ်။ အရင်က သူ့အဖေနဲ့ အစ်မ အိပ်တာပါ။ ဒါပေမယ့် အဲဒီနေ့က သူ့အမေနေမကောင်းတာနဲ့ သူ့အစ်မက အိမ်ပြန်အိပ်ပါတယ်။ အမှတ်မထင်ပါဘဲ သူနဲ့ ည ပိုင်း ကာလလေးမှာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ သူ့အဖေက ညဦးပိုင်း အစောကာလကတည်းက အိပ်ယာထဲကို ၀င်သွားတယ်။ ကျွန်တော်တို့ တဲကလေးရဲ့ နောက်ဖေးလေးမှာ ကျွန်တော်နဲ့ ဝေနှင်းတွေ့ဆုံခွင့် ရခဲ့ပါတယ်။ ချစ်သူကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ထားပြီး ချစ်စကားတွေ ပြောဖြစ်ခဲ့ကြတယ်။ စကားပြောနေတုန်း မိုးကောင်းကင်ကြီးကို မော့ကြည့်ဖြစ်တယ်။ ကျွန်တော်တို့ ၁၀ တန်း သင် ခန်းစာထဲမှာ ပါတဲ့ ခွန်ဆန်လောနဲ့ နန်းဦးပြင် အကြောင်း ပြောဖြစ်ကြတယ်။ သူတို့နှစ်ဦးဟာ မေတ္တာမျှပြီး ချစ်ကြတာတောင်မှ မိဘ တွေကြောင့် သေကွဲ ကွဲခဲ့ရတယ်။ အဲဒါတင် မကသေးဘူး သေကွဲ ကွဲတာတောင်မှ ကျိန်စာသင့်ခဲ့ကြတဲ့ အကြောင်းတွေကို ပြောပြီး ခွန်ဆန်လောနဲ့ နန်းဦးပြင်တို့ရဲ့ ကြယ်သင်္ကတလေးကို နှစ်ယောက်သား ငေးကြည့်နေမိတယ်။ ကျွန်တော်တို့ နှစ်ယောက်အကြောင်း ကို မိဘတွေဆီမှာ ဖွင့်ပြောပြရင် သဘောမတူနိုင်စရာ အကြောင်းမရှိကြောင်း၊ သူ့ကို ကျွန်တော်ဘယ်လောက် ချစ်ကြောင်းတွေကို အလှပဆုံး စကားလုံးတွေ စီပြီး ပြောပြဖြစ်တယ်။ ဝေနှင်းက “ချစ်တာကို ယုံပါတယ်၊ ဒါပေမယ့် ကံကြမ္မကိုတော့ မယုံရဲဘူး မောင် ရယ်” ဆိုပြီး ရင်ခွင်ထဲကို တိုးဝင်လာတယ်။ မမြင်ရတဲ့ ကံကြမ္မာတွေကို တွေးပြီးစိတ်ပူနေတဲ့ ဝေနှင်းကို အနမ်းတွေနဲ့ ဖြေသိမ့်နေမိ တယ်။ နောက်ဆုံးတော့ ကျွန်တော်နဲ့ ဝေနှင်း စိတ်ကူးအိပ်မက် ကျွန်းလေးဆီကို နှစ်ဦးသား အတူတကွ သွားခဲ့မိကြပါတယ်။ သိပ်လှ တဲ့ ကျွန်လေးပါ။ ကျွန်းလေးက ပြန်လာတော့ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်မိကြပါ တယ်။ ကိုယ်စီ နှစ်ဦးလုံးရဲ့ မျက်လုံးတွေမှာ ရှက်ရိပ် အနည်းငယ် သန်းနေတာပါပဲ။ သြော် …သူလည်း ရှက်ရှာပေမပေါ့။ ကျွန်တော် လည်း ရင်တွေခုန်နေတာပါပဲ။
ပညာရေး တစ်ပိုင်းတစ်စနဲ့မို့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ အခြေအနေကို သူငယ်ချင်း ၄ ယောက်မှ အပ ဘယ်သူမှ မသိစေရဘဲ ကျောင်းစာတွေထဲဘဲ စိတ်တွေ ပြန်နှစ်ထားခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနီးလာတဲ့ စာမေးပွဲအတွက် တဘက်ကနေ ပြင်ဆင်ရင်း ဘ၀ ရှေ့ရေးအတွက်လည်း အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားပါတယ်။ မိသားစုထဲမှာ ယောကျာ်းလေးဆိုလို့ ကျွန်တော် တစ်ယောက် တည်းပါတာဆိုတော့ အိမ်ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဆားလုပ်ငန်းကို ကျွန်တော် ၀င်ရောက်ပြီး လုပ်ကိုင်ရုံပါဘဲ။ အရင်က ဆိုရင် ကိုအောင်ဝင်း တစ်ယောက်တည်း မြို့ကိုတက်ပြီး ဆား သွားရောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်း ကျောင်းအားရက်တွေမှာတော့ ကျွန်တော်လည်း မြို့ကိုလိုက်ပြီး ဆားကုန်သည်တွေနဲ့ ရင်နှီးအောင် လိုက်သွားပါတယ်။ ကျွန်တော့်ရဲ့ စိတ်ကူးကတော့ ၁၀ တန်းဖြေ ပြီးတာနဲ့ အိမ်ရဲ့ စီးပွားရေး လုပ်ငန်းထဲကို ၁ နှစ်လောက် ၀င်ရောက်လုပ်ကိုင်ပြီး အခြေကျတာနဲ့ ဝေနှင်းကို မိသား ဖသားပီပီတောင် ရမ်းလက်ထပ်ယူဖို့ပါ။ အဲဒီ စိတ်ကူးတွေနဲ့ တဘက်ကလည်း ပညာရေးအတွက် ကြိုးစားသလို တဘက်ကလည်း စီးပွားရေးလုပ်ငန်း တွေကို လေ့လာတယ်။ အချစ်ဆိုတာကို ခံစားမိလာကြရင် အနာဂတ်လှပဖို့ အတွက် လူတိုင်းလူတိုင်း ကြိုးစားကြတာပါဘဲ။
တစ်ရက်မှာတော့ ဝေနှင်းက တွေ့နေကျ နေရာလေးမှာ တွေ့ဖို့ ကျောင်းက အပြန်မှာ ကျွန်တော့်ကို ပြောတယ်။ အရေးကြီးတဲ့ ကိစ္စ ပြောမှာမို့လို့ ရောက်အောင်လာခဲ့ဖို့ သေချာမှာတယ်။ ညနေ ဆားတွင်းက ပြန်လာပြီး ရေမိုးချိုး ပြီးတာနဲ့ ဝေနှင်းနဲ့ တွေ့နေကြနေရာ လေးကို လာခဲ့မိတယ်။ ကျွန်တော်ရောက်ပြီး သိပ်မကြာပါဘူး ဝေနှင်းရောက်လာတယ်။ ဘာများအရေးကြီးလို့လဲလို့ မေးတော့ သူ ပြောသင့်၊ မပြောသင့် ခဏစဉ်းစားနေသေးတယ်။ နောက်ဆုံးကျတော့မှ ခေါင်းလေးငုံ့ပြီး ကျွန်တော့်ကို ပြောတယ်။
“မောင် …. ဝေနှင်းမှာ …”
ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ သူမရဲ့ နှုတ်ခမ်းလေးကို လက်ညှိုးလေးနဲ့ အသာပိတ်လိုက်ပါတယ်။
“ သေချာရဲ့လား ဝေနှင်းရယ်”
“သေချာသလောက် ရှိတယ်မောင်၊ ဝေနှင်းသတိထားမိတာ တစ်ပတ်လောက်ရှိပြီ”
“ဝေနှင်း ရယ်…”
စိတ်အားငယ်နေတဲ့ ချစ်သူကို ကျွန်တော် အားပေး စကားတွေ ပြောတယ်။ သူ့ကို ကျွန်တော် ယောကျာ်းပီပီ လက်ထပ်မယ်လို့ ကတိ ပေးလိုက်တယ်။ ၁၀ တန်းစာမေးပွဲကြီးနီးမှ အခုလို ဖြစ်လာရတယ်လို့ သူ့ကိုယ်သူ အပြစ်တင်စကားတွေ ပြောပြီး ကျွန်တော့်ရင်ခွင် ထဲမှာ ငိုနေတယ်။ ချစ်သူစိတ်ထဲမှာ ဖြစ်နေတဲ့ စိုးရိမ်စိတ်တွေ ပျောက်ကွယ်သွားစေမယ့် စကားလုံးတွေ ရွေးချယ်ပြီးကျွန်တော် ပြော နေမိတယ်။ နောက်ထပ် ၂ ပတ်လောက် အခြေအနေ စောင့်ကြည့်ပြီး မိဘတွေကို ဖွင့်ပြောပြ လက်ထပ်ကြမယ်လို့… အလေးအနက် ထားပြီး ဝေနှင်းကို ပြောလိုက်မိတယ်။ ဘာပဲပြောပြော အထိုက် အလျောက်တော့ ဝေနှင်း စိတ်အေးသွားပုံ ရပါတယ်။
သိပ်မကြာပါဘူး ဝေနှင်းက အားလုံးအဆင်ပြေသွာပြီလို့ ပြောတယ်။ ဘယ်လို အဆင်ပြေသွားတာလဲလို့ ကျွန်တော် ကမေးတော့ သူ အေးအေးဝင်း ကိုဖွင့်ပြောပြပြီး ဒီကိစ္စကို တိုင်ပင်တယ်။ အေးအေးဝင်းက သူလုပ်ပေးမယ် ဆိုပြီး သူ့ဆေးဆိုင်ကနေ ဆေးတွေယူလာ တယ်။ အဲဒီဆေးတွေသောက်လိုက်တာနဲ့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာလို့ ပြောပြတယ်။ ဘာဘဲဖြစ်ဖြစ် အခုအခြေအနေက စာမေး ပွဲလည်း ဖြေခါနီး ဖြစ်နေလို့ ဒီလိုလုပ်လိုက်တာ အကောင်းဆုံးဘဲလို့ သူကပြောတယ်။ ကျွန်တော် အဓိက စိုးရိမ်တာက အဲဒီလိုဆေး တွေ သောက်လိုက်လို့ ဝေနှင်း တစ်ခုခု ထိခိုက်သွားမှာကို စိုးရိမ်တာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဝေနှင်းကို အခုလက်ထပ်ဆိုလည်း ကျွန်တော် လက်ထပ်နိုင်ပါတယ်။ ကျွန်တော် ကြိုးစားသွားမယ့် အနာဂတ် အစီအစဉ်လေးတွေကို ပြောပြတော့ ချစ်တဲ့ ဝေနှင်းက ကျွန်တော့် ပုခုံးပေါ်မှာ ခေါင်းလေးမှီပြီး နားထောင်နေတယ်။ ဒီနေ့က စပြီး စာမေးပွဲအတွက် စပြီးကြိုးစားကြဖို့ စကားလမ်းကြောင်း လွှဲလိုက်တယ်။ ၁၀ တန်းအောင်ပြီးတာနဲ့ သူရော၊ ကျွန်တော်ပါ မြို့ကိုတက်ပြီး တက္ကသိုလ်ဆက်မတက်တော့ဘဲ နှစ်ယောက်စလုံး အတွက် ကြိုးစားပြီး ပိုက်ဆံစုကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒီလိုနဲ့ဘဲ မတ်လပိုင်းမှာ ကျွန်တော်တို့နှစ်ယောက်လုံး ၁၀ တန်းစာမေးပွဲကို ကောင်းမွန်စွာ ဖြေဆိုပြီးခဲ့ပါတယ်။ ကြားကာလတွေမှာ တော့ အေးအေးဝင်းရဲ့ အကူအညီကြောင့် ကျွန်တော်တို့ နှစ်ယောက်မှာ ဖြစ်လာတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ စာမေး ပွဲကြီးဖြေဆို ပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်ဟာ စီပွားရေးကိုအရင် ကထက်ပိုပြီး ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ ဆားလုပ်ငန်း တစ်ခုတည်းနဲ့ မဟုတ်ဘဲ ငါးပိ၊ ငါးခြောက်၊ ပုဇွန်တွေပါ ကျွန်တော် မြို့တက်ပြီးဒိုင်တွေမှာ ကျွန်တော် သွားရောက်တဲ့ လုပ်ငန်းတစ်ခု ပါ ထပ်တိုးပြီး လေ့လာလုပ်ကိုင်ခဲ့တယ်။ ဝေနှင်းကလည်း သူတတ်နိုင်သလောက် မိဘလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးရင်း တစ်ဘက် တလမ်းကနေ ကိုယ်ပိုင် ၀င်ငွေအဖြစ် စက်ချုပ်ပါတယ်။ အနာဂတ် ဘ၀လေးတစ်ခု ကိုရည်ရွယ်ပြီး သူရော ကျွန်တော်ရော ကိုယ်ဆီ အသိစိတ်တွေနဲ့ ကြိုးစားခဲ့ကြပါတယ်။ အကြောင်းတိုက်ဆိုင်စွာနဲ့ ဆားတွင်ထဲက တဲကလေးမှာ သူစောင့်အိပ်ရတဲ့ ရက်တွေဆိုရင် ကျွန်တော်နဲ့ ဝေနှင်း ညပိုင်းမှာ တွေ့ဖြစ်ကြတယ်။ အဲဒီလို တွေ့ဖြစ်ကြရင်လည်း အိပ်မက်ကျွန်းလေးဆီကို ရောက်ရောက်သွားကြ တယ်။ တရက်ပြီး တရက် ရက်တွေ ကုန်ဆုံးလာလိုက်တာ ကျွန်တော်တို့ ၁၀တန်းအောင်စရင်းတွေ ထွက်ဖို့ ရက်နီးလာပါတယ်။ ဇူလိုင်လရဲ့ နောက်ဆုံးအပတ်မှာ အောင်စရင်းတွေ ထွက်လာပါတယ်။ ကျွန်တော်က ၁၀တန်းကို ဂုဏ်ထူး ၂ခုနဲ့ အောင်ပါတယ်။ ကျန်တဲ့ လူတွေအားလုံး ၁၀တန်း စာမေးပွဲ ကျတယ်။ အားငယ်နေတဲ့ ဝေနှင်းကို အားပေးစကားတွေနဲ့ နှစ်သိမ့်မိတယ်။ သူကပြော တယ်။ နောက်နှစ် ဆက်မဖြေတော့ဘူးတဲ့။ ကျွန်တော်ဘာမှ ဆက်မပြောတော့ပါဘူး။ သူ စာမေးပွဲ အောင် အောင် ကျ ကျ ကျွန်တော်ကတော့ ချစ်နေမှာပဲ။ လက်ထပ်မှာပါဘဲ။ ဒါပေမယ့် …… ဒါပေမယ့် ပေါ့ဗျာ…..

ဆက်ဖတ်ရန်...

Oct 19, 2007

ကျေးဇူး

မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော် ဘလောဒ့်ဘက်ကို လှည့်မကြည့်ဖြစ်တာ တော်တော်လေးကို ကြာပါပြီ။ ၁လ ကျော်လောက် ရှိမယ်ထင်ပါတယ်။ လုံးလုံးကို ပစ်ထားမိတယ်။ အားလုံးကို လုံးဝ လှည့်မကြည့်ဖြစ်တာပါ။ ကျွန်တော့် ဘလောဒ့်တောင် ကျွန်တော် ၀င်မကြည့်ဖြစ်လောက်အောင်ကို ဖြစ်သွားတယ်။ လူကလည်း မအား၊ စိတ်ကလည်း မအားနဲ့ ဖြစ်နေလို့ လို့အကြောင်းပြရမှာပဲ။ စိတ်ပါတဲ့အချိန်ကလေးမှာ ရေးထား လိုက်၊ မပါရင်လည်း ဒီလိုပဲ ပစ်ထားလိုက်နဲ့ ရေးလက်စ ပို့စ်လေးတွေတော့ ရှိပါတယ်။ နောက်နေ့တွေ၊ နောက်နေ့တွေကစပြီး ကျွန်တော့်ရဲ့ ပို့စ်အသစ်လေးတွေကို ဆက်တိုက်ဆိုသလို တင်သွားပါ့မယ်။ ကျွန်တော် ပို့စ်အသစ်တွေ မတင်နိုင်သေးတဲ့ အချိန်မှာ ကျွန်တော့်ဘလောဒ့်လေးကို လာရောက် လည် ပတ်တဲ့ သူငယ်ချင်း၊ မိတ်ဆွေ အားလုံးကို နွေးထွေးစွာ ကြိုဆိုပြီး၊ လာလည်အတွက် ကျေးဇူးအများကြီး တင်ရှိပါတယ်လို့ ပြောပါရစေခင်ဗျာ။ နောက်နေ့တွေက စပြီး ဆက်တိုက်ဆိုသလို ပိုစ့်တွေကို တင်သွားပါ့ မယ် ခင်ဗျာ…

ကျေးဇူးတင်စွာဖြင့်
မိုးစက်
19.10.2007 ( 12:13 AM)

ဆက်ဖတ်ရန်...

Sep 14, 2007

မေတ္တာတရားကို ဖော်ကျူးသည်ဆိုရာဝယ်...

ကျွန်တော် မင်္ဂလာသတင်းတစ်ပုဒ်ကြားလိုက်ရတယ်။ ကျွန်တော် သူငယ်ချင်းရဲ့ အမျိုးသမီး သားဦးရတနာ မွေးဖွားတယ်ဆိုတဲ့ သတင်းပါ ။ အဲဒီသတင်းကို ကြားကြားချင်း ကျွန်တော့် သူငယ်ချင်းဆီ ဖုန်း ဆက်ဖြစ်တယ်။

ဟဲလို… နိုင်လင်းအောင် လား၊
အေး …ဟုတ်တယ်
ငါ ပါ… မိုးစက်ပါ…
အေး သူငယ်ချင်း … အဲဒီမှာ အေးဆေးပဲလား …
အေးဆေးပါပဲ …မင်း သားဦးရတနာလေး မွေးတယ်ဆိုတာ သိရလို့ ဂုဏ်ယူပါတယ
ဟ… ငါ့မွေးတာ မဟုတ်ပါဘူး၊ ငါ့မိန်းမ မွေးတာပါ…
အေးပါ…ငါ သိပါတယ်...မင်းအမျိုးသမီး မွေးလို့ ဂုဏ်ယူပါတယ်လို့ပြောတာပေါ့ဟ…

အေးကွာ…မင်း ဂုဏ်ယူပါတယ်လို့အပြောခံရဖို့အတွက် ငါ့အမျိုးသမီး ကိုယ်ဝန်စရှိပါပြီ ဆို ကတည်း က ငါ့မှာ ရင်တထိတ်ထိတ်နဲ့ ဖြစ်နေရတာကွ…

ဘာဖြစ်လို့လဲ သူငယ်ချင်းရ…

ငါ့အမျိုးသမီးက ကလေးမွေးရင် ရိုးရိုးပဲမွေးချင်တာတဲ့လေ… ဒါပေမယ့် နှလုံးအားနည်းတဲ့ အခံ က သူ့မှာရှိနေတော့ ရိုးရိုးမွေးရင် စိုးရိမ်ရတယ်လို့ OG ကပြောတယ်။ ဗိုက်ခွဲမွေးတာ အသင့် တော်ဆုံးပဲတဲ့လေ။ ငါတို့ကိုကလေးတွေအများဆုံးဘယ်နှစ်ယောက်လောက် ယူမလဲလို့ မေး တော့ အများဆုံး ၃ ယောက်ပါပဲလို့ ငါပြောမိလိုက်တယ်။ အဲဒီလိုဆိုရင်တော့ လူကြီးအသက် အန္တရာယ်အတွက် ခွဲမွေးတာ အကောင်းဆုံးပါပဲလို့ ဆိုလာတယ် သူငယ်ချင်းရေ …

ငါ့အမျိုးသမီးက ကလေးမွေးရင် ရိုးရိုးပဲမွေးချင်တာတဲ့လေ… ဒါပေမယ့် နှလုံးအားနည်းတဲ့ အခံ က သူ့မှာရှိနေတော့ ရိုးရိုးမွေးရင် စိုးရိမ်ရတယ်လို့ OG ကပြောတယ်။ ဗိုက်ခွဲမွေးတာ အသင့် တော်ဆုံးပဲတဲ့လေ။ ငါတို့ကိုကလေးတွေအများဆုံးဘယ်နှစ်ယောက်လောက် ယူမလဲလို့ မေး တော့ အများဆုံး ၃ ယောက်ပါပဲလို့ ငါပြောမိလိုက်တယ်။ အဲဒီလိုဆိုရင်တော့ လူကြီးအသက် အန္တရာယ်အတွက် ခွဲမွေးတာ အကောင်းဆုံးပါပဲလို့ ဆိုလာတယ် သူငယ်ချင်းရေ …

အင်း ပေါ့….

အမျိုးသမီးက ဒေါက်တာရှေ့မှာကျတော့ ဘာမှမပြောဘူး…အိမ်လည်းပြန်ရောက်ရော ခွဲမမွေး ချင်ဘူးနော် ကို… ကျွန်မ ကတော့ ရိုးရိုးပဲမွေးမှာပဲတဲ့ …အဲဒီနောက်ပိုင်းဘယ်လိုပဲပြောပြော ဘယ်လိုပဲ နားချချ မရဘူးကွာ။ ဘာလို့ခွဲမမွေးချင်ရတာလဲ ငွေကြေးကြောင့်တော့ မဖြစ်နိုင်ဘူး ဘာလို့လဲဆိုတော့ ငါတို့ကပြေလည်နေတာပဲလေ…ဘယ်လိုမှ စဉ်းစားမရတော့တာနဲ့ သူ့ကို မေးကြည့်တော့ ကျွန်မရဲ့ သားလေး၊ သမီးလေးကို ကျွန်မအသက်နဲ့ ရင်းပြီးပေးဆပ်ကြည့်ချင် လို့ပါ ကို ရယ် တဲ့ …သူက အဲဒီလိုပြောလာတော့ ငါလည်း ဘာပြောလို့ ပြောရမှန်းမသိတော့ တာနဲ့ ရင်တထိတ်ထိတ်နဲ့ ခွင့်ပြုလိုက်ရတယ် သူငယ်ချင်းရာ။ သူမွေးခန်းထဲဝင်သွားတုန်းက လည်း ရွတ်လိုက်ရတဲ့ ဘုရားစာ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းကိုမသိတာ…နောက်ဆုံးအားလုံး အေးဆေးဖြစ်သွားလို့ တော်သေးတယ်ကွာ… အခုတော့ လူကြီးရော..ကလေးရော ကျန်းကျန်း မာမာပါပဲ သူငယ်ချင်း…

အေးကွာ… ၀မ်းသာပါတယ် သူငယ်ချင်း… ဂုဏ်ယူပါတယ်ကွာ …

သူငယ်ချင်းနဲ့ ဖုန်းပြောပြီးတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ထားရတဲ့ အမျိုးသမီး၊ တနည်းအားဖြင့် မိခင်လောင်းတွေရဲ့ မမြင်ရသေးတဲ့ သားသမီးအတွက် အသက်နဲ့ရင်ပြီးတော့တောင် ပေးဆပ် ကြတာပါလားဆိုတဲ့ အသိကလေး ၀င်လာမိပါတယ်။ အဲဒါနဲ့ တစ်ပြိုင်နက် ကျွန်တော် စာပေ တွေကို စဖတ်ကာစ အရွယ်တုန်းက မှတ်မှတ်ရရ ရှိခဲ့တဲ့ ယနေ့ထိအောင် မမေ့နိုင်သေးတဲ့ ၀ထ္တုတိုလေး တစ်ပုဒ်ကို သွားအမှတ်ရမိပါတယ်။ ၁၉၉၆ ခုနှစ် ခံစားသူများအကြိုက် မဂ္ဂဇင်း၊ ၀ထ္တုတိုများ စာအုပ်ထဲက ၀ထ္တုတိုတစ်ပုဒ်လို့ ထင်ပါတယ်။ စာရေးသူရဲ့ အမည်နဲ့ ခေါင်းစဉ်ကို တော့ ကျွန်တော် မမှတ်မိတော့ပါဘူး။ ကျွန်တော့်သူငယ်ချင်းပြောတဲ့ စကားတွေကို ပြန်လည် ကြားယောင်ပြီး ဒီဝထ္တုတိုလေးကို မှတ်မိသလောက် ပြန်လည်ခံစားရင်း အလွတ်သဘော ရေးသားလိုက် ပါတယ် ခင်ဗျာ…

မိလူစူး ဗိုက်အရမ်းနာလာတယ်ဆိုတာ ကိုယ့်ကိုယ်သိတယ်။ ယောင်္ကျားက အမဲလိုက် သွားတာလည်း ပြန်မလာသေးဘူးလေ။ အဲဒါနဲ့ ကိုယ်ဝန်စရှိပါပြီဆိုကတည်းက ကိုယ်တိုင် ရှာ ထားတဲ့ ကျောက်ဂူဆီကိုသွားဖို့ပြင်လိုက်တယ်။ သွားဖို့ပြင်နေတုန်းမှာပဲ ခါးကလည်း တစ်ဆစ် ဆစ်ကိုက်လာသလို ဗိုက်ထဲကနေလည်း အောင့်တက်လာတယ်လေ။ အဲဒါနဲ့ပဲ ဂူဘေးနားမှာ နေတဲ့ ဖောလူမ ကိုအဖော်အဖြစ်ခေါ်လိုက်မိတယ်။ နှစ်ယောက်သား ဂူထဲကိုရောက်တဲ့ အချိန် မှာ မိလူစူး ဘယ်လိုမှ မနေနိုင်အောင်ကို ဗိုက်ကနာလာပြီလေ…

မိလူစူး ခဏလေးနော် … ငါထင်းသွားရှာလိုက်ဦးမယ် …

မရှာနဲ့ ဖောလူမ … ဂူနောက်ထဲမှာ ငါ ရှာပြီးစုထားပြီးသား …နင်ယူပြီး မီးဖိုလိုက်နော်…

အေး အေး….

ဖောလူမ က ထင်းတွေယူပြီး မီးဖိုဘို့လုပ်နေတယ်။ ဗိုက်ကနာလာတဲ့ အရှိန်ကြောင့်လူက ဘယ်လိုမှ နေလို့ မရတော့ဘူး။ နားထဲမှာတော့ ဖောလူမ ကျောက်ဆစ်ခက်တွေကို ပွတ်တိုက် ပြီး မီးမွှေးနေတဲ့ အသံတွေကို ကြားနေရတယ်…

ဒေါက်တာ ဒေါ်ရီရီ
သားဖွား၊ မီးယပ် အထူးကု

ဆေးခန်းရှေ့က ဆိုင်းဘုတ်လေးက ဂုဏ်ပုဒ်တစ်ခုကိုကိုယ်စားပြု ဖော်ပြနေတာဖြစ်သလို သားဖွား၊ မီးယပ်နှင့် ပတ်သက်လို့လည်း တကယ့်အတွေ့အကြုံတွေရှိပြီး ကျွမ်းကျင်မှု အပြည့် ရှိတဲ့ ဆရာဝန် တစ်ဦးပါ။ နာမည်ကြီးသလိုပဲ သူ့ဆေးခန်းမှာ သူ့ကို အပ်ထားတဲ့ ကိုယ်ဝန် ဆောင်မိခင်တွေကလည်း အများအပြားပါပဲ။ ဆေးခန်းရှေ့ကို ဆလွန်းကား အဖြူလေးတစ်စီး ထိုးရပ်လာတယ်။ ကားလေး ဆေးခန့်ရှေ့ကို ထိုးရပ်လိုက်တယ်ဆိုရင်ပဲ ဆေးခန်းထဲက တိုကင် ပေးနေတဲ့ သူနာပြုဆရာမ လေးကပြေးထွက်လာပြီး၊ ကားပေါ်ကနေဆင်းလာတဲ့ ကိုယ်ဝန် ဆောင် အမျိုးသမီကို ဆီးကြိုလိုက်တယ်။

မမအေး … ဒီနေ့လာပြတာ မိုးနည်းနည်းချုပ်တယ်နော် …

ဟုတ်တယ် ဆရာမရေ… ကိုမောင့် အမေအိမ်ဝင်နေလို့လေ…

သြော်…ဟုတ်လား … နေရောကောင်းတယ်နော် မမအေး… ဒီတစ်ယောက်ပြီးတာနဲ့ မမအေး တစ်ခါတည်း ၀င်လိုက်နော်…

မအေးသီတာ ခေါင်းလေးတချက်ငြိမ့်ပြလိုက်တယ်။ မအေးသီတာ အခုလိုကိုယ်ဝန်လာပြတိုင်း တိုကင် ယူနေစရာမလိုဘူးလေ။ ဒေါက်တာရီရီနဲ့ကလည်း ဟိုအရင်ကတည်းက ငယ်သူငယ် ချင်းတွေ၊ တကယ့်ညီအစ်မတွေလိုနေလာခဲ့ကြတာ၊ ဒါတွေကို သူနာပြုဆရာမလေးက သိနေ တော့ မအေးသီတာ ကားလေးဆေးခန်းရှေ့ကိုရောက်လာပြီဆိုတာနဲ့ အားလုံးက အဆင်ပြေ အောင်လုပ်ထားပြီးသားလေ… အခန်းထဲက ကိုယ်ဝန်ဆောင်အမျိုးသမီးထွက်လာတာနဲ့ မအေးသီတာ ၀င်သွားလိုက်တယ်…

အေး …ဘယ်လိုလဲ … ကိုယ်ပေးထားတဲ့ ဆေးတွေမှန်မှန်သောက်ရဲ့လား …

သောက်ပါတယ် ရီ ရယ်… ကိုမောင်ကလည်း သင်္ဘောပေါ်ပြန်မတက်သေးပဲ အေး အနားမှာ ဂရုတစိုက် ဆေးတိုက်ပေးတော့ ပုံမှန်ကို သောက်ဖြစ်ပါတယ် ရီ …..

အိုကေ အေး … ကိုယ် စမ်းသပ်ကြည့်လိုက်ဦးမယ်နော် …

အားလုံးကောင်းပါတယ် အေး … မောင်မောင် ကလည်း ကိုယ်ပေးတဲ့ ဆေးတွေကို ပုံမှန်တိုက် ပေးပေါ့ … ဟုတ်ပြီးလား …

တိုက်ပါတယ် ရီရီ …

ရပြီ အေး … ကိုယ်နောက်လူနာတွေ ဆက်ကြည့်လိုက်ဦးမယ် …

ကိုမောင်မောင် က မအေးသီတာကိုတွဲပြီး အခန်းထဲကထွက်မယ်အလုပ်မှာ ဒေါက်တာရီရီ က

မောင်မောင် ခဏလေး …ပြောစရာရှိလို့ …

ရတယ် ကိုမောင် …ရီ နဲ့ စကားပြောလိုက်လေ… အေး ကားပေါ်ကပဲ စောင့်နေမယ်နော်…

ကိုမောင် အခန်းထဲကိုပြန်ဝင်သွားချိန်မှာ မအေးသီတာ က သူနာပြုဆရာမကို လေးလေးနက် နက်တစ်ချက်ကြည့်လိုက်တယ်။ ဆရာမကလည်း မအေးသီတာရဲ့ အကြည့်ကို သိပြီးသားပဲ လေ …

မိလူးစူး ဗိုက်က အရမ်းကို နာလာပြီ။ အင်အားရှိသလောက်စုစည်းပြီး ရင်သွေးလေးကို ညှစ် ကြည့်တယ်။ မရဘူး … ဘယ်လိုမှ မရဘူး …

မိလူးစူး ဒီဘက်ကိုလှည့်လေ … မီးတောက်တွေရှိတဲ့ဘက်ကိုလှည့်လေ ...

ကိုယ်ဝန်ဆောင်တွေ မီးဖွားတော့မယ်ဆိုရင် ကျောက်ခေတ်တုန်းက မိခင်က ကိုယ်ကလေးမွေး မယ့် ကျောက်ဂူကို ကိုယ်တိုင်ကြိုပြီး ရှာထားရတယ်။ ထင်းတွေ စုဆောင်းထားရတယ်။ ကလေးမွေးဖွားတဲ့ အချိန်မှာ မီးတောက် မီးလှန်တွေကို များများမွှေးထားပေးရတယ်လေ။ ဘာလို့လဲဆိုတော့ မိခင်ဟာ မီးတောက်၊ မီးလျှံတွေကိုကြည့်ပြီး ရဲသွေးတွေ တက်ကြွစွာနဲ့ ရင်သွေးကို အားအင်အပြည့် မွေးဖွားနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပေါ့။ ဖောလူမ က မိလူးစူး ရဲ့ ကိုယ်ကို မပြီး မီတောက်တွေဘက်ကို လှည့်ပေးလိုက်တယ်။ မီးတောက်တွေကြည့်ပြီး မိလူးစူး ရှိသမျှ အားအင်းတွေစုစည်းပြီး ရင်သွေးလေး အပြင်ရောက်အောင် ကြိုးစားတယ်။ မီးတွေကလည်း တစ်ဟုန်းဟုန်း တောက်လောင်နေတယ်။ အသက်ရှုသံ တွေကလည် ခပ်ပြင်း ပြင်း၊ လေကိုအားပါတရ ရှိုက်သွင်းလိုက်ပြီး အားအင်အကုန်လုံး ထပ်ပြီး ရင်သွေးဆီကို ပို့လိုက် တယ်… မရဘူး …ဘယ်လိုမှ မရဘူး ….

မိလူးစူး …နင်ဟာက ဘယ်လိုမှ မရဘူးထင်တယ်နော်… အခုထိကို ကလေးက ထွက်မလာ သေးဘူး… ငါ လူးစူးကို သွားခေါ်လိုက်မယ်နော် …

မခေါ်နဲ့ … မခေါ်ပါနဲ့ ဖောလူမ ရယ်… ငါ ရအောင် ကြိုးစားကြည့်ပါ့မယ်… လူးစူးကို မခေါ်ပါနဲ့ နော်…

မျက်လုံးထဲမှာ ရင်သွေးလေးရဲ့ ပုံရိပ်လေးကို ဖော်ကြည့်လိုက်တယ်။ အသက်ကို ပုံမှန်လေး ပြန်ရှုရင်း မီးတောက်တွေကို ကြည့်နေလိုက်တယ် … ကိုက်ခဲနာကျင်နေတဲ့ ခါးအရိုးဆစ်တွေ ရဲ့ ဒဏ်ကိုအံကြိတ်ခံရင်း ပင့်သက်အရှိုက်မှာ အသက်ကိုအောင့်လို့ ရင်သွေးလေးဆီ အားအင် တွေထပ်ပို့လိုက်တယ်… နာကျင်မှုတွေသာ အထပ်ထပ်တိုးလာတယ်။ ရင်သွေးက အပြင်ကို ရောက်မလာဘူး…..

မဖြစ်ဘူး … မဖြစ်ဘူး မိလူးစူး…နင့်ယောင်္ကျား လူးစူးကိုသွားခေါ်မှ ဖြစ်မယ်… နင် နေခဲ့တော့… ငါ လူးစူးကို သွားခေါ်မယ် …

ပြောပြောဆိုဆိုနဲ့ ဖောလူမ ထွက်သွားတယ်။ ဒုက္ခပဲ ငါ…ဘာလုပ်ရမလဲ … ဖောလူမ က လူးစူး ကိုသွားခေါ်နေပြီ။ ငါ့ရင်သွေးလေး … ဟာ…မဖြစ်ဘူး….မဖြစ်ဘူး….
ကုန်ခမ်းသွားတဲ့ အားအင်တွေကို နောက်တစ်ခါ ထပ်ပြီး စုစည်းလိုက်တယ်…

မောင်မောင် … ငါ အေး ရဲ့ နှလုံးခုန်သံကို မကြိုက်ဘူး။ အရမ်းအားနည်းနေတယ်။ ငါပေးတဲ့ ဆေးက နှလုံးကို အများဆုံးပံ့ပိုးပေးနေတယ်ဆိုတာတော့ မှန်တယ်။ ဒါပေမယ့် ကလေးမွေးဖွား လောက်အောင် ထိတော့ ဖြစ်ပါ့မလား မသိဘူး။ သူက နှလုံးသွေးကြောကပါ ကျဉ်းနေသလို ဖြစ်နေတာ ဆိုတော့ ငါ အရမ်းစိုးရိမ်တယ်။ သူရဲ့ အသက်ကို ၁၀၀% ကာကွယ်စေချင်တယ် ဆိုရင်တော့ ခွဲပြီးမွေးတာ အသင့်တော်ဆုံးနဲ့ အကောင်းဆုံးပဲလို့ ငါပြောချင်တယ်။ ခုချိန်ခါမှာ ဆေးဝါးတွေကလည်း ခေတ်မှီနေပါပြီ။ ခွဲမွေးရင်တော့ ဘာမှသိပ်ပြီး စိုးရိမ်စရာမရှိပါဘူး။ အဲဒါ ကို နင်က သူနားဝင်အောင် ပြောပြပေါ့ဟာ…

ကိုမောင်မောင် သက်ပြင်းအရှည်ကြီး ချမိတယ်။ ဒေါက်တာရီရီကိုခေါင်းလေးတစ်ချက်ငြိမ့်ပြပြီး အခန်းထဲကနေထွက်လာခဲ့တယ်။ ကားရှိတဲ့ နေရာကိုလျှောက်လာတဲ့ ခြေလှမ်းတွေလေးလံ နေသလိုပါပဲ။ သူနာပြုဆရာမနဲ့ မအေးသီတာတို့ ကားနားမှာ စကားပြောနေကြတယ်။ ကိုမောင်မောင် လည်း ကားအနားရောက်ရော ဆရာမကိုနှုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့ကြ တယ်။ လမ်းတစ်လျှောက်လုံး နှစ်ဦးသား ဘာစကားမှ မပြောဖြစ်ကြဘူး။ အိမ်ကိုရောက် ရောက် ချင်း မအေးသီတာက စပြီး…

ကိုမောင် … ရီ က ကိုမောင်ကိုဘာပြောတာလဲဟင်…

သြော်…ဘာမှမဟုတ်ပါဘူး အေးရယ်… သင်္ဘောက အဆင်ပြေလား၊ အေး ကမွေးဖွားခါနီးပြီဆို တော့ အရင်ကထက် ပိုပြီး ဂရုစိုက်ဖို့ ပြောတာပါ အေးရယ်…

ဟုတ်ရဲ့လား ကိုမောင် ရယ်… ကိုမောင် မပြောရင်လည်း နေပါ… အေး သိပါတယ်…

ဘာကို သိတာလဲ အေးရဲ့ …

ရီ က အေးရဲ့ နှလုံးခုန်သံနဲ့ နှလုံးသွေးကြောကျဉ်းနေမှုတွေကို မကြိုက်လို့ မွေးဖွားမယ်ဆိုရင် ခွဲမွေးမှ စိတ်ချရမယ်လို့ ပြောတာမို့လာဟင် ကိုမောင် …

အေး ဘယ်လိုလုပ်သိတာလဲ ဟင်…

ကိုမောင်တို့ ဘာပြောတယ်ဆိုတာ သိရအောင်လို့ သူနာပြုဆရာမလေးကို နားထောင်ခိုင်း လိုက်တာလေ …

ကိုမောင်မောင် ဘာပြောလို့ ပြောရမှန်းမသိဖြစ်သွားတယ် … မအေးသီတာရဲ့ လက်တစ်ဘက် ကို နွေးထွေးစွာ ဆုပ်ကိုင်ထားလိုက်မိတယ် …

ကိုမောင်ရယ်… အေးကိုခွင့်ပြုပါနော်…အေး ခွဲပြီးမမွေးချင်ဘူး…နော် ကိုမောင်… အခုခေတ်မှာ ဆေးဝါးတွေ တိုးတက်လာတယ်ဆိုတာလည်း ကိုမောင်အသိဆုံးပါ … ကလေးတစ်ယောက် မွေးဖွားဖို့အတွက် မိခင်က ဘာမှ အားစိုက်ထုတ်စရာမလိုပဲ ဆရာဝန်တွေညွှန်ကြားတဲ့ အတိုင်း မေ့ဆေးလေးရှုလိုက်၊ ပြီးတာနဲ့ မေ့မြောသွားတယ်…ကိုယ် ရင်သွေးလေးကိုဘယ်လို ကိုယ့်ဝမ်း ထဲကနေ မွေးဖွားထုတ်ယူလိုက်တယ်ဆိုတာလဲ ကိုယ်မသိလိုက်ရဘူး၊ မေ့ဆေးတွေ ပြယ် ပျောက်သွားလို့ သတိရလာတဲ့ အခါကျမှ ကိုယ့်ရဲ့ သားလေး၊ သမီးလေးကိုမြင်တွေ့ခွင့်ရတဲ့ မိခင်မျိုးထဲမှာ အေး မပါချင်လို့ပါ ကိုမောင်ရယ် … အေး ကလေ … အေး မွေးဖွားလာတဲ့ သား လေးပဲဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ် သူတို့အရွယ်ရောက်လာတဲ့ အခါမှာလေ … သူတို့ရဲ့ လက် ဖ၀ါးလေးတွေကို ကိုင်ပြီး သမီးလေးဆိုရင် … သမီးရယ်… မေမေ ကလေ သမီးကို ဘယ်လို ကိုယ်ဝန်ဆောင်လာရတာ… အစားအသောက်တွေဆိုရင်လည်း ဘယ်လို ရှောင်လာရတာ၊ နောက်ဆုံး သမီးလေးကို မွေးဖွားရတော့မယ်ဆိုတော့လဲလေ မေမေ့ရဲ့ နှလုံးရောဂါကိုတောင် မေ့ထားပြီး အသက်နဲ့ရင်းပြီး သမီးလေးကို မွေးဖွားခဲ့ရတာ သမီးရဲ့ ဆိုပြီး ပြောပြချင်လို့ပါနော်.. နော်.. ကိုမောင်… တကယ်လို့လေ… မီးဖွားပြီးတဲ့ အချိန်မှာ အေး တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင် မွေးဖွားလာတဲ့ သားလေး၊ သမီလေးကို အေး မပြောလိုက်ရတဲ့ စကားတွေကို ကိုမောင်ကတစ် ဆင့် ပြောပေးပါနော်.. အေး ရဲ့ ဆန္ဒကိုခွင့်ပြုပါနော် … နော် ကိုမောင်…

ကျောက်ဂူတွေကို ရိုက်ခတ်ပြီး ပြန်ထွက်လာတဲ့ ဟိုးအဝေးကနေ အပြေးနှင်လာတဲ့ မြင်းခွာသံ သဲ့သဲ့ကို ကြားနေရတယ်… မိလူးစူး ခေါင်းနပန်းကြီးသွားတယ်… မဖြစ်ရဘူး … အဲဒီလိုမျိုး ငါ့ ရင်သွေးလေး မဖြစ်စေရဘူးဆိုတဲ့ အသိက ရင်ထဲမှာ ကြီးစိုးနေတယ်။ ကျောက်ခေတ်ရဲ့ ဓလေ့ ထုံးစံအရ နောက်ဆုံး ဘယ်လိုမှ မိခင်ဖြစ်သူက သားသမီးကို မမွေးဖွားနိုင်တော့ဘူးဆိုရင် အမျိုးသမီးရဲ့ ယောင်္ကျားကိုယ်တိုင် မိခင်ရဲ့ ဗိုက်ပေါ်ကို တက်နင်းစေပြီး မီးဖွားတဲ့ စနစ်ကို ကျင့်သုံးရတယ်လေ။ အဲဒီလို ပုံစံမျိုးနဲ့ မွေးဖွားလာတဲ့ ရင်သွေးတိုင်းက အများအားဖြင့် ၀မ်းတွင်း မှာကတည်းက အသက်ဆုံးရှုံးပြီး အပြင်ကိုရောက်လာတတ်ပါတယ်။ မိလူးစူး ရင်ဆိုင်နေရတဲ့ အခက်အခဲကလည်း အဲဒီလိုမျိုးဖြစ်နေတော့ မိလူးစူ အနေနဲ့ ရင်သွေးလေး အတွက် စိတ်ပူရတော့တာပေါ့ ….. မြင်းခွာသံတွေ တစ်ဖြည်းဖြည်း ကျောက်ဂူနဲ့ နီးလာတယ်။ ရင်သွေးလေးကို မျက်လုံးထဲမှာ မြင်လိုက် … နားထဲကနေ မြင်းခွာသံတွေက စိမ့်ဝင်လာလိုက် … ရှေ့မှာ တ၀ုန်းဝုန်းတောက်လောင်နေတဲ့ မီးတောက် မီးလျှံတွေကို ကြည့်လိုက်နဲ့ အသက် တစ်ချက်ရှိုက်သွင်လိုက်တယ်။ တစ်ဖြည်းဖြည်းနီးလာတဲ့ မြင်းခွာသံတွေ ကျောက်ဂူရှေ့ကို အရောက်မှာပဲ … တစ်ကိုယ်လုံး ရှိရှိသမျှ အားအင်တွေကို စုစည်းပြီး ရင်သွေးလေးကို မြင် ယောင်ရင်း အင်အားအကုန်စိုက်ထုတ်လိုက်တယ်… နောက်ဆုံးပင့်သက် အားအင်တွေရဲ့ ရလဒ်ကတော့ ရင်သွေးလေးကို အောင်မြင်စွာ မွေးထုတ်နိုင်ခြင်းပေါ့ …

ကျွန်တော် မှတ်မိသလောက် ဇာတ်လမ်းကြောရိုးကိုယူပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ မိခင် တိုင်းဟာ သား၊ သမီးတွေအပေါ်မှာ ထားတဲ့မေတ္တာတရားကတော့ ရိုးရိုးပဲမွေးမွေး၊ ခွဲပြီးတော့ ပဲ မွေးမွေး ဘယ်လိုပဲမွေးမွေးပါ ဘာနဲ့မှ နှိုင်းယှဉ်လို့ရမယ် မထင်ပါဘူး။ ဒါပေမယ့် ပေးဆပ်မှု ခြင်းတော့ မတူကြဘူးလို့ ထင်ပါတယ်။ ကျွန်တော် ဒီဝထ္တုတိုလေးကို ရေးပြီး ဘယ်လိုခေါင်းစဉ် ပေးရမလဲမသိဘူး ဖြစ်နေတယ်။ စဉ်းစားကြည့်တယ်။ နောက်ဆုံး အခုပေးထားတဲ့ ခေါင်းစဉ် အမည်လေးကို စိတ်ထဲမှာ ပေါ်ပေါ်ခြင်းပေးလိုက်ပါတယ်။

မိုးစက်

13 . 9 . 2007 ( AM 10:56 )

Type the rest of your post here.


ဆက်ဖတ်ရန်...